မခိုင်စိတ်ဝမ်း နေ့တိုင်းလွမ်းရှင့်

ငှက်စာထွက်ကျွေးတာ အရင်ဆုံးရောက်လာတဲ့ ဧည့်သည်က ရှဥ့်မြီးဖါး။

ရှင့်အသုံးကို ရေးချင်လာတယ်။ မေးခွန်းတွေမှာ ရှင့်အသုံးအတော်နည်းတာ သတိထားမိတယ်။ နော်လို့ရေးကြတယ်။ နော်ဆိုတာ ရွယ်တူ သက်တူတွေမှသာ သင့်မှန်တယ်။ ဖေ့စ်ဘွတ်မှာ ကျွန်တော့ထက် အသက်ကြီးသူ အလွန်မတန်ရှားတယ်။ ဟောပြောကြရာမှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများ ခင်ဗျား/ရှင့်။ ရွှေပွဲလာ ပရိတ်သတ်ကြီး ခင်ဗျား/ရှင့်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား/ရှင့်။ သောတရှင်များခင်ဗျား/ရှင့်။

ရှင့်
ရှင့်စကား
ရှင့်ယောက်ျား
နေ့တိုင်းလွမ်းရှင့်
ဟုတ်ကဲ့ရှင့်
ဟုတ်ကဲ့ပါရှင့်
ဆိုတုံ့၏ရှင့်
ပြု၏ရှင့်
ကောင်းပါပြီရှင့်

မဲဇာတောင်ခြေရတု (လက်ဝဲသုန္ဒရ)
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း
အကြေတပြင်၊ တို့အောင်ခွင်ဝယ်
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်
တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း
ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်
တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်
ဓူဝံမပေါ်၊ မမြော်ပါရ
နေကိုတလည်း၊ ဘယ်ကရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်
ကင်းစမ်းတောင်က၊ လေဦးစ၍
နောက်မှလေရှည်၊ အတည်တည်သည်
လေပြည်လာက အေးသောကြောင့်။

မြန်မာစာကို စစ်သွေးသွင်းပေးထားလို့ ဖါးကို ဖားမရေးလို့ မှားတယ်ထင်သူတွေက ရှိသေး။ ယဉ်ယဉ်ကျေးကျေး၊ သူ့နေရာနဲ့သူသာ မှန်မှန်ကန်ကန် ရေးသားပြောဆိုကြတဲ့ခေတ်ကို မခိုင်စိတ်ဝမ်း နေ့တိုင်းလွမ်းရှင့်။ လေပြည်လာ၍ အေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး