မျက်လုံးတွေ

အမေရိကန်နဲ့ ကိုယ့်နိုင်ငံ ယှဉ်ယှဉ်ပြောရတာ ထင်ရှားလို့ ပြောမိတယ်။ လူတိုင်းပါပဲ ဘယ်နေရာရောက်ရောက် ကိုယ့်အရာ ကိုယ့်အစာ ကိုယ့်ဓလေ့နဲ့ ရောက်တဲ့အရပ်ကို ယှဉ်ကြည့်တတ်ကြတယ်။ အမေရိကန် ချမ်းသာတာ၊ တိုးတက်တာတော့ ထူးပြောနေစရာ မလိုပါ။

ကျွန်တော် ကပ်ရောဂါကာလဆိုးကြီးကို ရွာနေပြည်ထိုင်တွေနဲ့အတူ ကျော်ဖြတ်နေပါတယ်။ အပြင်မထွက်ရလည်း သတင်းစကားတွေ သိတန်သလောက်သိတယ်။ မြန်မာပြည်ကို နောက်ထပ် အလည်မရောက်သေးလည်း သိတန်သလောက် သိတယ်။ ဒီက အကြောင်းကို ပိုသိတယ်။

ဖြစ်စမှာ တချို့ပစ္စည်းတွေရှားတာ သိတယ်။ အခုတော့ လိုချင်တာ ဝယ်လို့ရတယ်။ ချက်လက်မှတ်တွေ ရကြတယ်။ အလုပ်မရှိတာကို အန်အင်ပလွိုင်းမင့် ခေါ်တယ်။ အန်တီ အဲတာအတွက် ကျမဘယ်လောက်ရတယ်လို့ ဖုန်းဆက်ပြောတယ်။ ဇူလိုင်လထိရမှာတဲ့။ အေး စုထား အိမ်ဝယ်တော့ ထည့်သုံးနိုင်တာပေါ့။ စားစရာတွေကလည်း လိုချင်တိုင်းသွားယူလို့ရတယ်။ အန်တီလိုက်မလား လာခေါ်မယ်။ ငါ့လည်း ထားစရာမရှိဘူး။ အရင် အဲလိုယူလာပြီး လာပို့ကြတယ်။

တခြားပြည်နယ်မှာနေတဲ့ မိသားစုကလည်းပြောတယ်။ အန်တီ အလကားရတာတွေ ကြွားရသလိုပဲတဲ့။ အလကားပေးတာ ဆိုပေမဲ့ စားစရာသုံးစရာတိုင်းက အကောင်းစားချည်းပဲတဲ့။ ကလေးအတွက်လည်း လိုလေသေးမရှိတဲ့။

ပြောလိုတာ ဆက်ပါမယ်။ အလကားပေးတဲ့နေရာတွေမှာ လူကြီးလုပ်သူဆိုလို့ တယောက်တလေ မရှိ။ ဖဲကြိုးဖြတ်တာ မရှိ။ ပေးဘို့တာဝန်ကျသူတွေကလည်း ကျေးဇူးတင်မျက်လုံးတွေကို ရှာကြည့်မနေကြပါ။

ကားတွေ တန်းစီ။ ကားထဲ လူဘယ်နှစ်ယောက်ပါလဲ လက်ချောင်းထောင်ပြ။ ကလေးပါသလား။ ကားတခါးမဖွင့်ရ။ နောက်ခန်းကိုသာ ဖွင့်ပေး။ ပစ္စည်းတွေစုံစေ့အောင်ထည့်ပေးလိုက်သတဲ့။ ဘာအိုင်ဒီမှ ပြစရာမလို။ စာရင်းတိုက်မကြည့်။

ကရိုနာဒဏ်ခံနေသူတွေကို ကူညီထောက်ပံ့တာတွေအတွက် သမတကို ကျေးဇူးတင်နေစရာမလို။ နောက်ရွေးကောက်ပွဲ မဲမထည့်ချင်နေ။ တခြားပါတီတွေကလည်း ဝင်မရှုပ်။ စစ်တပ်က သူ့နေရာနဲ့သူ အမြတ်ဝင်မယူ။ ပစ္စည်းပေးသူတွေရဲ့ မျက်လုံးတွေက ကျေးဇူးရှင်အသွင် မဆောင်။ သူတို့လုပ်စရာရှိသာ လုပ်ကြတယ်။

ကျွန်တော်တို့ တိုင်ပြည်ချမ်းသာဖို့သာမက လုပ်နည်းကိုင်နည်း ကြည့်နည်းတွေ ချမ်းသာဖို့ပါ အများကြီးကြိုးစားကြရမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ