Friday, September 22, 2017

Blocked Tear Ducts မျက်ရည်လမ်းကြောင်းပိတ်ခြင်း

၁။ ကျွန်မ သမီးလေးက အသက်၎လ ပြည့်ပါပြီ ဆရာ။ အခု နှာစီးပြီး မျက်လုံးထဲကလည်း တချိန်လုံး မျက်ရည်တွေကျနေလို့ပါဆရာ။ ကိုယ်တော့မပူပါဘူး။ သမီးလေး မျက်လုံးကစိုးရိမ်ရလား သိချင်လို့ပါဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ လေးစားစွာဖြင့်။

၂။ ဆရာရှင့် သားလေးက ၁၁ ရက် ၈ လ၊ ၂ဝ၁၅ မှာမွေးတာပါရှင့်။ မွေးကတည်းက ညာဘက်မျက်လုံးက မျက်ဝတ်နဲ့ မျက်ရည်များကျပါတယ်ရှင့်။ ဆရာဝန်က မျက်ရည်အိတ်လမ်းကြောင်းပိတ်တယ်ပြောပြီး TOBREX မျက်စဉ်းဆေးကို တနေ့ ၃ ကြိမ်၊ တပတ်ခတ်ခိုင်းပါတယ်။ မျက်ဝတ်ထွက်တာသက်သာပေ့မယ့် မျက်ရည်ထွက်တာ မသက်သာပါရှင်။ အဲဒါ စိုးရိမ်ရပါသလားဆရာရှင့်။ ပြီးတော့ဘယ်လိုလုပ်ရင်သက်သာမလဲ သိချင်ပါတယ်ရှင့်။ ဆရာဝန်ကတော့ မျက်စဉ်းဆေး မခတ်ခိုင်းတော့ပါဘူး။ လေးစားစွာဖြင့် ဆရာကျန်းမာပါစေ။

၃။ ကျွန်မသမီးလေးက ၁ဝ လထဲမှာပါ။ မွေးပြီး ၁ လကျော်လောက်ကစပြီး မျက်ဝတ်တွေထွက်ပြီး မျက်ရည်ကျပါတယ်။ ၂ ဖက်လုံးပါ။ ညာဘက်ကတော့ ပိုဆိုးပါတယ်ရှင့်။ ဖြစ်ဖြစ်ချင်း ကလေးအထူးကုနဲ့ပြကြည့်တော့ Tetracycline eye ointment ပေးပါတယ်ဆရာ။ အဲ့ဒါလေးထည့်ရင်း ဘယ်ဘက်တဘက်ကတော့ လုံးဝမထွက်တော့ဘူးရှင့်။ ညာဘက်ကတော့ ၄-၅ ရက်တခါလောက်တော့ မျက်ရည်ကြည်လေးတွေကျပါတယ်။ ကျွန်မတို့လည်း စောင့်ကြည့်နေရင်း အရှင်းပျောက်ချင်လို့ ကလေးအသက် ၆ လမှာ ကလေးဆရာဝန်ဆီ ထပ်ပြပါတယ်။ မျက်လုံးသန့်ဆေးလေးသာပေးပြီး တလကြာရင်ပြန်လာပြခိုင်းပါတယ်။ တလအတွင်းလည်း ပုံမှန် ၅ ရက် ၇ ရက်တခါလောက်တော့ မျက်ရည်ကြည် ကျပါတယ်ရှင့်။ ဆရာဝန်ဆီပြန်သွားတော့ မျက်ရည်လမ်းကြောင်းကျဉ်း သို့ ပိတ်တာဖြစ်နိုင်ကြောင်း မျက်စိဆရာဝန်နဲ့ ပြခိုင်းပါတယ်။ ကလေး ၈ လမှာ မျက်စိဆရာဝန်နဲ့ပြကြည့်တော့ Lomeflox eye drop နဲ့ မျက်စိသန့်ဆေးနဲ့ပေးလိုက်ပြီး ၁၅ ရက်နေရင်ပြန်လာပြခိုးပါတယ်ရှင့်။ ပြန်ပြတော့ မျက်ရည်လမ်းကြောင်း ပိတ်တာဖြစ်းပီး သူ့အလိုလိုပြန်ပွင့်နိုင်ကြောင်း၊ အသက် ၄-၅ နှစ်ရောက်တဲ့အထိ မပျောက်မှဖောက်ပေးမယ်လို့ ပြောပါတယ်။ မျက်စိသန့်ဆေးလေးသာတနေ့ ၂ ကြိမ်အမြဲ ခတ်ပေးရပါ့မယ်တဲ့။ ခုချိန်ထိ မျက်စိသန့်ဆေးလည်း ခတ်ပါတယ်။ သမီးလေး မျက်ရည်လေးတွေကလည်း ပုံမှန်ကျပါတယ်။ ရာသီဥတုပူရင် ရက်စိတ်ပြီးကျသလို မျက်ဝတ်လေးတွေလည်း ထွက်နေတုန်းပါရှင့်။ ကျွန်မစိုးရိမ်မိတာက မျက်စိဆရာဝန်ပြောသလိုမဟုတ်ဘဲ တခြားရောဂါဖြစ်နေတာကို ကျွန်မတို့က ပြစ်ထားမိသလိုဖြစ်မှာစိုးရိမ်တာပါရှင့်။ အချိန်လွန်မှသိတာမျိုးဖြစ်မှာ စိုးလို့ပါရှင့်။

မျက်စိတွေဟာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖုန်စတာတွေနဲ့ အမြဲထိတွေနေကြရတယ်။ မျက်တောင်မွှေးနဲ့ မျက်ခွံတွေက အကာကွယ်ပေးနေရတယ်။ မျက်စိဟာ အမြဲစိုနေရတယ်။ မျက်ရည်ထွက်အိတ်ကလေးတွေရှိတယ်။ ပြွန်လေးကနေတဆင့် မျက်စိထဲဆင်းလာနေတယ်။ မျက်ရည်ထဲမှာ အင်တီဘော်ဒီပါနေလို့ ကူးစက်ရောဂါအလွယ်နဲ့ မရစေဘူး။ မျက်ရည်ပြွန်ကနေ ထုတ်ပြစ်ပေးနေတယ်။ အထက်-အောက်မျက်ခွံတွေမှာ ပြွန်နဲ့ အပေါက်လေးတွေ ရှိကြတယ်။ မျက်ရည်အိတ်ကနေ မျက်ရည်ဟာ မျက်ရည်ပြွန်ကနေ နှာခေါင်းနောက်အထိဆင်းတယ်။ ငိုရင် နှပ်ရှုံ့ကြတယ်။ နှာရည်စီးကျတယ်။

မျက်ရည်လမ်းပိတ်နေရင် ရောဂါဖြစ်မယ်။ တချို့ကလေးတွေ မျက်ရည်လမ်းဖွံ့ဖြိုးမှု မစုံခင်မွေးလာကြတယ်။ congenital nasolacrimal duct obstruction (dacryostenosis) လို့ခေါ်တယ်။ နှာခေါင်းထဲအသီးဖြစ်နေရင်လည်း မျက်ရည်လမ်း ပိတ်နေမယ်။ နှာခေါင်းထဲ အကျိတ်ရှိနေရင်လည်း ပိတ်နေမယ်။ ထိခိုက်မိလို့လည်း ပိတ်နေနိုင်တယ်။

မျက်ရည်လမ်းပိတ်နေရင် မျက်ရည်များနေမယ်။ ကလေးက မငိုပဲများနေမယ်။ ပိုးဝင်နိုင်တယ်။ dacryocystitis မျက်ရည်အိတ်ရောင်နိုင်တယ်။ မျက်စိအတွင်းဒေါင့်မှာနီရဲနေမယ်။ ပြည်တည်လာနိုင်တယ်။ dacryocystocele အိတ်နေရာ ဖေါင်းနေတာလည်းဖြစ်နိုင်တယ်။ ဖြစ်တဲ့နေရာကိ နှိပ်နယ်ပေးရတယ်။ တနေ့မှာ အကြိမ်များများ၊ ၁-၂ လအထိ လုပ်ရတယ်။ ပိုးသေဆေးမျက်စဉ်းနဲ့ ပျောက်နိုင်တယ်။ တချို့ကို ခွဲစိတ်ပေးရတယ်။

ကလေး ၆-၈ လအထိမပျောက်သေးရင် ခွဲရတတ်တယ်။ မျက်ရည်လမ်းကို ဆေးထိုးအပ်လေး (ဝိုင်ယာ) နဲ့ လမ်းဖွင့်ပေးနည်းလုပ်တယ်။ ၈၅-၉၅% ကောင်းတယ်။ လိုရင်ထပ်လုပ်ရတယ်။ ဒီနည်းနဲ့မရသေးရင် silicone tube intubation နည်းလုပ်မယ်။ ပိုက်ငယ်လေးထည့်ပေးတယ်။ ၆ လအထိထားတတ်တယ်။ နောက်တနည်းက balloon catheter dilation (DCP) ခေါ်တယ်။ ဘူဘောင်းလေးသုံးတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၅
၁၃-၁-၂ဝ၁၆
၂၂-၉-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...