Dashi and Sweetening Agents ဟင်းခပ်မှုန့်များ

၁။ ဆရာမင်္ဂလာပါ။ အချို့မှုန့် အစားထိုး Dashi ငါးအသားဟင်းခတ်မှုန့်နဲ့ပတ်သတ်ပြီး ဆရာရေးထားတာ အရင်က ဖတ်ဘူးပါတယ်။ သူငယ်ချင်းတွေကို ပြန်မျှဝေပေးချင်လို့ပါ။ ကျေးဇူးပြုပြီး link လေး ပေးပါဦး။ လေးစားစွာဖြင့်။

၂။ ဆရာရှင့် ကျွန်မ နှစ်နှစ်အရွယ်ရင်သွေးရှိသော မိခင်ပါ။ ကလေးကိုယ်ဝန်ရှိကတည်းက အချိုမှုန့်ကြောက်လို့ ရှောင်ခဲ့ပါတယ်။ သကြားအစားထိုးခဲ့ပါတယ်။ ကလေးမွေးပြီးမှာတော့ အချိုမှုန့်အရသာနဲ့ Dashi လို့ခေါ်တဲ့ ဂျပန်မှ တင်သွင်းသော ငါးမှုန့်ကို တွေ့လာရလို့ စမ်းသုံးကြည့်ခဲ့ပါတယ် ကြိုက်ပါတယ်။ အန္တရာယ်ကင်းတယ်လို့လည်း သူတို့ကြော်ငြာသလိုယုံကြည်လို့ပါ။ တကယ်ရော အန္တရာယ်ကင်းပါသလားဆရာ။

၃။ ဆရာခင်ဗျာ Dashi ကို တခြားဟင်းခတ်မှုန့်ထက်စာရင် recommend လုပ်ပါသလားခင်ဗျာ။

မလုပ်ပါ။ ဆောရီး။

၎။ အချိုမှုန့်မသုံးရင် မစားတတ်တော့တဲ့ မြန်မာလူမျိုးတွေအတွက် ဟင်းအရသာတက်စေမယ့် သဘာဝနည်းလေးရှိရင် မျှဝေပေးပါ ခင်ဗျာ။

ကျန်းမာရေးအသိလည်းရှိတဲ့ အိမ်ရှင်မတွေက ပိုသိတယ်။ တချို့အမျိုးသားတွေလည်း သိကြတယ်။ ကျွန်တော်ကတော့ အိမ့်ရှင်မကိုမေးပြီးမှ ထပ်ရေးပါအုံးမယ်။

၅။ ဆရာခင်ဗျာ ဘယ်လိုဟင်းခပ်မှုန့် သုံးသင့်ပါသလဲခင်ဗျာ။ ဆရာ့အိမ်မှာရော ဘယ်လို ဟင်းခပ်မှုန့် အစားထိုးစနစ် သုံးပါသလဲခင်ဗျာ။ ကျန်းမာချင်လို့ပါဆရာ။

ဘယ်အစားအစာမဆို လတ်ဆတ်တာလောက် ကျန်းမာရေးအတွက် မကောင်းပါ။ တာရှည်ခံအောင် လုပ်ထားတာတိုင်းမှာ ဓါတုဆေးတွေပါတယ်။ သဘာဝတွေက အကောင်းဆုံးဖြစ်တယ်။ ပုစွန်ဆိပ် သေးသေး မွှားမွှားလေးက ချိုအောင်လုပ်စေတဲ့ စက်ရုံထုတ်တွေထက် ကောင်းတယ်။ လျှာဆိုတာ အကျင့်ပါတယ်။ အကျင့်ဆိုတာပြင်လို့ရတယ်။

၆။ Dashi သုံးစွဲခြင်းကြောင့် အချိုမှုန့်နဲ့ ကြက်သားမှုန့်များလို ဆိုးကျိုးများ ဖြစ်စေသလားဆရာ။

ဒက်ရှီမှုန့်၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့်၊ ဟင်းခပ်မှုန့်တွေဟာ အတူတူသာဖြစ်ပါတယ်။

၇။ Brown sugar က ရိုးရိုးသကြားထက် ဘာကောင်းသလည်းဆရာ။

Brown sugar သကြားအညိုရောင်ဟာလည်း သကြားအဖြူလိုပဲ ကြံကနေထုတ်တယ်။ ဆူးခရို့စ်ပဲဖြစ်တယ်။ Molasses မိုလက်ဆီးဆိုတာ ပါလို့ ညိုနေတာ။ သကြားအဖြူထက် ကယ်လိုရီ နည်းနည်းလေးသာနည်းတယ်။ ဂရမ် ၁ဝဝ စီကနေ သကြားအဖြူက ကယ်လိုရီ ၃၉၆ ရပြီး၊ သကြားညိုကနေ ၃၇၃ ရတယ်။

၈။ ဆရာရှင့် အခုတလော ကျွန်မတို့ဆီမှာ အသုံးများနေတဲ့ ဟင်းခပ်မှုန့်က အချိုမှုန့်မပါဘူးလို့ပြောပါတယ်။ ပါဝင်တာတွေကို ဆရာ့ဆီပို့လိုက်ပါတယ်။ အချိုမှုန့်ပါမပါ ပြောပြပေးပါရှင့်။

ပုံထဲမှာရေးထားတဲ့ Monosodium glutamate ဆိုတာ ဟင်းချိုမှုန့်ဖြစ်တယ်။ ပုံထဲပြထားတဲ့ အချိုမှုန့်ထဲမှာ တခြား ပါတာတွေက Kelps ဆိုတာ ပင်လယ်ရေညှိ အညိုရောင်ဖြစ်တယ်။ Sugar သကြားဆိုတာ Glucose (Dextrose) ဂလူးကို့စ် (ဒက်စထို့စ်)၊ Fructose ဖရပ်တို့စ် နဲ့ Galactose ဂလက်ကို့စ်တွေကိုခေါ်တယ်။ Maltose မောလ်တို့စ် နဲ့ lactose လက်တို့စ (နို့) သကြားတွေလည်းရှိတယ်။ စားပွဲတင်သကြားဆိုတာ Sucrose ဆူးခရို့စ်ဖြစ်တယ်။ Sugarcane ကြံနဲ့ Sugar beets အပင်တွေကနေ ထုတ်လုပ်တယ်။ Date palm ပင်၊ Sorghum ပင်နဲ့ sugar maple ပင်တွေကနေလည်း ထုတ်လုပ်နိုင်တယ်။ Fructose ဖရပ်တို့စ်ကို Fruit sugar သစ်သီးသကြားလို့ ခေါ်တယ်။ Sugar cane ကြံပင်၊ Sugar beets ပင်နဲ့ Corn ပြောင်းသကြားတွေနေ ထုတ်လုပ်တယ်။ သကြားတိုင်းဟာ ဆီးချိုရှိသူတွေနဲ့ မသင့်ပါ။

၉။ အိမ်မှာအချိုမှုန့်မသုံးပဲ ရွှန်းတိုးတိုးဆိုတဲ့အမှုန့်ကို သုံးပါတယ်။ ၃-၄နှစ်လောက်ရှိပါပြီ။ မန္တလေးကထုတ်တာပါ။ သစ်သီး သစ်ဥတွေကထုတ်တယ်ပဲ ပြောထားတယ်။ မြန်မာပြည်ကထုတ်တဲ့ ရွှေပင်လယ်ပုဇွန်မှုန့်ကော အဲလိုပဲလားမသိလို့ ပြောပြပေးပါရှင့်။

စားစရာတွေကို ချိုအောင်လုပ်တာမှန်သမျှ ဓါတုဆေးတွေနဲ့လုပ်ပါတယ်။ အာဂျီနိုမိုတိုကတော့ ထုတ်တာလည်း ကြာလို့ လေ့လာဆန်းစစ်မှုတွေများတယ်။ အဆိုးအကောင်း စာထဲမှာရေးထားပါတယ်။ အသစ်ပေါ်တွေကိုတော့ ဆေးသုတေသန မစုံသေးပါ။ ဂျပန်ကထုတ်ထုတ်၊ အမေရိကားကထုတ်ထုတ်၊ မြန်မာဖြစ်ဖြစ်ဖြစ် အစစ်-သဘာဝ-လတ်လတ်ဆတ်ဆတ် တွေလောက် မကောင်းကြပါ။ တချို့ကိုတော့ မသုံးပါနဲ့ဆိုရင် အရက်မသောက်ပါနဲ့လို့ ပြောရတာထက် ခက်မယ်။

Ajinomoto ဟင်းချိုမှုန့် http://doctortintswe.blogspot.com/2015/03/ajinomoto.html
Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/03/chicken-flavored-broth-and-health-risks.html
Dashi and Sweetening Agents ဟင်းခပ်မှုန့်များ http://doctortintswe.blogspot.com/2015/07/sweetening-agents.html

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၅
၃-၇-၂ဝ၁၅
၁၇-၅-၂ဝ၁၆
၂၆-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး