Albert Einstein on Buddhism ဗုဒ္ဓဘာသာအပေါ် အိုင်းစတိုင်း၏မှတ်ချက်

Albert Einstein (14-3-1879 – 18-4-1955) အဲလဗတ် အိုင်းစတိုင်းဟာ ၁၄-၃-၁၈၇၉ နေ့မှာ ဂျာမဏီနိုင်ငံ အူလမ်မြို့မှာ မွေးခဲ့တယ်။ နောက်မှာ အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာနေတယ်။ ဆွစ်နိုင်ငံ ဘန်းမြို့က ပါရဂူဘွဲ့ရတယ်။ Special Theory of Relativity အထူးနှိုင်းရသီအိုရီစာအုပ် စထုတ်တယ်။ လေးအုပ်ရှိတယ်။ e = mc2 ကိုရရှိလာတယ်။ ၁၉၁၅ ခုနှစ်မှာ General Theory of Relativity အထွေထွေနှိုင်းရသီအိုရီကို အဆုံးသတ်တယ်။ ၁၉၂၁ မှာ ရူပဗေဒ နိုဗယ်ဆု ရတယ်။ ၁၉၃၃ ခုနှစ်မှာ အမေရိကကို ပြောင်းနေတယ်။ သူ့ရဲ့သိပ္ပံပညာအစွမ်းတွေကို အများကြီး ရေးထားကြပါတယ်။ အိုင်းစတိုင်းရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တချို့ကို စုစည်းတင်ပြပါတယ်။

လူသားဟာ ယူနီဗာ့စ် (စကြဝဠာ) တခုလုံးရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ အချိန်နဲ့ စပေ့စ်အရ အကန့်အသတ် ရှိတယ်။ လူဟာ သူကိုယ်တိုင် လေ့လာစူးစမ်းတယ်။ သူ့အတွေး၊ သူ့ခံစားချက်တွေကို တခြား သူ့အသိအရ အမြင်သွေလွဲမှုတွေနဲ့ ခြားထားတယ်။ အမြင်သွေလွဲမှုဆိုတာ ကျွန်ုပ်တို့အတွက် အဆိပ်ဖြစ်တယ်။ အနီးကပ်ဆုံး ရှိနေသူအပေါ် လိုလားမှုနဲ့ တွယ်ကပ်မှုကိုပင် တားဆီးစေတယ်။ (စပေ့စ် = အာကာသ)

ကျွန်တော်တို့တာဝန်က အဲဒီအကျဉ်းစခန်းကနေလွတ်မြောက်ရေးဖြစ်တယ်။ အဲလိုလုပ်ဘို့အတွက် လူတွေဟာ သက်ရှိတိုင်းအပေါ်၊ သဘာဝတရားနဲ့ အလှအပေါ်တွေမှာ မေတ္တာတရားလွှမ်းခြုံရမယ်။ ဘယ်သူမှ အဲတာကို အပြည့်အဝ မစွမ်းဆောင်နိုင်ကြပါ။ ဒါပေမယ့် အဲတာကိုစွမ်းနိုင်အောင် ကြိုးပမ်းနေခြင်းဟာ လွတ်မြောက်မှုရဲ့ အစိတ်အပိုင်းနဲ့ အဇ္ဈတ္တလုံခြုံမှုအတွက် အုတ်မြစ်ဖြစ်တယ်။

ဗုဒ္ဓဘာသာမှာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကော့စမစ်ဘာသာတရားနဲ့ အသွင်တူတာတွေရှိတယ်။ လူသားကနေ ဘုရားဖြစ်တယ်။ အရိုးစွဲတွေနဲ့ သီယော်လော်ဂျီ ခေါ် ဘာသာတရားဗေဒကင်းတယ်။ သဘာဝအဖြစ်မှန်တွေနဲ့ ဝိညာဉ်ဆိုင်ရာကို ရောစပ်ထားတယ်။ အလုံးစုံသောအရာဝတ္ထုတွေ၊ သဘာဝဖြစ်စဉ်နဲ့ ဝိညာဉ်တွေရဲ့ အတွေ့အကြုံတွေကို အဓိပ္ပါယ်ရှိရှိ ပေါင်းစပ်ထားတယ်။ (ကော့စမစ် = စကြဝဠာနှင့်သက်ဆိုင်သော)

တကယ်လို့ ခေတ်မီသိပ္ပံပညာနဲ့ ဆက်စပ်မှုရှိတဲ့ဘာသာတရားကိုပြောပါဆိုရင် အဲတာဟာ ဗုဒ္ဓဘာသာဖြစ်တယ်။

မှတ်ချက် - အိုင်းစတိုင်းက ဘယ်တုန်းကမှ အဲလိုမပြောခဲ့ပါလို့ ငြင်းချက်ထုတ်ထားတာလည်း ဖတ်ရတယ်။

Bertrand Russell on Buddhism ဘာထရန် ရပ်ဆဲလ်၏ ဗုဒ္ဓအပေါ်အမြင်

Bertrand Arthur William Russell (18-5-1872 – 2-2-1970) ဘာထရန် ရပ်ဆဲဟာ ဗြိတိသျှ ဖီလော်ဆော်ဖါဖြစ်တယ်။ သင်္ချာနဲ့ သမိုင်းပညာရှင်လည်းဖြစ်တယ်။ နိုင်ငံရေးတက်ကြွသူနဲ့ စာပေနိုဗယ်ဆုရသူလည်း ဖြစ်တယ်။

ဒီကမ္ဘာမှာ ပေါ်ထွန်းပြီးသမျှဘုရားတွေထဲမှာ ကျွန်ုပ်လေးစားတာ တပါးတည်းသာရှိတယ်။ အဲတာ ဗုဒ္ဓဖြစ်တယ်။ အဓိကအကြောင်းအချက်ကတော့ ဗုဒ္ဓဟာ ကမ္ဘာကြီးရဲ့မူလအစကို မဟောခဲ့လို့ပါ။ ဗုဒ္ဓဟာ ကမ္ဘာကြီးရဲ့ တကယ့် သဘာဝကို သိမြင်တော်မူတယ်။

မှတ်ချက် - အဲဒီပုဂ္ဂိုလ်က အဲလိုဆိုခဲ့တယ်လို့ ဖတ်ရတာဖြစ်တယ်။ ဟုတ် မဟုတ် ကျွန်တော် မသိပါ။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး