ဗူးဘုရားသမိုင်း

ဗူးဘုရားက ထုံးသင်္ကန်းနဲ့မဟုတ်ဘူးလားဆရာ။

ဟုတ်တယ်။ ကျွန်တော်ရောက်ခဲ့စဉ်က ဗူးဘုရားမှာ ထုံးသင်္ကန်းနဲ့ပါ။ စစ်အစိုးရတက်တော့ ဘုရားတွေမှာပါ ရွှေအတုတွေ တက်လာတယ်။

ဗူးဘုရား ထူခြားပြီး သပ္ပါယ်တယ်။ ဗူးဘုရားကို ပျူစောထီမင်းတည်ခဲ့တယ်။ ပုဂံခေတ်ဆိုတာ မဟာသမုဒ္ဒရာဇ်မင်းကစပြီး စောမွန်နစ်မင်းအထိ နှစ်ပေါင်း (၁၂၆၂) နှစ်၊ မင်းဆက်ပေါင်း (၅၈) ဆက်ကြာအောင် တည်တံ့ခဲ့တဲ့ အရှည်ကြာဆုံးခေတ် ဖြစ်တယ်။ သမုဒ္ဒရာဇ်မင်း (၁ဝ၇-၁၅၂) နဲ့ ရသေ့ကြောင်မင်းနောက်မှာ ပျူမင်းထီး နန်းစံခဲ့တယ်။ ပျူစောထီးလို့လည်း ခေါ်တယ်။

အဲဒီအချိန်က ပုဂံအနားတဝိုက်မှာ ဒုက္ခပေးနေတဲ့ ကျား၊ ဝက်၊ ငှက်၊ ရှူးပျံ ရန်တွေကို နှိမ်နင်းပေးလို့ သမုဒ္ဒရာဇ်မင်းက သမီးတော်နဲ့လက်ဆက်စေပြီး အိမ်ရှေ့အရာပေးတယ်။ သူ့လက်ထက်မှာ ဗူးပင် ဗူးနွယ်တွေကို ရှင်းလင်းခဲ့ရတယ်။ အဲဒီအရပ်မှာ ဗူးသီးပုံသဏ္ဌာန်စေတီတည်ခဲ့တယ်။ ဗူးဘုရား ဗိသုကာလက်ရာဟာ သရေခေတ္တရာခေတ်ကလို ထုလုံးရှည် ဓာတ်တော်ကြုတ်ပုံမျိုးဖြစ်တယ်။ အုတ်ခုံအဝိုင်းခံပြီး တည်ဆောက်ထားတယ်။ မြစ်ရေတိုက်စားတာကို ကာကွယ်ဖို့ရာ စိန်တောင်ပတ်လမ်း အဆင့်အဆင့် ပြုလုပ်ထားတယ်။ ကာလကြာလာတော့ ဗူးဘုရားဟာ မြစ်ရေတိုက်စားမှုဒဏ်ကို ခံရတယ်။ ၁၉၇၅ ခုနှစ်ပုဂံငလျင်ဒဏ်ကြောင့် စေတီတခုလုံး ဧရာဝတီမြစ်ထဲ ပြိုကျခဲ့တယ်။

မူလဗူးဘုရားဟာ ထုံးသင်္ကန်းစေတီသာဖြစ်ပါတယ်။ အဝေးကနေဖူးမျှော်ရင် ဧရာဝတီမြစ်ကြီးနဲ့ အလွန်ပနံရတယ်။ မြစ်ရေနဲ့ ငလျင်က သဘာဝဘေးတွေ။ သင်္ကန်းတော်ကတော့ လူလုပ်တဲ့ဘေးဒဏ်။ ကျွန်တော်ကတော့ ရှေးဟောင်း အမွေအနှစ်တွေကို မူလအတိုင်းသာ ရှိစေချင်တယ်။ အရာရာဟာ ရွှေချတိုင်း မကောင်းပါ။

ဟိုရှေးရှေးတုန်းက ဂရိမိုက်သော်လော်ဂျီထဲက မိုင်းဒပ်စ်ဘုရင်ကြီးဟာ ဆုတောင်းမှားလို့ သူ့လက်နဲ့ထိတာတိုင်းက ရွှေဖြစ်တယ်။ စားစရာရွှေခဲ၊ သောက်စရာရွှေရည်။ ချစ်လှတဲ့သမီးတော်လေးကို ထိမရဖြစ်ရလို့ နောက်ဆုံးမှာ လက်နဲ့ထိတိုင်း ရွှေဖြစ်စေတဲ့ဆုကို ပြန်အပ်ခဲ့ရတယ်။ မြန်မာ့ရာဇဝင်မှာလည်း မိုင်းဒပ်စ်ဘုရင်မျိုး စိုးစံခဲ့ဖူးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၇
ပုံ = မောင်ထွန်းလှ (၁၈၇၄-၁၉၄၆) ရေးဆွဲခဲ့တဲ့ ဗူးဘုရားရေဆေးပန်းချီ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး