Typhoid fever တိုက်ဖွိုက်ရောဂါ

ဆရာရှင့် ကျွန်မအသက် ၃၃ နှစ်ပါရှင့် အူအတက်ယောင်တာကနေ တိုက်ဖွိုက်ပိုးတွေ့တယ်ပြောပါတယ်ရှင့် တလပြည့်မှာ အစားမှားပြီး အူပြန်ယောင်လို့ ပိုးသတ်ဆေးပြန်ချိတ်ရပါတယ်ရှင့် ထပ်ပြီးတလအကြာမှာ ဆိုင်ကယ်စီးရင်း ပြန်နာလာလို့ ပိုးသတ်ဆေးပြန်သွင်းရပါတယ်ရှင့် အခုဖြစ်တာသုံးလရှိပါပြီရှင့် ပိုးသတ်ဆေးသွင်းတာအားလုံးပေါင်း ၁၁ ပုလင်းရှိပါပြီရှင့် ဆရာဝန်ကမရောင်တော့ဘူးပြောပါတယ်ရှင့် ဒါပေမဲ့ လှုပ်ရှားမှုလုပ်တာနဲ့ ဆိုင်ကယ်စီးတိုင်း ဗိုက်ညာဘက်အခြမ်းက အောင့်ပါတယ်ရှင့်။

တိုက်ဖွိုက်ရောဂါကို အူရောင်ငန်းဖျားရောဂါလို့လည်းခေါ်တယ်။ Enteric fever အင်းတရစ်ဖီးဘာလို့လည်းခေါ်တယ်။ Salmonella enterica serovar Typhi ဗက်တီးရီးယားကြောင့်ဖြစ်တယ်။ အရေးကြီးတဲ့ကူးစက်ရောဂါတခု ဖြစ်တယ်။ ပိုးပါနေတဲ့အစားအစာနဲ့ ရေကတဆင့်ကူးစက်မယ်။ စအိုကထွက်ပြီး ပါးစပ်ကနေဝင်တယ်။ ပါးစပ်ကနေဝင်တာတွေကို ဆင်ခြင်နိုင်ရင် ရောဂါမကူးပါ။ ရေ + အစားအသောက်။ ရေကိုသန့်တာသောက်ပါ။ ရေသန့်ပုလင်း + ရေနွေးသောက်ပါ။ အစားအသောက် ပူနေတာကိုချက်ချင်းစားပါ။ ယင်၊ ပိုးဟပ်သတိထားပါ။ လက်ဆေးပါ။ ခဏခဏဆေးပါ။

Mary Mallon မေရီမယ်လုံဆိုသူအမျိုးသမီးဟာ တိုက်ဖွိုက်ပိုးအား သယ်ဆောင်ထားလျက်၊ အစားအားရောင်းချသဖြင့် (၄၇) ယောက်ကို ကူးစက်စေခဲ့သည်။ Typhoid Mary လို့ခေါ်ကြတော့တယ်။ စနစ်တကျ မကုသရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်တယ်။ တချို့က သူကိုယ်တိုင်ရောဂါဖြစ်နေတာကို မခံစားကြရပေမဲ့ သူများကိုကူးစက်စေတယ်။ တနှစ်မှာ တကမ္ဘာလုံး လူပေါင်း ၂၁ သန်းရောဂါဖြစ်ကြရပြီး လူ ၂ သိန်းလောက် သေဆုံးနေကြတယ်။

ရောဂါ လက္ခဏာများ
ပထမပါတ် = အဖျားတက်ခြင်း၊ ချွေးထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ အနီပြင်ထွက်ခြင်း၊ အပူချိန်နှင့်စာလျှင် နှလုံးခုန်နှေးခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွေးဖြူဥနည်းခြင်း၊ Widal test အနှုတ်ဖြစ်မည်။

ဒုတိယပါတ် = အဖျားတက်ခြင်း၊ အပူချိန်နှင့်စာလျှင် နှလုံးခုန်နှေးခြင်း၊ အနီပြင်ထွက်ခြင်း၊ အားယုတ်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်တိုခြင်း၊ အဆုပ်မှ အိပ်နေစဉ် ဟောက်သံကဲ့သို့သော အသံကြားရခြင်း၊ ကြီးသည့် လေပြွန်များ ပိတ်နေသည့်အခါ လေတိုးဝင်သည့်အသံ၊ ဗိုက်တင်း၍ ညာဘက်အောက်ပိုင်းနာခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းအရောင်စိမ်း၍ ပို၍နံသည်။ ဝမ်းချုပ်တတ်သည်။ Widal test အပေါင်းဖြစ်မည်။

တတိယပါတ် = ဂယောင်ဂတမ်းဖြစ်ခြင်း၊ ရေ-ဆား ခြောက်ခန်းခြင်း၊ နောက်ဆက်တွဲလက္ခဏာများ ဖြစ်လာမည်။ အူမှ သွေးယိုခြင်း၊ အူပေါက်တတ်သည်။ သွေးထဲပိုးရောက်မည်။ အူအမြှေးရောင်မည်။ အခြားနေရာများသို့ပြန့်မည်။ ဦးနှောက်ရောင်ခြင်း၊ သည်းခြေအိပ်ရောင်ခြင်း၊ အရိုးရောင်ခြင်း၊ နှလုံးရောင်ခြင်း။

ကုသရန်
အရင်က Chloramphenicol ကိုသာသုံးခဲ့တယ်။ ဘေးထွက်ဆိုးကျိုးများလို့ မသုံးတော့ပါ။ Ciprofloxacin (Cipro) ကို ကိုယ်ဝန်မရှိသူတွေကို ပေးတယ်။ Ofloxacinဆေးလည်း ပေးနိုင်တယ်။ ဆေးယဉ်လာတာတွေ များလာတယ်။ Azithromycin (Zithromax) ဆေးသုံးနိုင်တယ်။ Ceftriaxone ထိုးဆေး သုံးနိုင်တယ်။ trimethoprim-sulfamethoxazole ဆေး၊ ampicillin နဲ့ ciprofloxacin ဆေးတွေကို ယဉ်လာတာလည်း တွေ့လာရတယ်။

ရေ + အရည် များများသောက်ပါ။ အစားအဟာကို ကျန်းမာရေးနဲ့ညီတာကိုသာစားပါ။ မများစေနဲ့။ ကယ်လိုရီများတာ စားသင့်တယ်။

Typhoid vaccine ကာကွယ်ဆေး ၂ မျိုး ရှိတယ်။ Inactivated Typhoid Vaccine (Ty21a) ထိုးဆေး နဲ့ Live attenuated vaccine (Ty21a) ပါးစပ်ကနေပေးတဲ့ ကာကွယ်ဆေးဖြစ်တယ်။ Vi capsular polysaccharide vaccine လို့လဲ ခေါ်တယ်။

Inactivated Typhoid Vaccine ထိုးဆေး
• ၂ နှစ်အောက်ကလေးတွေကို ထိုးပေးတယ်။
• တလုံးထဲ ရတယ်။
• ရောဂါ ထူပြောရာဒေသကို မသွားခင် ၂ ပါတ်ကြိုထိုးရမယ်။
• ၂ နှစ်တခါ ထပ်ထိုးသင့်တယ်။

Live Typhoid Vaccine သောက်ဆေး
• ၆ နှစ်အောက်ကလေးတွေကို ပေးတယ်။
• ၄ ခါထိုးရတယ်။ တခါနဲ့တခါ ၂ ရက်ခြာရတယ်။
• ရောဂါထူပြောရာဒေသကို မသွားခင် ၁ ပါတ်ကြိုရမယ်။
• ၅ နှစ်တခါ ထပ်ပေးသင့်တယ်။
• ဆေးတိုက်ပြီး ၂၄ နာရီအတွင်း ပဋိဇီဝဆေး မပေးသင့်ပါ။

ကာကွယ်ဆေး ၂ မျိုးလုံးကို ၁ဝဝ% မကာကွယ်နိုင်ပါ။ တခြားကာကွယ်ဆေးတွေနဲ့ တပြိုင်ထဲထိုးပေးနိုင်တယ်။ ဆေး မတည့်သူတွေကို နောက်ထပ် မထိုးရပါ။ ခုခံအားစနစ်မကောင်းသူတွေကို သောက်ဆေးမပေးသင့်ပါ။ HIV/AIDS ရှိသူတွေ၊ (စတီရွိုက်) ဆေးပေးနေသူတွေ။ ဆေးမတည့်တာဖြစ်နိုင်ပေမဲ့ ဒါဖြစ်လို့သေတဲ့အထိဖြစ်တာ မရှိသလောက်ပါ။ ထိုးဆေးကြောင့် ၁% ကိုယ်ပူနိုင်တယ်။ ၃% ခေါင်းကိုက်နိုင်တယ်။ ထိုးတဲ့နေရာရောင်တာ ၇% ဖြစ်နိုင်တယ်။ သောက်ဆေးကြောင့် ကိုယ်ပူ-ဖျားတာ ၅% ရှိနိုင်တယ်။ ဗိုက်အောင့်တာ၊ ပျို့-အန်တာ နည်းနည်းဖြစ်နိုင်တယ်။

ထိုးဆေးကို နီပေါမှာ အသက် ၅-၄၄ နှစ်ရှိသူတွေကိုထိုးပေးပြီး၊ စမ်းသပ်မှုလုပ်တော့ လပေါင်း၂ဝ အတွင်မှာ ၇၅% ကာကွယ်မှုပေးတာ တွေ့ရတယ်။ တောင်အာဖရိကမှာ စမ်းတော့ ၅-၁၆ ကလေးတွေကို ထိုးပေးတာမှာ ၂၁ လအကြာ ၆၄% ကာကွယ်မှုပေးတယ်။ ၃ နှစ်အကြာ ၅၅% ကာကွယ်မှု ပေးတယ်။ တရုပ်နိုင်ငံမှာ ၅-၁၉ နှစ်ကြား ကလေးပေါင်း ၆ သောင်းကို စမ်းသပ်တော့ ၁၉ လ အတွင်းမှာ ၆၉% ကာကွယ်မှု ပေးတယ်။ ယေဘုယျ ၃ နှစ်အထိ ခံတယ်လို့ သတ်မှတ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး