အမှားရှောင်တတ်ရင် မြန်မာစာအစစ်ကို တွေ့ပါမယ်

ဆရာခင်ဗျား မြန်မာစာပေနဲ့ ပတ်သက်ပြီး လေ့လာမှတ်သားစရာများအား ဆရာ၏ facebook account တွင်လေ့လာသိရှိခဲ့ရပါတယ် ကျနော်က မြန်မာစာပေကို နှစ်သက်ပြီး လေ့လာချင်ပေမဲ့ တောထဲမှာနေရတဲ့ ရက်တွေက များနေတာကြောင့် ထိထိရောက်ရောက်မလေ့လာဖြစ်ခဲ့ပါဘူး မြန်မာစာကို အခြေ ခံ ကျကျ စတင် လေ့လာမယ်ဆိုရင် ဘယ်လိုစာအုပ်မျိုးတွေကို စတင်ဖတ်ရမလဲ ဘယ်လိုပုံစံနဲ့လေ့လာရမလဲ ဆိုတာကို သိချင်ပါတယ်ခင်ဗျာ။

မြန်မာစာပေကို နှစ်သက်ပြီး လေ့လာချင်တယ်ဆိုတာ အလွန်ကောင်းတယ်။ အရင်ကလည်း နှစ်ယောက်သုံးယောက်က အဲဒီသဘော မေးကြတယ်။ မြန်မာစာပေက အတော်အဆင်မြင့်တယ်။ ကျွန်လည်း လက်လှမ်း သိပ်မမီ။ နောက်ပြီး ကျွန်တော်က မြန်မာစာဆရာ မဟုတ်။

ဘယ်ဘာသာရပ်မဆို ဆေးပညာဖြစ်ဖြစ် သင်ပုန်းကြီးက စရတယ်။ အုတ်မြစ်။ တဖြည်းဖြည်းတက်လာရတယ်။ ဆယ်တန်းဆင့်ရောက်ရင် ဆက်ပြီး ပွားစည်လို့ရလာပြီ။ စာတွေ ဖတ်ရမယ်။ ကာတွန်းကနေ စွယ်စုံကျမ်း။ သန်ရာစာ ရွေးရမယ်။ ဘယ်သူမှ အားလုံးမစုံနိုင်။ စိတ်ကြိုက်ရွေးပြီး အထူးပြုနိုင်တယ်။

ခုခေတ်မှာ ပညာသုတ ရှာရတာ အတော်ကိုလွယ်ကူလာတယ်။ လွယ်တော့ အမှားများတယ်။ အုတ်မြစ်စီထားတဲ့ အုတ်ခဲ အစစ်ကို ရွံ့ဖြစ်အောင် တမင်လုပ်ထားလို့။

ဆေးပညာမှာ သစ်လာလေ မှန်လေ။ မြန်မာစာမှာတော့ ဟောင်းနွမ်းလေ မှန်လေ။ ခေတ်ပေါ်ရသစာတွေ ကောင်းပါရဲ့ အိမ်အိုဧည့်ခန်းထဲက အလှထိုးပန်းအိုးနဲ့ တူနေတယ်။ အကိုးအကား နည်းနည်းတော့ ထည့်ရေးပါမယ်။

၁။ ပုဂံခေတ်
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။ (အနန္တသူရိယ အမြက်ဖြေလင်္ကာ)

၂။ ပင်းယခေတ်
တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်း သည်ရင်း သည်ရင်း။ (မြင်စိုင်းငါးစီးရှင် ကာချင်း)

၃။ အင်းဝခေတ်
ပေလေးပင် ရှင်လေးပါး၊ ရှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ ရှင်အုန်းညို၊ ရှင်ခေမာ။

၎။ တောင်ငူခေတ်
နဝဒေး၊ နတ်သျှင်နောင်၊ ရဝေရှင်ထွေး။ မင်းဇေယျနန္ဒမိတ်၊ ဗညားဒလ၊ မဟာပညာကျော် စသည်။

၅။ ညောင်ရမ်းခေတ်
တောင်ဖီလာဆရာတော်၊ ဦးကုလား မဟာရာဇဝင်ကြီး၊ ဝန်ကြီးပဒေသရာဇာ ပျို့၊ တျာချင်း၊ ပြဇာတ်၊ သီချင်းကြီး၊ သီချင်းခံ၊ နတ်သံ။

၆။ ကုန်းဘောင်ခေတ်
အတုလဆရာတော်၊ ဧချင်းဆရာဦးဖျော်၊ စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရဦးမြစံ၊ ရွှေတောင်နန္ဒသူ၊ ရွှေတောင်နန္ဒမိတ်၊ ငစဥ့်ကူးမင်း၊ တွင်းသင်းတိုက်ဝန်မဟာစည်သူ၊ မြဝတီဦးစ၊ ကင်းဝန်မင်းကြီး၊ စလေဦးပုည၊ ဦးကြင်ဥ၊ ဦးတိုး၊ ဝက်မစွပ်မြို့စား နဝဒေး၊ အနောက်နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင်။ မင်းပူး၊ မောင်းထောင်၊ မုံရွေး၊ မန်လည်၊ ကျည်းကန်ရှင်ကြီး၊ လယ်တီဆရာတော်။

၇။ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရကာစခေတ်
သိပ္ပံမောင်ဝ၊ ဦးအေးမောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ။ တော်စိန်ခို၊ ဦးဖေမောင်တင်။ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင် မမယ်မဝတ္ထု၊ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထု၊ စပယ်ပင်ဝတ္ထု၊ လယ်တီပဏ္ဍိတဦးမောင်ကြီး ရာဇဝင်တော်ကြီး။ သခင်ကိုယ်တော်မှိုင်းစာတွေ။

၁၉၅၆ ခုနှစ် ဆဋ္ဌသံဂါယနာတင် ပါဠိ-မြန်မာစာအုပ်တွေကို မြန်မာစာသတ်ပုံမှန်နဲ့ရေးသားခဲ့တယ်။ မြန်မာ့စွယ်စုံကျမ်း (၁၅) တွဲကို ၁၉၅၄ ကစထုတ်တယ်။ သတ်ပုံမှန်နဲ့ရေးသားခဲ့တယ်။ မြန်မာစာပေအလွန်စည်ပင်ထွန်းကားခဲ့တယ်။ စာရေးဆရာ၊ ကဗျာဆရာနဲ့ ပညာရှင်တွေအမည် အများကြီး။ မဆလ ခေတ်မှာ အသိပညာပိတ်ပင်ပြီး လိုရာဆွဲစာတွေသာရှိတယ်။

၈။ နဝတ ခေတ်
ဆင်တာအဖွဲ့ မလုပ်ကောင်းတာတွေ လုပ်ခဲ့တယ်။ ၁၉၉၁ ကစထုတ်တဲ့ မြန်မာအဘိဓာန်မှာ မှားယွင်းလွဲချော်တာတွေ ပါနေတယ်။ အဲဒီနောက် ထုတ်သမျှစာတိုင်းမှာ ပေါ်လစီသတ်ပုံနဲ့သာဖြစ်တယ်။ အခုစာရေးနေတဲ့အချိန်ထိ။

၉။ ယနေ့ခေတ်
ပြန်ထုတ်စာအုပ် ၉၀% ကျော် သတ်ပုံပြင်တွေဖြစ်တယ်။ ဒေါင်းလုဒ်စာအုပ် ၈၀% ကျော် သတ်ပုံပြင်တွေဖြစ်တယ်။ နိုင်ငံတော်မူသတ်ပုံ မှားနေဆဲ။ ကန်တော့။ ဆောရီး။

မှန်မှန်ကန်ကန် မူရင်းအတိုင်း ရေးသားထုတ်ဝေထားခဲ့တာတွေကိုသာ လိုက်လံရှာဖွေ ဆည်းပူးပါလေ။ ရွံ့ခဲတွေကို ဖယ်ရှား၊ အမှားရှောင်တတ်ရင် မြန်မာစာအစစ်ကို တွေ့ပါမယ်။ အလွန်မြတ်နိုးစရာ ကောင်းတယ်။ ရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး