Mitral valve prolapse နှလုံးအဆို့ရှင် ကျွံခြင်း

Mitral Valve Prolapse အကြောင်းလေး သိချင်ပါတယ်ဆရာ။ ကျမက အသက်က ၃ဝ ပါ။ အသက် ၁၂ နှစ်မှာ လေးဘက်နာ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ASOT ၃၅ဝ ရှိခဲ့ပါတယ်။ ပင်နင်စလင်ကို ၃ နှစ်သောက်ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ASOT စစ်တာ မရှိတော့ပါဘူး။ ငယ်ငယ်တည်းက ရင်တုန်ပြီးအရမ်းမောတတ်ပါတယ်။ မြန်မာပြည်မှာ စမ်းသပ်တာ မထွက်လာပါ။ ဒီမှာက Echocardiogram နဲ့စမ်းလို့ပေါ်တယ်ထင်ပါတယ်။ ခုတော့ Cardiolol (Propranolol) 20mg ကို 1/2 နေမကောင်းဘူးလို့ ခံစားတဲ့အချိန်တွေမှာမှ သောက်ပါတယ်။

နှလုံးရဲ့ဘယ်ဘက်အထက်ခန်းနဲ့အောက်ခန်းကြားက အဆို့ရှင်ဟာ အံကျပန်ကျဖြစ်မနေတာကိုခေါ်တယ်။ အဆို့းရှင်က အထက်ဆီကို စူတက်နေမယ်။ ဒါမှမဟုတ်ခွက်ဝင်နေမယ်။ အောက်ခန်းက သွေးတွေကိုညှစ်ထုတ်တဲ့အခါ သွေးတွေက မလုံတဲ့အဆို့ရှင်ကနေ အထက်ဘယ်ဘက်ခန်းထဲ ပြန်တက်မယ်။ ဒါဟာ မဖြစ်သင့်ဘူး။

ဆေးပညာမှာ Barlow's syndrome, Floppy valve syndrome, Ballooning mitral valve syndrome နာမည်တွေနဲ့လဲ ခေါ်သေးပါတယ်။ ကျား-မ မရွေး၊ အရွယ်မရွေးဖြစ်ပေမဲ့ ယောက်ျား အသက် ၅ဝ ကျော်တွေမှာပိုများတယ်။ မိသားစု လိုက်တတ်တယ်။ Marfan syndrome, Ehlers-Danlos syndrome, Adult polycystic kidney disease, Ebstein's anomaly နဲ့ Scoliosis ရောဂါအခြေအနေတွေနဲ့ တွဲနေတာလဲရှိသေးတယ်။

ဒီရောဂါရှိနေပမဲ့ လူအတော်များများမှာ အသက်အန္တရာယ်မစိုးရိမ်ရပါ။ တချို့မှာတော့ ဆေးကုရပါမယ်။ ခံစားရမှာတွေ့ သာမန်လေးကနေ ဆိုးဝါးတာအထိဖြစ်နိုင်တယ်။
• Irregular heartbeat (Arrhythmia) နှလုံးခုန်မမှန်ခြင်း၊
• Dizziness or lightheadedness ခေါင်းမူးဝေခြင်း၊ ခေါင်းထဲပေါ့နေခြင်း၊
• Difficulty breathing or shortness of breath အသက်ရှူမဝခြင်း၊ (ပက်လက်အိပ်ရင်၊ ကိုယ်လက်လှုတ်ရှားမှုများရင်)
• Fatigue အားမရှိခြင်း၊
• Chest pain ရင်ပတ်နာခြင်း။

ကိုယ့်မှာ ဒီရောဂါရှိနေတာသိထားသူဟာ ခံစားရတာတွေဆိုးလာရင် ဆရာဝန်ပြရမယ်။ Complications ဒီရောဂါရှိနေရင် ဒါတွေဆက်ဖြစ်လာမှာကို သတိထားရမယ်။
- Mitral valve regurgitation သွေးတွေအထက်ပြန်အောက်ဆင်းဖြစ်ခြင်း၊ လူကဝနေရင်၊ သွေးတိုးရှိနေရင်ပိုဆိုးမယ်။ ဆိုးသူတွေကခွဲဘို့လိုမယ်။
- Heart rhythm problems (Arrhythmias) နှလုံးခုန်မမှန်ခြင်း၊ အထက်ခန်းက မမှန်တာဖြစ်တယ်။ အသက်အန္တရာယ်ကို သိပ်မစိုးရိမ်ရပါ။
- Heart valve infection (Endocarditis) နှလုံးကြွက်သားရောင်ခြင်း၊ ဗက်တီးရီးယားဝင်ရင် ပိုဆိုးစေမယ်။ ဒါကြောင့် သွားနုတ်ရတဲ့အခါ၊ ခွဲစိတ်ရတဲ့အခါမှာ ပိုးသေဆေးပေးလေ့ရှိတယ်။ အမြဲတမ်းပေးဘို့မလိုအပ်ပါ။

နားကြပ်နဲ့နားထောင်တာနဲ့သိနိုင်တယ်။ Clicking sounds မလုံတဲ့အသံ၊ Heart murmur သွေးပြန်တက်တဲ့အသံတွေ ကြားရမယ်။ တခြားစမ်းသပ်နည်းတွေကတော့ Echocardiogram, Chest X-ray, Electrocardiogram (ECG), Stress test နဲ့ Cardiac catheterization တွေဖြစ်တယ်။ ရောဂါလက္ခဏာမခံစားရသူတွေကို ဆရာဝန်က ၃-၅ နှစ်တခါ ခေါ်ပြီး စစ်ဆေးမယ်။

Treatments and drugs ဘယ်လိုကုသမလဲ။ ရောဂါလက္ခဏာမခံစားရသူတွေက ဆေးမလိုအပ်ပါ။ Medications လိုတဲ့သူတွေကို ဆေးပေးမယ်။
- Beta blockers (ဘီတာဘလော့ကာ)၊ (မေးတဲ့သူသောက်နေတဲ့ဆေးဖြစ်တယ်)၊
- Aspirin (အက်စ်ပရင်) နဲ့
- Prescription anticoagulants (Blood thinners) = Warfarin (Coumadin) သွေးကျဲဆေးတွေပေးတယ်။

Surgery ခွဲစိတ်ခြင်း
လူတိုင်းမလိုပါ။ ခွဲရရင် ၂ နည်းရွေးနိုင်တယ်။ Repair ပြုပြင်နည်းနဲ့ Replacement အစားထိုးနည်းတွေ ရှိတယ်။ နှစ်ခုလုံးကို Open heart surgery ဖွင့်ခွဲနည်းလုပ်ရမယ်။ နလန်ထချိန်ယူမယ်။ Mitral valve repair ပြုပြင်နည်း လုပ်နိုင်ရင် ပိုကောင်းတယ်။

Mitral valve ဆိုတာ တရိဂံပုံ အဖတ်လေး နှစ်ခုပါတယ်။ ဒါလေးတွေက နှလုံးကြွက်သားရဲ့ Annulus ကွင်းလိုနေရာမှာ ဆက်နေတယ်။ နဂိုရှိနေတဲ့ အဆို့ရှင်ကို ပြုပြင်ပေးတာကို Valvuloplasty ခေါ်တယ်။ ဒါမှသွေးတွေက အထက် မဆန်နိုင်တော့ဘူး။ ဒါမှမဟုတ် အဖတ်လေးတွေကို အပိုဖြစ်နေတာတွေကိုရှင်းထုတ်ပြီး ပြန်ဆက်ပေးရတယ်။ ဒါမှ ပိတ်တဲ့အခါ တိတိကျကျပိတ်စေမယ်။ တချို့ကို Annulus အရင်းနေရာကကွင်းကို ပြင်ပေးရတယ်။ တင်းအောင်လုပ်တာ ဖြစ်ဖြစ်၊ အသစ်လုပ်တာဖြစ်ဖြစ်လုပ်မယ်။ Annuloplasty ခေါ်တယ်။

Valve replacement အဆို့ရှင်အသစ်လဲခြင်း၊ ပြင်မရရင်လုပ်ရတယ်။ Artificial (Prosthetic) valve အတုတခု ထည့်ပေးရတာ ဖြစ်တယ်။ အမျိုးအစား ၂ ခုရှိတယ်။ Mechanical စက်ပစ္စည်းနဲ့ Tissue (တစ်ရှူး) ဖြစ်တယ်။
Mechanical valve ဆိုရင် သွေးကျဲဆေး Warfarin (Coumadin) ပါတွဲပေးမယ်။

Tissue valves ဆိုတာ ဝက်နှလုံးက အဆို့ရှင်ကိုယူသုံးတာဖြစ်တယ်။ Bioprostheses လို့ခေါ်တယ်။ နောင်မှာလိုလာရင် အသစ်လဲရတတ်တယ်။ ကောင်းတာက သွေးကျဲဆေးမလိုဘူး။

Antibiotics ပဋိဇီဝဆေး တခါတလေပေးမယ်။

ကိုယ်ဝန်ဆောင်ရင် သတိထားရတယ်။ ပဋိဇီဝဆေးပေးမယ်။ မွေးတာ မြန်အောင် လုပ်ပေးမယ်။ နာတာ သက်သာအောင် လုပ်ပေးမယ်။ စိတ်ဖိအားနည်းစေရတယ်။ Lifestyle လူနေမှုပုံစံပြင်သင့်တယ်။ ဒါပေမဲ့ လက္ခဏာမခံစားရသူတွေအတွက် ရှောင်စရာရယ်လို့ သိပ်မထူးလှပါ။

ရောဂါသည်တွေကိုကူညီဘို့ဖွဲ့ထားတဲ့ Society for Mitral Valve Prolapse Syndrome/Dysautonomia ကနေ အကြံပေးထားတွေ ရှိတယ်။

Education ပညာပေးခြင်း၊ ရောဂါအကြောင်းသိအောင် အုပ်စုလိုက်ပညာပေးတာ၊ ဆီမီနာလုပ်တာ၊ အာအုပ်-စာစောင်တွေထုတ်တာ၊ DVD ထုတ်တာတွေလုပ်တယ်။
Diet အစားအသောက်၊ (ကေဖင်း) နဲ့ သကြားလျှော့စာခိုင်းတယ်။ အရက်လျှော့သောက်ခိုင်းတယ်။
Exercise ကိုယ်လက်လှုတ်ရှားမှု၊ Aerobic exercise (အေရိုးဘစ်) လုပ်ခိုင်းတယ်။ တခါလုပ် မိနစ် ၃ဝ၊ တပတ် ၅ ရက်။
Medication ဆေးဝါး၊ Beta-blockers (ဘီတာဘလော့ကာ)၊ Calcium channel blockers (ကယ်လ်စီယမ်-ဘလော့ကာ)၊ Anti-anxiety agents စိတ်ငြိမ်ဆေး၊ Antidepressants စိတ်မကျဆေး၊ Anti-diarrheal ဝမ်းပိတ်ဆေး နဲ့ Acid controllers အက်စစ်ဖြေဆေးတွေ သုံးစေတယ်။ Epinephrine နဲ့ Pseudoehedrine ဆေးတွေအရှောင်ခိုင်းတယ်။
Positive mental attitude (PMA) စိတ်ပိုင်းကုသခြင်းလိုသူတွေလုပ်ပေးတယ်။
အားပေးစကားများ၊ ဒီရောဂါရှိနေသူတွေဟာ တခြားလူတွေထက်ပိုပြီး Heart attack နှလုံးထိခိုက်တာ ဖြစ်မလာပါ။ သာမန် ခံစားနေရသူတွေအဖို့ နှလုံးအထူးကုဆီအထိ သွားစရာမလိုပါ။ Anxiety စိုးရိမ်နေတာနဲ့ chest pain ရင်ပတ်နာရုံနဲ့ ခွဲစရာ မလိုတတ်ပါ။ Novacaine ထုံဆေးထိုးရင် ခံစားရတာဆိုးတတ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး