Culture and Belief ယဉ်ကျေးမှုနဲ့ ယုံကြည်မှု
ဆရာ ယဉ်ကျေးမူ နဲ့ ကိုးကွယ်မူ မရှင်းမရှင်းဖြစ်နေတယ် ရှင်းပြပေးပါ။
ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာကို တချို့နိုင်ငံတွေမှာ တခါတလေမှသာ ခွဲပြောတယ်။ လိင်မမေးနဲ့ ဘာသာရေးမမေးနဲ့ အယူအဆလည်းရှိလို့ပါ။ နေရာတိုင်းမှာတော့ မဟုတ်ပါ။ ယဉ်ကျေးမှုဆိုတာ ဘာသာရေးက အများကြီးလွှမ်းမိုးထားလို့ ယဉ်ကျေးမှုလို့ပြောလိုက်ရင် ဘာသာရေးပါတွဲနေတာမို့ တခါတလေမှာ ယဉ်ကျေးမှုလို့သာ တလုံးတည်းသုံးတာလည်း ရှိတယ်။ ကာလ်ချာလို့ပြောရင် ယေဘုယျသိပ်ကျတဲ့ အတန်းအစားသတ်မှတ်ပြီး ပြောတာဖြစ်တယ်။ ဥပမာ မြန်မာပြည်ကဆိုတာနဲ့ မြန်မာပြည်က အဓိကကျတဲ့ လူမျိုး + ဘာသာစကား + ကိုးကွယ်မှု + ယဉ်ကျေးမှု စတာတွေ အကုန်ကို ခြုံပြောလိုက်တာဖြစ်တယ်။ လေ့လာဆန်းစစ်မှု လုပ်မှသာ ဘယ်အမျိုးအစားမှာ ဘယ်လောက်များတယ် နည်းတယ် ထည့်ပြောပါတယ်။
Faith ယုံကြည်မှု
ဘာသာရေးအမျိုးမျိုးကို ဆိုလိုတယ်။ Religion ကိုးကွယ်ရာဘာသာနဲ့ အတူရောသုံးလေ့ရှိတယ်။ ဘုရား၊ ဘုရားသခင်၊ နတ်၊ ဗြဟ္မာ စတာတွေကို သက်ဝင်ယုံကြည်ပြီး ကိုးကွယ်မှုတွေလုပ်တယ်။ သင်ကြားပို့ချချက်တွေကို လိုက်နာ ကျင့်ကြံကြတယ်။ ၂ဝ၁၂ စစ်တမ်းတခုအရ ကမ္ဘာမှာ ကိုးကွယ်ရာဘာသာရှိသူက ၅၉% ရှိတယ်။ ၂၃% က ဘယ်ဘာသာကိုမှ မယူကြဘူး။ အဲတာထဲမှာ ၁၃% က Atheists လို့ တိတိကျကျပြောပြီး၊ ကျန် ၉% က ယုံကြည်မှု လျှော့လာတယ်လို့ဆိုတယ်။ ၂ဝ၁၅ ထဲမှာ ဆန်းစစ်မှုတခုလုပ်တော့ ၂၂% က ဘယ်ဘာသာတရားကိုမှ မယူကြပဲ၊ ၁၁% ကသာ Atheists လို့ တိတိကျကျပြောကြတယ်။ တချို့လူတွေက ဘာသာတခုမကကို လိုက်တာလည်းရှိသေးတယ်။
Culture ယဉ်ကျေးမှု
အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာတော့ လူ့အသိုင်းအဝိုင်း တခုထဲမှာရှိတဲ့ ဗဟုသုတ + ယုံကြည်မှု + အနုပညာ + စံထားမှုများ + ဥပဒေ + အစဉ်အလာ + အလေ့အထအရ စွမ်းဆောင်မှုများကို စုပေါင်းထားတာဖြစ်ပါတယ်။ အဘိဓာန်ဖွင့်ဆိုချက် တခုကတော့ သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်းတခုမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်းမှာရှိတဲ့ အများဆုံး လက်ခံကြတဲ့ ယုံကြည်မှုနဲ့ အလေ့အထများနဲ့အညီနေထိုင်တဲ့ လူနေမှုဘဝလို့ဆိုပါတယ်။
မနုဿဗေဒအလိုအရ လူဆိုတာ ယဉ်ကျေးမှုရှိခြင်းလို့လည်းဆိုပါတယ်။ ကနေ့လို ယဉ်ကျေးမှုအဆင့်ဖြစ်လာဘို့ရာ ၅ သောင်းလောက်ကြာခဲ့တယ်လို့လည်း မှန်းဆထားတယ်။ ကမ္ဘာပေါ်က သက်ရှိသတ္တဝါ အားလုံးထဲမှာ လူသာလျှင် အဲလိုစွမ်းဆောင်နိုင်ပါတယ်။ လူတွေဟာ သုတနဲ့ အတွေးအခေါ်တွေကို ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတယ်။ တမျိုးတည်း တခုတည်းသဘောမဆောင် အများအပြားသဘော ဆောင်ပါတယ်။
ပြောစကား၊ လူမှုရေးကျင့်ဝတ်၊ လိင်ခွဲခြားထားမှု၊ မင်္ဂလာဆောင်ခြင်း၊ အနုပညာ၊ တေးဂီတ၊ ကခုန်ခြင်း၊ ရိုးရာမှု၊ ကိုးကွယ်ရာဘာသာအပြင် ချက်ပြုတ်ခြင်း၊ အိုးအိမ်နဲ့နေထိုင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်းစတဲ့ နည်းနာတွေလည်း ပါဝင်တယ်။
ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုထဲမှာ နည်းပညာ၊ ဗိသုကာပညာ၊ အနုပညာတွေပါပြီး၊ ရုပ်ပိုင်းမဟုတ်တာမှာ လူမှုရေးနဲ့ နိုင်ငံရေးအသင်းအဖွဲ့တွေပါဝင်တယ်။ ဒဏ္ဍာရီတွေ၊ ဖီလော်ဆော်ဖီ၊ စာပေ၊ သိပ္ပံစတဲ့ အမွေအနှစ်တွေပါတယ်။ ယဉ်ကျေးမှုမှာ ရိုးရှင်းနေသေးရင် သက်တမ်းနုသေးလို့ပဲ။ အဆင့်အတန်းခွဲလို့လည်းရတယ်။ သိမ်မွေ့ ရှုတ်ထွေးလေလေ အဆင့်မြင့်လေလေ။
ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅
၂၅-၉-၂ဝ၁၇

Comments
Post a Comment