Danafil and Danazol ဆေးအမည် သတိထားပါ

ဆရာရှင့် ရာသီလာရင် စအိုဝထိ ကိုက်လို့ OG သွားပြပါတယ်။ OG က Danafil နဲ့ Eposoft ၆လ သောက်ခိုင်းပါတယ်ရှင့် သူစသောက်ပြီး ၁လအကြာမှာတော့ ရာသီမှန်ပါတယ်ရှင့်။ နောက်လကစပြီး ရာသီသွေးမပေါ်တာ အခုဆို ၂လဆက်တိုက် ရှိပါပြီ။ ဆေးကြောင့်လားရှင့်။ လူကတော့ဘယ်လိုမှမခံစားရပါဘူးရှင့်။ ဒါပေမဲ့ အမျိုးသမီးဆိုတော့ ရာသီသွေးလာချိန် မလာတော့ စိတ်ပူလို့ ပြောပြပေးပါဦးရှင့်။
အဲ့လိုဆေးတွေသောက်နေစဉ်ကာလအတွင်း ရာသီသွေးပျောက်တတ်လားရှင်။

တမျိုးက အကိုက်အခဲပျောက်ဆေးသာဖြစ်။ နောက်ဆေးကလည်း ရာသီကို မသက်ရောက်။

ဆရာရှင့် မင်္ဂလာပါ။ Danafil လို ဟိုမုန်းဆေးတွေ လရှည်သောက်ရရင် ဘေးထွက်ဆိုးကျိုးရှိပါသလားရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင်။ ယခုတော့
ကျွန်မမှာ အဲ့ဆေးစသောက်ပြီး ၁လလောက်တည်းက ရာသီသွေးမပေါ်တော့ပါ။ မျက်နှာတွေလည်းဖောင်းပြီး ယောင်သလိုဖြစ်နေပါတယ်ရှင်

Danafil ဆေးက Sildenafil Citrate ဆေးပါတယ်။ အဲတာ ဟုတ်ပါသလား။ မဟုတ်လောက်လို့ထင်တယ်။

ဘာကိုပြောတာလဲ မသိဘူးရှင့်။ ဒီဆေးပါ ဆရာ။

Danafil နာမည်နဲ့ရောင်းတဲ့ဆေးထဲမှာ Sildenafil Citrate ဆေးပါတယ်။ အဲတာက ယောက်ျားတွေ ပန်းသေပန်းညှိုးအတွက် သုံးတယ်။ ၅ဝ မီလီဂရမ်နဲ့ ၁ဝဝ မီလီဂရမ်လာတယ်။

Danazol Capsules ဆိုတာက ၁ဝဝ မီလီဂရမ်နဲ့ ၂ဝဝ မီလီဂရမ်လာတယ်။ chronic cystic mastitis ခေါ် ကင်ဆာမဟုတ်တဲ့ နာတာရှည် ရင်သားအိတ် ရောင်တာ၊ hereditary angioedema မျိုးရိုးလိုက်ရောဂါတမျိုးတို့ကို ပေးတယ်။ Endometriosis ခေါ်သားအိမ်ရောဂါကြောင့် သားသမီးမရတာ၊ Thrombocytopenic purpura ခေါ် သွေးရောဂါတွေကိုလည်း ပေးတယ်။

Menorrhagia ခေါ် ရာသီများတာအတွက် Danazol 200 mg နေ့စဉ် ၁၂ ပတ်ပေးတယ်။ တချို့ကို ၂ ဆပေးတယ်။

Gynaecomastia ခေါ် ယောက်ျားရင်သားကြီးနေတာအတွက် Danazol 200-800 mg ကိုခွဲပေးတယ်။

Precocious puberty ခေါ် အပျိုဖြစ်စေတာအတွက် 100-400 mg ပေးတယ်။

မေးခွန်းစာရေးရင် တိတိကျကျ မှန်အောင်ရေးဘို့ မနက်တိုင်း ညတိုင်းရေးပါတယ်။ တချို့က မြန်မာစာသင်နေတယ် ထင်ကြတယ်။ မဟုတ်ပါ။ ကြီးကျယ်တယ်လို့စွပ်စွဲပြစ်တင်ကြတယ်။ စာလုံးလေးတလုံးလွဲတာနဲ့ ဆေးမတူပါ။ ရောင်းတဲ့ဆေးအမည် တူနေတာတောင်မှ အထဲကဆေးမတူတာရှိတယ်။

မေးခွန်းထဲက ရရစ်မပါတဲ့ သူစသောက်ပီး၊ နောက်လကစပီး၊ ၂လဆက်တိုက်ရှိပါပီ၊ အဲ့ဆေးစသောက်ပီး၊ မျက်နှာတွေလည်းဖောင်းပီး စာလုံးတွေကိုပြင်လိုက်ပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး