Karma ကြမ္မာ

ကျွန်တော် ၁၉၈၈-၈၉ ခုနှစ်တုံးက အစိုးရခန့်ဆရာဝန်လုပ်နေရင်း NLD ထဲဝင်ဘို့ခြေတလှမ်းပြင်တယ်။ အလုပ်ကတဖက်မို့ ကြားထဲမှာ နိုင်ငံရေးနဲ့ခပ်ရှောင်ရှောင်သာ နေရသေးတယ်။ ဆရာမောင်သော်က ပုလဲလာတော့ ကျွန်တော်က မသွားပဲ နေခဲ့ရတယ်။ နိုင်ငံရေးလုပ်ချင်တဲ့ဆရာဝန်တွေ ထွက်လိုကထွက်နိုင်တယ်လည်းကြေညာရော ရန်ကုန်ဆင်းပြီး ထွက်စာတင်တာ တပတ်သာကြာတယ်။ အဲဒီကတည်းက ဒုံးဒုံးချလုပ်နေတာ အခုထိပါပဲ။

ဥပဒေလွတ်၊ ဝိနည်းရှောင်ဆိုတာ နေရာတကာမှာရှိတယ်။ အိန္ဒိယမှာနေရင်း နည်းလမ်းအမျိုးမျိုးနဲ့ စခန်းသွားခဲ့ရတယ်။ အိမ်ရှင်အစိုးရပေါ်လစီက အိမ်နီးချင်းနိုင်ငံအစိုးရ ဆန့်ကျင်ရေးကို လုပ်ခွင့်မပြုပါ။ ဒါပေမယ့် ကျွန်တော်တို့တတွေ ဆန့်ကျင်လိုက်ကြတာ ဘာပြောကောင်းမလဲ။ အိန္ဒိယမီဒီယာမှာ ခဏခဏပါတယ်။ နောက်ပိုင်းမှာ တီဗွီတွေကနေ လိုက်ဖ် ဆွေးနွေးရတယ်။ နောက်ဆုံး တနှစ် နှစ်နှစ်လောက်တော့ အထက်လွှတ်တော်တီဗွီကနေပါ ဖိတ်ခေါ်တယ်။ တိုင်းတပါး ခရီးသွားလို့တဲ့ရတဲ့နည်းနာတွေ အကုန်လိုက်ရှာသုံးတယ်။ (၂၄) နှစ်အတွင်း နိုင်ငံပေါင်း (၃ဝ) ကျော်ခရီးထွက်ခဲ့တယ်။

ဥပဒေစည်းမျဉ်းကို အလေးထားတဲ့ဆီမှာတော့ ခက်တယ်။ အခုနေရာမှာ ခုထိဘယ်တိုင်းပြည်ကိုမှ မထွက်ရသေးပါ။ နက်ဖြန်သဘက်ဆို နှစ်နှစ်ရှိတော့မယ်။

မြန်မာပြည်မှာတော့ ဥပဒေဆိုတာက အရင်အစိုးရအထိတော့ မီးဆင်သာကြည့်ကပေတော့။ စစ်အစိုးရလက်ထက်မှာ ကားစင်ကြည့်ကြရတယ်။ ဒီကရှေ့တော့ ဇာတာခွင်ပဲကြည့်စရာရှိတော့တယ်။

တရားတဲ့ဥပဒေကို လက်တလုံးခြားလို့ရနိုင်ပေမယ့်၊ ကံတရားကိုတော့ ဆံခြည်တမျှင်ခြားလို့မရပါတကား။

ဒေါက်တာတင့်ဆွေ
၉-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး