Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ

၁။ ဆရာ သမီး အသက်၂၀ အမျိုးသမီးပါ. အိမ်ထောင် မရှိပါ။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ်သိမ်ငယ်သလိုခံစားနေရတယ် စိတ်တွေလည်းအလိုမကျဘူး တယောက်ယောက်ကိုပြဿနာရှာချင်တယ်။ အရင် ကိုယ်လုပ်တိုင်းပျော်ရွှင်ရတဲ့ကိစ္စတွေ ခုလုပ်ရင် အရင်လိုမ ပျော်နိုင်တော့ပါ သူငယ်ချင်းတွေနဲ့လည်း မတွေ့ချင် ပဲတယောက်တည်းနေချင်လာတယ်။ အမြဲတမ်းလည်းအိပ်ချင်လာတယ်။ အိပ်နေရင် စိတ်ထဲမှာခံစားရမဲ့ကိစ္စတွေ ခဏမေ့နေနိုင်တော့ အမြဲတမ်းလိုလို အိပ်ဖို့ပဲ တွေးနေမိတယ်။ Suicide လုပ်ဖို့လည်း ခဏခဏတွေးမိလာတယ်။ ကြိုးလည်းကြိုးစားခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ်လည်း နာကျင်အောင် လုပ်ချင် လာတယ် ကိုယ့်ကိုဘယ်သူမှမလိုအပ်တော့သလိုခံစားရတယ်။ ရှေ့ဆက်ပြီး ဘာလုပ် ရမလဲဆိုတာလည်းတွေးလို့မရဘူး။ လူမှုရေးကြောင့်စိတ်ထိခိုက်တာမျိုးတော့ရှိပါတယ်။ ဘာလုပ်လုပ် စိတ်မပါဘူး။ သမီးဘယ်လိုလုပ်သင့်လဲဆိုတာကူညီပါဆရာ။ ဖြစ်နေတာ အချိန်အတိအကျတော့ မခန့်မှန်းတတ်ပါ။ လွန်ခဲ့သော တနှစ်ကျော်လောက်ကဖြစ်ခဲ့ဖူးပါသည်။ ကြားထဲမှာမခံစားရတော့ပါ ခုတလနှစ်လလောက်မှ ပြန်ခံစားရတာပါ။ ခုက ပိုဆိုးပါသည်။ အရင်ကခုလောက်မဆိုးပါ။

၂။ ဆရာ သမီးအသက် ၁၈နှစ်ပြည့်ခါနီးပါပြီဆရာ။ မကြာခဏ ဘဝကိုအဓိပ္ပါယ်မရှိဘူးလို့ခံစားရတယ်။ အလိုလိုနေရင်း ဝမ်းနည်းနေတတ်တယ်။ လူတွေနဲ့လည်းမနေချင်တော့ဘူးလို့ ခဏခဏခံစားရတယ်ဆရာ။ သမီးစိတ်ကျရောဂါဖြစ်နေတာလားဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။ သမီးအဲဒီလိုဖြစ်နေတာ ၃-၄နှစ်လောက်ရှိပြီဆရာ။

နှစ်စဉ် အောက်တိုဘာလ (၁ဝ) နေ့တိုင်းကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့လို့ သတ်မှတ်ထားပါတယ်။ စိတ်ကျရောဂါဟာ လူပေါင်း သန်း ၃၅ဝ ကျော်မှာခံစားနေရတာပါ။ အသက်အရွယ်မျိုးစုံ၊ လူမျိုးစုံမှာ ဖြစ်နေတာပါ။ ကနေ့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ လေ့လာမှုပြုတော့ ပြီးခဲ့တဲ့နှစ်အတွင်း လူ ၂ဝ မှာ ၁ ယောက် ဒီလိုစိတ်ကျဖြစ်စဉ် တကြိမ်ခံခဲ့ရတာကို သိရပါတယ်။ တချို့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့စဖြစ်တယ်။ သူတို့အဖို့ စာသင်ရာ၊ အလုပ်လုပ်ရာတွေမှာ အားနည်းကြရပြီး ပြန်လည်း ဖြစ်တတ်သေးပါတယ်။

Depression ဆိုတာ စိတ်ကျတဲ့မူ ဖြစ်လာမယ်၊ ပျော်စရာ ရှာမတွေနိုင်ဖြစ်မယ်။ အားအင်ကုန်နေသလိုဖြစ်မယ်။ ကိုယ့်ကိုယ်ကိုအပြစ်လို့ ထင်နေမယ်။ ကိုယ့်ကိုယ်ကို အထင်သေးစိတ် ဝင်နေမယ်။ အအိပ်ပျက်၊ အစားပျက် ဖြစ်မယ်။ ဘာကိုမှ အာရုံမစိုက်နိုင်ဘူး။ တခ့တလေ စိုးရိမ်စိတ်နဲ့တွဲဖြစ်တတ်သေးတယ်။ နာတာရှည်ဖြစ်နိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ တချို့မှာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်ပြီး တကယ်သတ်သေကြတယ်။ တနေ့မှာ လူပေါင်း ၃ဝဝဝ Suicide သတ်သေနေကြတယ်။ တကယ်သတ်သေသူတွေဟာ မသေမီ အကြိမ်ပေါင်း ၂ဝ အထိကြိုးပမ်းမှုလုပ်ဘူးကြတယ်။

စိတ်ကျရောဂါဟာ အမျိုးသမီးတွေမှာ ယောက်ျားတွေထက် ၂ ဆ မျိုးတယ်။ နိုင်ငံချင်းအလိုက် ဖြစ်နှုန်းမတူတာတွေ ရှိတယ်။ ဂျပန်မှာ ၃%၊ အမေရိကမှာ ၁၆့၉% ရှိတယ်။ တိုင်းပြည်အများစုမှာ ပျမ်းမျှ ၈-၁၂% ရှိတယ်။

စီးပွါးရေးမှာ ဆင်းရဲမွဲတေမှုဟာ ဖြစ်စေနိုင်တဲ့ အကြောင်းတရားတပါးဖြစ်တယ်။ ပညာနည်းတာက အကြောင်းတပါး ဖြစ်တယ်။ အမျိုးရင်းထဲမှာ တယောက်ရှိနေရင် ဖြစ်ဘို့ရာ သူများတွေထက် ၂-၃ ဆ ပိုတယ်။ ကြမ်းတမ်းမှု၊ အကြမ်းဖက်မှုကို ကိုယ်တွေ့မျက်မြင်ရှိဘူးသူတွေမှာ ပိုဖြစ်တတ်တယ်။ အိမ်ထောင်ရေးကွဲတာရှိထားရင် အထူးသဖြင့် ယောက်ျားတွေမှာ ဖြစ်တာဘို့ အခွင့်များတယ်။ နာတာရှည်ရောဂါတခုခု ခံစားနေရသူတွေမှာလဲ ဖြစ်လာနိုင်တယ်။

ကုသနည်းရောဆေးတွေ အသေအချာရှိပါတယ်။ ထိရောက်တယ်။ ကုနည်းတွေ ရှိပါလျှက်နဲ့ တချို့တိုင်းပြည်တွေမှာ ဝေဒနာသည် ၁ဝ ယောက်မှာ ၁ ယောက်သာ ဆေးကုသမှု ခံယူနေတာ သိလာရတယ်။ ဒါတွေကြောင့် ကမ္ဘာ့ စိုးရိမ်စရာ ကျန်းမာရေးဝန်ထုပ်ကြီးလို့ ခေါ်နိုင်ပါတယ်။

စိတ်ကျရောဂါဟာ ဖြစ်လိုက် သက်သာလိုက်နေတတ်တယ်။ ဖြစ်လာတာကို Depressive episode ခေါ်တယ်။ အပျော့စား၊ အလတ်စားနဲ့ အပြင်စားဆိုပြီးခွဲနိုင်တယ်။ အလုပ်အကိုင်းမှာ လျှော့နည်းတာတွေရှိပေမဲ့ အလုပ်ပျက်လောက်အောင်အထိ မဖြစ်ကြပါ။ Bipolar affective disorder စိတ်နှစ်ခွနဲ့ တွဲတာလဲရှိတယ်။ Manic episodes တက်ကြွမှုဖြစ်လိုက် Depressive episodes စိတ်ဓါတ်ကျလိုက်ဖြစ်မယ်။ ကြားထဲမှာ ပုံမှန်ဖြစ်နေမယ်။ Manic episodes ဖြစ်ချိန်မှာ သိပ်တက်ကြွနေမယ်။ အားအင်တွေလဲ သူများတက်များနေမယ်။ လုပ်စရာတွေလဲ သူများထက် ထူးထူးကဲကဲ လုပ်နေလိမ့်မယ်။ အအိပ်အနေလဲ နည်းမယ်။

ကုသနည်းမှာ (၃) ပိုင်းပါရမယ်။
(၁) Basic psychosocial support အခြေံကျတဲ့ စိတ်ပိုင်ဆိုင်ရာထောက်ကူမှုပေးခြင်း၊
(၂) Antidepressant medication or ဆေးပေးခြင်း နဲ့
(၃) Psychotherapy စိတ်ပိုင်းကုသနည်း (ဒီထဲမှာ Cognitive behavior therapy, Interpersonal psychotherapy or Problem-solving treatment နည်းတွေပါတယ်။) တွေဖြစ်ကြတယ်။

Depression (1) စိတ်ကျရောဂါ http://doctortintswe.blogspot.com/2014/11/depression-1.html
Depression (2) ပုထုဇ္ဇနော http://doctortintswe.blogspot.com/2014/11/depression-2.html
Depression (3) စိတ်ကျခြင်း http://doctortintswe.blogspot.com/2014/11/depression-3.html
Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ http://doctortintswe.blogspot.com/2014/11/depression-4.html

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၃
၆-၇-၂ဝ၁၇
၂၇-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး