Older Parenthood အသက်ကြီးမှ ကလေးရရင်

၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက်က ၄၅နှစ်ပါ။ အရင်ကိုယ်ဝန် ၂ခါပျက်ဖူးပါတယ်။ အိမ်ထောင်သက် ၉နှစ်ပါဆရာ။ အခုမှ တတိယအကြိမ်ကိုယ်ဝန်ပြန်ရပါတယ်။ ၄ပတ်ကျော်နေပါပြီ။ ကျွန်မတို့က ကလေး အရမ်းလိုချင်တော့ OG ပြပါတယ်။ ကိုယ်ဝန်ခိုင်အောင် သောက်ဆေး တလပေးလိုက်ပါတယ်။ ဒါပေမဲ့ ဆရာဝန်က ဒီအရွယ်မွေးရင် ဥာဏ်ရည်မမှီတဲ့ကလေးပဲ ရမယ်လို့ပြောပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး တော်တော်စိတ်မကောင်းဖြစ်နေပါတယ်။ ဥာဏ်ရည်မှီတဲ့ကလေးမျိုး မွေးအောင် ဘာတွေလုပ်ရလဲဆရာ။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ ကျေးဇူးကြီးစွာဖြင့် ပြန်လည်ဖြေကြားပေးပါနော်။ ဆရာကျန်းမာပါစေ။

၂။ ကျွန်မအသက်က (၃၁) ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ မွေးထားပါတယ်။ ကလေး (၃) နှစ်လောက်မှာ နောက်တစ်ယောက် ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေး ဉာဏ်ရည်ဉာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လိုသက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံး ဖြေကြားပေးစေလိုပါတယ်ရှင့်။

၃။ ကျမ အသက်က အခု ၄၃ နစ်ပါ။ ခက်တာက လက်ထပ်မဲ့သူက ခုအသက် ၅ဝ ရှိပါပြီ။ သူကသူ့မှာ မျိုးဆက် မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမလဲ အသက်က ၄ဝ ကျော်နေပြီဖြစ်လို့ စိတ်မှာ မယူချင်ဘူး။ ကျမ ကြောက်တာက မပြည့်မဲ့ကလေးတွေ မွေးမှာကို ကြောက်တယ်။ နစ်ယောက်လုံးလဲ အသက်ကြီးနေကြပြီ။ တကယ် ကလေး ယူဖြစ်ရင်လဲ ကျမအသက် ၄၄ ကျော်မှ မွေးနိင်မယ်လေ။ အဲဒါ ဖြစ်နိင်-မဖြစ်နိင် ဆရာဆီမှာ မေးကြည့်တာပါ။ ကျမက တနစ်တခါ ကျန်းမာရေးစစ်တဲ့အတွက် သွေးတိုး၊ ဆီချို၊ နှလုံး ဘာရောဂါမှ မရှိပါဘူး။ တကယ်လို့ ယူဖြစ်ရင်လဲ ဘာတွေ ဆိုးကျိုးဖြစ်လာနိင်တယ်ဆိုတာ သိချင်ပါတယ်။

သိပ်အစိုးရိမ်မကြီးပါနဲ့။ ဉာဏ်ရည်မမှီ ကလေးက မိဘတွေ အသက်အရွယ် ကြီးတာကြောင့် ဖြစ်တယ်ဆိုတာ ရှားပါတယ်။ သတိထားတာတော့ ကောင်းပါတယ်။ 

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင်နေစဉ် တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။ ဒါတောင် ၆ဝ% လောက်က ဘာလို့ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ ဝေးလ်စ်မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။ အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။ 

အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။ တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening နဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorionic villus sampling ဒါမှမဟုတ် Amniocentesis စမ်းနည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုံး များတတ်တယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။ အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အားကောင်းဆေးသွင်း မွေးခြင်း၊ ညှပ်ဆွဲ မွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk မယူခြင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

အသက်ကြီးမိခင်တွေကနေ မွေးတဲ့ကလေးမှာ Autism ဆိုတဲ့မွေးရာပါချို့ယွင်းချက်ရှိတ်တာ များပြီ၊ အသက်ကြီး ဖခင်ရဲ့ဇနီးဟာ အသက် ၃ဝ ထက်ငယ်နေရင် မွေးလဲတဲ့ကလေးတွေမှာ ချို့ယွင်းချက်ရှိတာ တခြားစုံတွဲတွေထက် ပိုတယ်လို့ လေ့လာမှုတွေကပြောနေပါတယ်။ သူများတွေထက်ပိုတယ်ဆိုတာ အဲဘဲမလွဲမသွေမွေးမယ်လို့ဆိုတာ မဟုတ်ပါ။ 

ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ တုံးက Autism ရောဂါရှိနေတဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ကို လေ့လာတာ ဖြစ်ပါတယ်။ ဒါဟာ မွေးလူနာပေါင်း ၅ သန်းထဲကတွေ့ရှိရတာပါ။ ဒိအရင်လေ့လာမှုအရ ဖခင်က အသက်ကြီးလေလေ အဖြစ်များလေလေ။ အခုတွေ့ရှိချက်အရ ဖအေက အသက် ၄ဝ ကျော်၊ မအေက အသက် ၃ဝ ကျော်တွေမှာ ငယ်ရွယ်သူဖခင်တွေထက် ၅၉% ပိုတာတွေ့ရတယ်။ မိခင်က ၃ဝ ကျော်၊ သူ့ယောက်ျားက ၄ဝ ကျော်ဆိုရင် ၁၃% သာပိုတယ်။ မိခင်အသက် ၅ နှစ်ပိုကြီးလေလေ ဖြစ်နိုင်ချေ ၁၈% တိုးတယ်။ အသက် ၄ဝ ရှိမခင်တွေဟာ ၂ဝ ကျော်တွေထက် ၂ ဆ ပိုတယ်။ ၃၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။ တခုသိထားရတာက စမ်းသပ်မှုလုပ်တဲ့နေရာမှာ အဲဒီကာလမှာ အသက် ၄ဝ ရောက်ပြီးမှ ကလေးမွေးလာကြတာ ပိုများလာတာမို့ ဒီကိန်းဂဏန်းတွေကို ကာလတိုင်းအတွက် အတည်ယူလို့မသင့်ဘူး။ 

ဒီမွေးရာပါရောဂါက မိခင်အသက်မရွေးမှာ ဖြစ်နိုင်တယ်။ လေ့လာမှု ၂ ခုကိုယှဉ်လိုက်ရင် ဖအေ့အသက်ကြီးတာက မအေအသက်ကြီးတာထက် ပိုဖြစ်နိုင်တယ်။ အစ္စရေးလ်မှာလုပ်တဲ့ လေ့လာချက်မှာတော့ အသက် ၃ဝ အောက် ဖခင်တွေထက် အသက် ၄ဝ ကျော် ဖခင်တွေကနေ ၅ ဆ ပိုဖြစ်စေတာ တွေ့ရတယ်။ မိခင်တွေကို ပိုပြီးထောက်မပြကြဘို့ သတိပေးချက်တခု ဖြစ်ပါတယ်။ ၂ဝ၁ဝ လေ့လာဆန်းစစ်မှုတခုအရ အမေရိကားမှာ ကလေးမွေးလာတဲ့ မိခင်တွေရဲ့ အသက်ဟာ အရင် အနှစ် ၂ဝ ကနဲ့စာရင် အသက်ပိုကြီးတာတွေ့ရတယ်။ ၁၉၉ဝ တုံးကဆိုရင် ဆယ်ကျော်သက် မိခင်တွေက ၁၃%၊ အသက် ၃၅ ကျော်တွေ့ ၉% သာရှိခဲ့တယ်။ ၂ဝဝ၈ ရောက်တော့ ဆယ်ကျော်သက်မိခင်တွေက ၁ဝ%သာရှိပြီး ၃၅ နှစ်ကျော် မိခင်တွေက ၁၄% ရှိလာတယ်။ အရင်ကဆိုရင် ကလေးလာမွေးပေမဲ့ လက်မထပ်သူက ၃၁% ရှိခဲ့ရာကနေ နောက်မှာ ၂၈% သာရှိလာတယ်။

ရုပ်ရှင်မင်းသား တိုနီရန်းဒဲလ်ရဲ့ ပထမဆုံးကလေးကို သူ့အသက် ၇၇ နှစ်မှာရတယ်။ လယ်ရီကင်း ခေါ် CNN နာမည်ကြီး ပင်တိုင်ထုတ်လွှင့်သူဟာ သူ့ရဲ့ သတ္တမမြောက်ဇနီးနဲ့ ကလေးမွေးတော့ သူ့အသက်က ၆၆ နှစ် ရှိပြီ။ နာမည်ကြီးရှေ့နေ အဲလိဇဗက် အက်ဒ်ဝပ်ဟာ အသက် ၅ဝ မှာ ကလေးမွေးတယ်။

Young father ယောက်ျားက အသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ ကလေး မွေးတတ်သလား http://doctortintswe.blogspot.com/2014/10/young-father.html

Dr. တင့်ဆွေ
၁၈-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး