Hepatitis C Treatment အသဲရောင်စီ ဆေးများ

တောင်ကြီးမြို့မှာနေတဲ့ အသက် ၇၆ နှစ် အမျိုးသားတဦးက ဖိုတိုရှော့နဲ့ မေးတယ်။ သူက ရန်ကုန်မြို့က ဆေးခန်းကြီး တခုနဲ့ ဆရာဝန်အမည်လည်းပါတယ်။ မေးခွန်းတွေအရ နာမည်ကြီး ရောင်းကောင်းတဲ့ ဆေးခန်းတခုဖြစ်တယ်။ မပျောက်သေးလို့ မေးတာ။ အမည်တွေ မထည့်လိုပါ။ အသဲရောင်စီကို ဘယ်ဆေးတွေပေးလဲသာ ရေးပါမယ်။ 

အသဲရောင်စီကို ဂျီနိုတိုက်ပ် ခေါ် ပိုးအမျိုးအစားခွဲအရ ဆေးပေးရတယ်။ 

ဆေးအမျိုးမျိုး
၁။ စပေါ်တဲ့ Sovaldi ဆေးဟာ ၉ဝ% ပျောက်နိုင်တယ်။ FDA က အသိအမှတ်ပြုပြီးဖြစ်တယ်။ နာတာရှည် အသဲရောင်နေသူတွေကိုပေးတယ်။ (စီ) ပိုး ကြောင့်မဟုတ်တဲ့ အသဲရောင်ရှိနေသူ၊ အသဲအစားထိုးထားသူ၊ ကျောက်ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ရှိနေသူ၊ HIV ပါ ရှိနေသူ၊ ကိုယ်ဝန် ရှိနေသူနဲ့ ကလေးနို့တိုက်နေသူတွေကို မပေးသင့်ပါ။ ပေးရင် ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာနိုင်တယ်။ ကိုယ်ဝန်နဲ့ အနည်းဆုံး ၆ လ ကွာသင့်တယ်။ Sovaldi ဆေးကို တမျိုးတည်း မပေးသင့်ပါ။ Ribavirin ဒါမှမဟုတ် Peginterferon alfa and Ribavirin နဲ့ တွဲပေးရတယ်။ Rifampin ဆေးနဲ့ St. John’s wort ဆေးတွေ သောက်နေရရင် ဆရာဝန်ကိုပြောပါ။ မောပန်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့ချင်မယ်၊ အိပ်ရေးပျက်မယ်၊ သွေးနီဥ နည်းမယ်။

၂။ Ledipasvir and sofosbuvir (Harvoni) HCV types 1 အတွက် တနေ့ တလုံး စပေါ်လာတဲ့ ဆေးသစ်။ ဆေးသုံးပြီး တနှစ်အကြာမှာ FDA က HCV types 4, 5 နဲ့ 6 တွေကိုပါ သုံးနိုင်တယ်လို့ အတည်ပြုပေးတယ်။ ခေါင်းကိုက်၊ မောပန်း၊ ဝမ်းပျက်၊ ပျို့၊ အိပ်မရတာဖြစ်နိုင်တယ်။

၃။ Daclatasvir (Daklinza) လူနာ ၁၀ ယောက်မှာ ၁ ယောက်ဖြစ်တဲ့ HCV types 1 နဲ့ 3 အတွက်ပေးတယ်။ sofosbuvir (Sovaldi) နဲ့ တနေ့ ၁ ပြားတွဲသောက်ရတယ်။ ခေါင်းကိုက်တာနဲ့ မောတာဖြစ်နိုင်တယ်။ နှလုံးခုန် နှေးစေနိုင်တယ်။ 

၎။ Elbasvir and grazoprevir (Zepatier) HCV type 1 နဲ့ 4 အတွက်ဆေးဖြစ်တယ်။ HIV ရှိသူနဲ့ အသဲခြောက်နေသူကိုလည်း ပေးနိုင်တယ်။ ကျောက်ကပ်သိပ်မကာင်းသူကိုလည်း ပေးတယ်။ ခေါင်းနည်းနည်းကိုက်မယ်။ ဗိုက်အောင့်နိုင်တယ်။ မောမယ်။

၅။ Glecaprevir and pibrentasvir (Mavyret) အမျိုးအစားအားလုံးကို ပေးနိုင်တယ်။ ခေါင်းကိုက်၊ မောပန်း၊ ဝမ်းပျက်၊ ပျို့တာဖြစ်နိုင်တယ်။

၆။ Ombitasvir, paritaprevir, and ritonavir, with dasabuvir (Viekira Pak) ဆေးကိုလည်း HCV type 1 အတွက် ပေးတယ်။ အသဲခြောက်နေသူတွေကိုလည်း ပေးတယ်။ တနေ့ တလုံးနဲ့ နောက်ဆေးကို တနေ့ ၂ ကြိမ်။ ယားနိုင်တယ်။ အားနည်း၊ မောပန်း၊ အိပ်ရလက်နိုင်တယ်။ 

၇။ Simeprevir (Olysio) နဲ့ sofosbuvir (Sovaldi) ဆေးကို HCV type 1 အတွက်interferon သို့မဟုတ် ribavirin ပေးပြီးနောက်မှာ တွဲပေးတယ်။ Sofosbuvir က ခေါင်းကိုက်၊ အားနည်းစေနိုင်တယ်။ Simeprevir ဆေးက အရေပြား ခြောက်စေနိုင်တယ်။ နေရောင်မခံနိုင်။

၈။ Sofosbuvir and velpatasvir (Epclusa) ဆေးတပြားထဲမှာ ၂ မျိုးတွဲထားတယ်။ အမျိုးအစားအားလုံးကိုပေးတယ်။ အားနည်းစေနိုင်တယ်။ 

၉။ Sofosbuvir, velpatasvir, and voxilaprevir (Vosevi) ဆေးကိုလည်း အမျိုးအစားအားလုံးကိုပေးတယ်။ အသဲမခြောက်သူတွေကိုသာ ပေးတယ်။ ခေါင်းကိုက်၊ မောပန်၊ ပျို့၊ ဝမ်းပျက်။

အသဲရောင်စီပိုးဆေးများ သမိုင်း
အသဲရောင်စီပိုးကို ၁၉၇၀ ကျော်မှစတွေ့ခဲ့တယ်။ ၂၀၀၀ ခုနှစ်ကျော်လာတော့ Peg-Ifn & Ribavirin ဆေးစပေါ်တယ်။ ၂၀၁၁ မှာ Bocepre & Telarevir ဆေး ပေါ်လာတယ်။ ၂၀၁၃ မှာ Solvaldi & Olysio ဆေးပေါ်လာတယ်။ ၂၀၁၄ မှာ Harvoni & Viekira Pak ဆေးပေါ်လာတယ်။ ၂၀၁၅ မှာ Technivie & Daklinza ဆေးပေါ်တယ်။

Pegylated interferon (Peg-IFN) ထိုးဆေး။ အစဆုံးပေါ်တာ။ ဘေးထွက်ဆိုးကျိုးတွေများတယ်။ ဆက်မသုံးတော့ သလောက်ပါ။ genotype 3 အတွက်တခါတရံပေးတယ်။

Ribavirin (RBV) ပေါ်လာတယ်။ စားဆေးတမျိုးတည်း မပေးပါ။ အစက ထိုးဆေးနဲ့တွဲသုံးသေးတယ်။ နောက်မှာ စားဆေးသစ်နဲ့ တွဲပေးတယ်။ 

၂၀၁၁ မေလကစပြီး စားဆေးသစ်တွေပေါ်လာပြီ။ protease inhibitors ဆေးတွေလို့ ခေါ်တယ်။ 

၁။ Boceprevir (VICTRELIS) နဲ့ Telaprevir (INCIVEK) စားဆေး။ HCV genotype 1 အတွက် Peg-IFN/RBV နဲ့တွဲပေးတယ်။ ၂၀၁၄ ခုနောက်ပိုင်း မသုံးတော့ပါ။ 

၂။ ၂၀၁၃ နိုဝင်္ဘာမှာ Simeprevir (OLYSIO) တနေ့ တကြိမ်ဆေးပေါ်လာတယ်။ အစမှာ Peg-IFN/RBV နဲ့တွဲပေးတယ်။ နောက်တော့ နောက်ပေါ်ဆေး sofosbuvir (SOVALDI) နဲ့သာတွဲပေးတယ်။ genotype 1 အတွက် အဲဒီတမျိုးတည်းဖြစ်ဖြစ် ribavirin နဲ့ဖြစ်ဖြစ် ပေးတယ်။

၃။ ၂၀၁၃ ဒီဇင်္ဘာမှာ Sofosbuvir (SOVALDI) ဆေးကို အသိအမှတ်ပြုတယ်။ polymerase inhibitors ဆေးခေါ်တယ်။ တနေ့ တပြားသာသောက်ရတယ်။ HCV genotypes 1, 2, 3 နဲ့ 4 တွေကိုပေးတယ်။ genotype 2 နဲ့ 3 အတွက် ပဌမဆုံးစားဆေး။ Interferon နဲ့ ribavirin မလိုတော့ပါ။ genotype 1 နဲ့ 4 အတွက် peginterferon + ribavirin တွဲပြီး ၁၂ ပတ်စားစေတယ်။ Interferon ထိုးမရသူတွေကို sofosbuvir + ribavirin ဆေး ၂၄ ပတ်စားစေတယ်။ Sofosbuvir ဆေးဟာ HIV-HCV co-infection လူနာတွေအတွက် ပဌမဆုံးဆေးလည်းဖြစ်တယ်။ 

၎။ ၂၀၁၄ အောက်တိုဘာလမှာ HCV genotype 1 အတွက် စားဆေးသာလိုတဲ့ဆေးဖြစ်လာတယ်။ Ledipasvir/sofosbuvir (HARVONI) တနေ့ တကြိမ်စားဆေး။ direct-acting antivirals (DAAs) ဆေးလို့ခေါ်တယ်။

Harvoni ကို လူကြီးတွေ HCV genotype 1 အတွက်ပေးနိုင်တယ်။ အဲတာက အဖြစ်အများဆုံးအမျိုးအစားဖြစ်တယ်။
စမ်းသပ်မှုတွေအရ Harvoni ဆေးက ၁၂ ပတ်ပေးတာနဲ့ ၉၄% ကောင်တာတွေ့ရတယ်။ 

၅။ ၂၀၁၄ နိုဝင်္ဘာလမှာ  simeprevir (OLYSIO) ဆေးပေါ်လာတယ်။ genotype 1 အတွက် sofosbuvir (SOVALDI) နဲ့တွဲပေးနိုင်တယ်။

၆။ ၂၀၁၄ ဒီဇင်္ဘာမှာ genotype 1 အတွက် ဆေးအတွဲသစ်ပေါ်လာတယ်။ Ombitasvir/paritaprevir/ritonavir စားဆေးနဲ့ dasabuvir (VIEKIRA PAK) စာဆေးတွေ။ အသဲခြောက်နေသူ တချို့ကိုပါ ပေးနိုင်တယ်။ Viekira Pak ဆေးကို HCV/HIV co-infection ကိုပါပေးနိုင်တယ်။ အသဲအစားထိုးထားသူကိုလည်း ပေါ်တယ်။ အသဲခြောက်ရောဂါ ရင့်နေရင် မပေးပါ။ စမ်းသပ်မှုတွေအရ Viekira Pak ဆေးက HCV genotype 1a and 1b ကို ၉၇% ပျောက်ကင်းတာ တွေ့ရတယ်။

အသဲရောင် ဘီပိုး၊ စီပိုးရှိသူတွေ အသဲအထူးကုဆရာဝန်နဲ့ ကုသသင့်ကြတယ်။ ကြော်ငြာကောင်းတာ မကြည့်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး