ရှေးထုံးကိုလည်း မပယ်နှင့်

ကွန်မင့်တခုရတယ်။ ကိုယ့်ကိုကိုယ် မြန်မာစာ တော်လှပြီထင်တာ ဆရာပြင်ပေးထားတဲ့ စကားလုံးတွေကို ကြည့်ပြီး သမီးမြန်မာစာကို တကယ်အရေးအသားမှန်အောင် မရေးတတ်မှန်း သိရတော့တယ် တဲ့။

ကျွန်တော်လည်း မြန်မာစာတတ်လှတယ်တော့ မဟုတ်ပါ။ ရေးခါစ အတော်မှားခဲ့တာ။ အခုလည်း အမှားမကင်း။ တခြား ဘာသာရပ်တွေလည်း အဲလိုပဲ။ သိလိုတာကို သင်ယူ လေ့လာ မှတ်သား လေ့ကျင့်ရတယ်။

ဘယ်ကနေ ရယူမလဲက ကနေ့ခေတ်မှာ အတော်ခက်တဲ့ မေးခွန်း။ ဟိုအရင်ကတော့ ကျောင်းဆရာဆရာမတွေက အပြည့်အဝ အားကိုးထိုက်တယ်။ စာအုပ်တွေကလည်း ယုံကြည်ရတယ်။ လူကြီးသူမတွေကလည်း တော်ကြတယ်။

အခု ခက်ပြီ။ ကျောင်းစာအုပ်တိုင်းက မှန်ချင်မှ မှန်။ စာအုပ်တွေက မှန်နေတဲ့သတ်ပုံကို မှားအောင်သာ ပြင်ထုတ်ကြတယ်။ ဒေါင်းလုဒ်တွေ အတော်ဆိုးတယ်။ တီဗွီ၊ ယူကျု၊ ဖေ့စ်ဘွတ်မှာ သတ်ပုံနဲ့ သဒ္ဒါမှန်တာ ၁၀% လောက်သာလို့ ပြောရမှာ အားနာတယ်။ အမှန်သာရေးသားတဲ့မီဒီယာတွေ ရှိပါတယ်။

၁။ အရင်ခေတ်က စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရမယ်။
၂။ တော်တတ်သိကြတဲ့ အသက်အရွယ်ရသူတွေဆီကနေ နာယူမှတ်သားရမယ်။
၃။ ကိုယ့်ခွက်ကို လက်ဝါးနဲ့ ပိတ်မထားရ။
၎။ ဖြည်တဲ့အရာ အမှိုက်မပါစေရ။
၅။ အရောင်လှတိုင်း ကောင်းတာ မဟုတ်။

ရှေးထုံးကိုလည်း မပယ်နှင့်။ ဈေးသုံးကိုလည်း မလွယ်နှင့်။ ရှေးထုံးပယ်တော့ လွဲတတ်သည်။ ဈေးသုံးလွယ်တော့ မွဲတတ်သည်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ