မြန်မာစာနှင့် ကျန်းမာရေး

ကွန်မင့်များသို့ ပြန်ကြားချက်

မနက်ထ ညကရေးထားကြတဲ့ ကွန်မင့်တွေကို ဖတ်ပါတယ်။ မြန်မာစာနဲ့ ကျန်းမာရေး တခုစီတော့ မဖြေတော့ပါ။

မြန်မာစာ
မြန်မာစာမှာ ဖေါ်မြူလာ ခေါ် ပုံသေနည်းနဲ့ သင်ပေး ရေးသား ဟောပြောနေတာတွေတိုင်းဟာ နေရာတိုင်းမှာ အသုံးကျတာ မဟုတ်ပါ။ မ နောက် ဘဲ လိုက်။ ခင်ငူဂေါဒေါပုံဝ။ ရေတွက်လို့ရရင် တစ်။ မူကွဲစာလုံးတွေကို ပြစ်ပယ်ပြီး တသွေးတသံတမိန့် ရေးနည်း မမှန်ပါ။ သမတ နဲ့ သမ္မတ၊ ပဌမ နဲ့ ပထမ၊ ဒါး နဲ့ ဓါး မုံ့ နဲ့ မုန့်၊ ကစွန်း နဲ့ ကန်စွန်း၊ ငပိ နဲ့ ငါးပိ၊ ယက္ကန်း နဲ့ ရက်ကန်း၊ ကျမ္မာ နဲ့ ကျန်းမာ၊ လက်ဖက် နဲ့ လ္ဘက်၊ မြမ္မာ နဲ့ မြန်မာ။

ဗမာ နဲ့ မြန်မာ မူကွဲမဟုတ်။ အတူတူသုံးနိုင်တယ်။ အရင်ကဗမာလို့ရေးထားတာတိုင်းကို မြန်မာလို့ အစားမထိုးရ။

ကျန်းမာရေး
ဆေးပညာစာတွေကို အကိုးအကားတွေထည့်ရေးရတော့ နားလည်းရခက်စေတယ်။ ဆောရီး။ တချို့က ဒါလုပ်၊ ဒါမလုပ်ကိုသာ သိချင်ကြတယ်။

ကိုယ်ဝန်ဆောင်တွေ အားဆေး လူတိုင်းမလိုအပ်ပါ။ ဖေါလစ်အက်စစ် တမျိုးသာ အများဆုံးညွှန်တယ်။ ကိုယ်ဝန်ဆောင် အားဆေး၊ အိုမီဂါ-၃ လူတိုင်းလိုတာ မဟုတ်ပါ။ သွေးအားနည်းသူတွေ သံဓါတ်လိုတယ်။ ကိုယ်ဝန်မမြဲတတ်သူတွေ ပရိုဂျက်စတီရုန်းဟော်မုန်းဆေးတမျိုးလိုတယ်။

ကြော်ငြာကောင်းတိုင်း၊ လူပြောများတိုင်း ဟုတ်တာ မဟုတ်ပါ။

ကိုယ်ဝန်ရှိစဉ် ကိုယ်တသက်လုံး စားသောက်လာတာတွေထဲက အနည်းဆုံး ၉၅% စားသောက်နိုင်တယ်။ နာနတ်သီး၊ သင်္ဘောသီးမှည့် သဘောင်္သီးစိမ်းလည်းပါတယ်။ အဲတာတွေစာလို့ ကိုယ်ဝန်ပျက်မယ်လို့ပြောတာ မမှန်။ ကိုယ်ဝန်ဖျက်ချင်သူတွေ တနေ့မှာ ၃ ယောက်လောက်က မေးတယ်။ သူတို့လည်း အဲဒီနည်းသိကြမှာပါ။ ကိုယ်ဝန်ဖျက်လိုသူအရေအတွက် လျော့မသွားပါ။

လူအများစားသောက်တဲ့ အစားအသောက်တွေ စားနိုင်တယ်။ တက်တက်ဆိုတဲ့အစာ မရှိပါ။ ငန်တဲ့ အစားအစာတွေက သွေးတိုးထက်မယ်။ ငန်ဆိုတာ ဆိုဒီယမ်ပါတာတွေ။ ဆိုဒီယမ်ပါတာတွေဆိုတာ ဆား၊ ဟင်းချိုမှုန့်၊ အသားမှုန့်၊ ငပိ၊ ငံပြာရေ၊ ငါးခြောက်၊ ဆားနဲ့လုပ်ထားတဲ့တာရှည်ခံအစားအစာတွေ အချဉ်တည်ထားတာတွေ။ ချိုတဲ့အစား အသောက်တွေက ဆီးချိုတက်မယ်။ ပြည့်ဝဆီပါတာတွေက ကိုလက်စထောတက်မယ်။

သူများတွေက တက်တယ်လို့ပြောတဲ့အစာ အသံကြားတာနဲ့ မစားရသေးခင်တက်နေကြပြီ။ အစားတွေမှာ အဆိပ်လို့ တံဆိပ်ကပ်မထားရင် စားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး