မဲဇာတောင်ခြေ


၁။ ဆရာရှင့် စာတွေထဲမှာပါတဲ့ မဲဇာတောင်ခြေ ဆိုတာ အပြင်မှာ တကယ်ရှိပါသလား။ ရှိခဲ့ရင်လဲ တည်နေရာ အတိအကျ သိချင်ပါတယ်ရှင့်။

၂။ နေခြည်လာက နွေးသောကြောင့်စာပိုဒ်လေးပါ ဖတ်ချင်ပါတယ် ဆရာ

နေခြည်ဖြာမှ နွေးသောကြောင့်ဖြစ်ပါတယ်။

မဲဇာတောင်ခြေရတုကို လက်ဝဲသုန္ဒရအမတ်ကြီးက ရေးခဲ့တယ်။ စစ်ကိုင်းမြဲ့တည် နောင်တော်ကြီးဘုရင်က အမျက်တော်ရှလို့ မဲဇာအရပ်ကို ပို့ခံရစဉ်က ရေးတာလို့ဆိုပါတယ်။ မဲဇာအရပ်ဆိုတာ ကသာခရိုင်၊ ထီးချိုင့်နယ်ထဲမှာ ရှိတယ်။

(၁)
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်က၊ ရွှေပြည်ကိုသာ၊ တ ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ငြီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သ့မွေ၊ စ ရွေ့ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးချယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ခြင်၍့၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။   ။ ရွှေပြည်ဌာနဝေးသောကြောင့်။

(၂)
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောင်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။

(၃)
ပွဲ (ပွဲး) ခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ဝန်းကာဝှေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့လှည့်လည်၊ တလျက်မည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။

ပါဠိဆရာဘီနဲ့ ပညာဝန်ဦးဖိုးကျားတို့ရေးသားတဲ့ နေမချမ်း လူချမ်းသည်မှာ ဝိဝါဒကွဲလွဲချက်တွေကို ထောက်ပြထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

(၁)
ဝေရွှန်းစန္ဒာ၊ ချိမ်းရိပ်သာက၊ မျက်နှာတူရူ၊ တ,သည်သူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့၊ လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ မြေလည်းတထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဘူးမည်ထား၊ ရွှေညာဖျားဟု၊ ရှေးကားမဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ခြင်းရာတစိ၊ တပ်မသိခဲ့၊ ကျွန်းကြီးချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလှမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံဘိရရှင့်၊ သိင်္ဃအောင်မြေ၊ လက်ချက်ဗွေဝယ်၊ နေလည်းတဆန်း၊ နန်းလည်းတခြား၊ မထွေပြားတည့်၊ ကိုးပါးနဝရတ်၊ ရွှေပြ (ပြာ) သာဒ်နှင့်၊ မျက်မြတ်လျှံရည်၊ ထွန်းလည့် (လှည့်) လည်သည်။   ။ နေခြည်ထဲ (ထဲး) တွင်ပါလိမ့်မည်။

(၂)
နေဝန်းဖန်ဝါ၊ ထိန်စကြာလည်း၊ အာကာဖိတ်စီး၊ ကျွန်းလုံးညီးမျှ၊ ထိနီးမိုးလယ်၊ ဖြိုးဖြိုးကယ်၍့၊ အံ့ဘွယ်ရှက်သန်း၊ ရှုမခန်းတည့်၊ ရွှေနန်းမှန်စီ၊ ရှိရာဆီသို့၊ မြှောက်ချီဦးတင်၊ စက်ရာဝင်လည်း၊ ကြည်လင်ရှိခိုး၊ စက်ရာနိုးလည်း၊ လက်မိုးလှည့်လည်၊ မြှော်မိသည်ရှင့်၊ ရွှေပြည်တော်မှ (မှာ)၊ ခုချိန်ခါကို၊ သူဇာသာစံ၊ မိတ်နံမပြား၊ ဓာတ်တံခါး၏့၊ ယွန်းစားရှေ့မှာ၊ ပျော်ဘွယ်သာရှင့်၊ သီတာပတ်ကုံး၊ မြစ်နှင့်ကျုံးလည်း၊ တလုံးတည်းရေ၊ စီးတွေတွေတည့်၊ မိုးနွေမခေါင်၊ လယ်ယာမြှောင်၍၊ နတ်ဆောင်ယူပို့၊ လေ၏သို့လျှင်၊ ရွှေမြို့ရွှေပြည်၊ ဝန်းပတ်လည်သည်။   ။ ရေကြည်- သဲ (သဲး) ပြင် သာလိမ့်မည်။

(၃)
နွေကျွန်းသန်ကာ၊ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ စေတီတွင်းဝယ်၊ သီးတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူစည်းဝေး၊ ဖြူဖြူဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိမ်မက်မြင်သို့၊ မရွှင်ရူတ၊ လွမ်းလိုက်လှရှင့်၊ ညွှန်းပြကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဘက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူချောသွယ်၊ သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီးကွာသို့၊ မှာလည်းမကြား၊ သွားလည်းမသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့်ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေးရွှေတောင်၊ သားမောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင်ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါးမျက်ခြည်၊ သားနှင်းရည်သူ (သည်)။ ရွှေလည်- ဆွဲချင် ရှာလိမ့်မည်။ (စာရိုက်တာလွဲရင် ကျွန်တော့်တာဝန်ဖြစ်ပါတယ်။)

မူကွဲတွေ တွေ့တယ်။ တတွေကို တစ်လုပ်ထားတာ အရုပ်ဆိုးတယ်။ မှားတယ်။ မလုပ်ကောင်းပါ။ ကိုယ်တိုင် မဲဇာအပို့ခံရမှ ကိုယ့်သတ်ပုံနဲ့ရေးပေါ့။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး