သူလျှို ဓါးပြ အညမည
ဆရာခင်ဗျား။ သူလျှို ကို တချို့ သရှိုလို့အသံထွက်ကြတယ်။ တချို့ကတော့ စာလုံးပေါင်းအတိုင်း သူလျှို လို့ အသံထွက်ကြပါတယ်။ ဓါးပြကိုလည်း တချို့က ဒမြ လို့အသံထွက်ကြတယ်။ တချို့က စာလုံးပေါးအတိုင်း ဓါးပြ လို့ အသံထွက်ကြပါတယ်။ ဘယ်ဟာကအမှန်လဲ ခင်ဗျာ။
အသံထွက်ကတော့ တယောက်နဲ့တယောက် တရပ်နဲ့တရပ် မတူတတ်ပါ။ ထွက်ချင်သလိုထွက်လို့ရတယ်တော့ မဟုတ်ပါ။ တချို့စာလုံးတွေမှာ အသံထွက်စည်းကမ်းရှိတယ်။ ပါဠိစာလုံးတွေမှာ အတိအကျထွက်ရတယ်။ ပါဠိစာလုံးတွေမှာလည်း မြန်မာပြည်က အသံထွက်နည်းနဲ့ နိုင်ငံတကာ ပါဠိသံ မတူပြန်ပါ။ ဗုဒ္ဓံ ဿရဏံ ဂစ္ဆာမိ (ဗုဒ္ဓံ စရဏံ ဂစ်ချာမိ)။ အညမည (အင်ညမင်ည)။ မြို့ရွာအမည်တွေကိုလည်း မှန်အောင်ထွက်ရတယ်။ ဒီပဲယင်း (ဒဘယင်း)။
ရိုးရိုးမြန်မာစာလုံးတွေကို တချို့က စာဆန်အောင်ကြိုးစားပြီး အသံထွက်ကြတယ်။ တချို့က ကြားဖူးနားဝသံ ထွက်ကြတယ်။ ချုပ်ပြောရရင် ကျွန်တော်တို့မြန်မာစာဟာ တစတစနဲ့ အာနည်းပျက်ယွင်းလာတယ်။ စာနဲ့ပညာကို အားမပေးတဲ့နိုင်ငံရေးစနစ်ကတည်းက အဲလိုပျက်လာတာ။
အမှန်အကန် တည့်တည့်မတ်မတ် ပြောနိုင်ဆိုနိုင်တဲ့ တချို့ပညာရှင်တွေကလည်း ပြောလည်းမထူးလောက်လို့ယူဆပြီး နှုတ်ဆိတ်နေကြတယ်။ မနေနိုင်လို့ပြောရင် အမှန်မထင်ကြသူတွေက အဆမတန် များနေပြီ။
နောက်မှားတာတချက်က တာဝန်ရှိသူတွေကိုယ်တိုင်က သူတို့ထုတ်ပြန်တဲ့အမိန့်ကလွဲရင် ရေးခွင့်မရှိ၊ မှားတယ်လို့ လုပ်ထားတယ်။ မြန်မာစာကို ယူနီဖေါင်းဝတ်ပေးလိုက်ကြပြီ။ အဲတာ ကနေ့နိုင်ငံတော်မူ မြန်မာစာ။
ကိုယ့်ပိုက်နက်တော့ ကိုယ်ပိုင်ကြတယ်။ စာအုပ်ထုတ်ဝေခွင့်မပြုတဲ့ ဆင်ဆာအဖွဲ့ခေတ်က အဆိုးဆုံး။ အခုလည်း သူတို့မူမဟုတ်ရင် အမှတ်မပေး၊ ရုံးစာလက်မခံ။ ငွေထုတ်မပေး။ ဥပဒေသစ်မရေးရ။ စသတ်စရာမလိုတဲ့စာလုံးတွေကို စသတ်စေပြီး စသတ်သံ မထွက်စေရတဲ့။ မူကွဲသဘော ပျောက်ကုန်တယ်။ ပညာကို ပညာလို ဆွေးနွေးငြင်းခုန်မှု လက်မခံချင်ကြတော့။
ကျွန်တ်ာလည်း လာသမျှမေးခွန်းတွေကို ပြင်တယ်။ စာအုပ်ပြန်ထုတ်နဲ့ ဒေါင်းလုဒ်သမားတွေက ဘယ်ဆရာတော်၊ ဘယ်စာဆိုတွေရဲ့စာဖြစ်ဖြစ် သူတို့ထင်တဲ့သတ်ပုံနဲ့ ပြင်ထုတ်ကြတယ်။ အဲတာ ကနေ့နိုင်ငံတော်ကြီးရဲ့မူ မြန်မာစာ။
ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၂၀

Comments
Post a Comment