Rice Water ဆန်ဆေးရေ
မေးတဲ့သူ အမျိုးသမီးလို့ယူဆ။ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေးမသိ။ ကျန်တာ မသိ။
၂။ ဆရာခင်ဗျာ လွန်ခဲ့သောလအနည်းငယ်ခန့်က ဆန်ဆေးရည်သောက်ရခြင်း၏အကျိုးများအား လူမှုကွန်ယက်ပေါ်တွင် တွင်တွင်ကျယ်ကျယ် တွေ့နေရပါသဖြင့် ၎င်းဆန်ဆေးရည်၏ဆိုးကျိုးကောင်းကျိုးများအား ရှင်းပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
၃။ ဆရာရှင့် ဆန်ဆေးရည်က ကျန်းမာရေးအတွက် ဘယ်လိုနေရာတွေမှာအသုံးဝင်လဲ သိချင်ပါတယ်ရှင်။
အမတယောက်ကပြောတာတော့ သူဆန်ဆေးရည်သောက်နေတာ ၂လ ၃လလောက်ကြာပြီ။ အဆီကျတယ် ဝမ်းမှန်တယ်ပြောလို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။
အရပ်ခေါ် ဆန်ဆေးရေ (ဆန်ဆေးရည်မဟုတ်) က ဘာကိုပြောသလဲ တယောက်တမျိုးဖြေမယ်။ ထမင်းမချက်ခင် ဆန်ကို သန့်အောင်လုပ်ဘို့ဆေးတဲ့ ညစ်ထေးနေတဲ့ရေလား။ ပြောနေကြတဲ့ ဆန်ဆေးရေမှာ ဆေးသုတေသန မရှိပါ။ ဆန်ဆေးရေထဲမှာ ဆန်စေ့ပေါ်မှာ ကပ်နေတဲ့အရာမှန်သမျှ ပါနေမယ်။ ဘာတွေလဲ။ ဆန်အမျိုးအစားလည်း ကြည့်ရမယ်။ ဆန်ကိုဘယ်လိုထားသိုခဲ့သလဲ ကြည့်ရမယ်။ ဆေးပြီးသားဆန်ကိုချက်လို့ ဆန်ပွက်မှ ထွက်လာတဲ့ ထမင်းရည်နဲ့ ဆန်းဆေးရေ မတူပါ။
ဆန်စေ့အပေါ်ဆုံးကအလွှာ ဖွဲအသန့်မှာ အာဟာရဓါတ်ပါတယ်။ ဒါပေမယ့် အနည်းဆုံး တထပ်တော့ဆေးရတယ်။ ဖွဲထဲမှာ ဖိုက်ဘာခေါ် ဝမ်းမချုပ်စေတဲ့ဓါတ်ပါတယ်။ ပရိုတင်းပါတယ်။ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ phytic acid လည်း ပါတယ်။ အဲတာကတော့ အာဟာရစုပ်ယူတာကို နည်းစေလို့ မကောင်းလှပါ။
အခုရေးတာက Bran ဖွဲ (ဖွဲနု) ရဲ့အာဟာရဓါတ်ဖြစ်ပါတယ်။ အဲဒီအာဟာရဓါတ်တွေလိုချင်တာဆိုရင်တော့ ဟိုးလ်ဂရိန် ခေါ် ဆီရီရယ်ကိုသာ စားသုံးသင့်ပါတယ်။ ဆန်၊ ဂျုံ၊ ပြောင်းစေ့တွေကို ဖြူဖွေးအောင်လုပ်မထားတာက ကျန်းမာရေးအတွက် ကောင်းတယ်။
ဆန်ဆေးရေထဲမှာ အမှုံအမွားတွေပါနိုင်တယ်။ ရေဆူအမှတ်ရောက်မှသာ သေနိုင်တဲ့ ပိုးတွေလည်းပါနေနိုင်တယ်။ အော်ဂဲနစ်မဟုတ်ရင် ပိုးသတ်ဆေးစတာလည်း မကင်းလောက်ပါ။
ဝီကီပီးဒီးယားထဲမှာ မြန်မာပြည်မှာ ဖွဲနုဆီအဖြစ်လည်းထုတ်လုပ်သုံးစွဲတာ ရေးထားတယ်။ ရေခဲကို အရည်မပျောက်အောင် ထားသိုဖို့လည်းသုံးတယ်။ ဖွဲပြာကို ဆေးကြောသန့်ရှင်းရေးလုပ်မှာလည်း သုံးကြတယ်လို့လည်း ရေးထားတယ်။ ဆန်ဆေးရေနဲ့ ပန်းကန်ခွက်ယောက်ဆေးရင် ဆီပါနေတာပြောင်တယ်။ သောက်တဲ့သူတွေ အူပြောင် မပြောင် မသိပါ။ ယူအက်စ်အေမှာ ဝယ်လို့ရတဲ့ဆန်ကိုဆေးရင် ဆန်ဆေးရေက နောက်မနေပါ။
သူများတိုင်းပြည်တွေမှာ ဆန်ဆေးရေကို စမ်းသပ်သုံးစွဲတာတော့ ရှိပါတယ်။ Ancient Asian secret ရှေးရိုးအာရှ လျို့ဝှက်ချက်လို့ ရေးပါတယ်။ လုပ်ပုံလုပ်နည်းလည်းရှိတယ်။ ကျွန်တော်တို့ဆီက ထမင်းမချက်ခင်ဆေးကြတဲ့ ဆန်ဆေးရေနဲ့ မတူပါ။ ဆန် ၂-၃ ဇွန်း + ရေ ၂ ခွက်ကို ဒယ်ထဲထည့်ပါ။ ရေသန့်ပါစေ။ ရေသန့်ဗူးရေကိုသုံးနိုင်ရင်သုံးပါ။ ဆား စတာ ဘာမှ မထည်ပါနဲ့။ မိနစ် ၂ဝ-၃ဝ ကြာအပူပေးပါ။ နောက်ပြီး နို့ရောင်ဖြစ်လာမယ်။ ဆံပင်နဲ့ အရေပြားကို လိမ်းဖို့ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၇
၁၉-၉-၂ဝ၁၇
Comments
Popular posts from this blog
Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)
Burmese Proverbs စကာပုံများ (က)
Menoral ဟော်မုန်းဆေးတမျိုး