Bamboo shoot tuition မျှစ်စားပြီး ကျူရှင်တက်ခဲ့ရခြင်း

ကွန်မင့်တခု = ဆရာတို့ ၁၉၉ဝ အုပ်ထဲက ပညာရှင်အဆင့်ဖြစ်သွားတာ (၂) ယောက်လို့မြင်မိတယ်။ ဆေးပညာမှာ ဆရာတင့်ဆွေ။ ဖက်ဒရယ်ပညာရေးမှာ (ဦး) မားကိုဘန်း။ ကိုယ့်ပညာကို စဉ်ဆက်မပြတ် လေ့လာတယ်၊ သုတေသနဆက်လုပ်ဆဲ။ ဒါ ပညာရှင်လက္ခဏာပဲ။ ဒီလို အသိအမှတ်ပြုပါတယ်။ ချီးယား!

ကွန်မင့်ပေးသူက ပြည်ပနိုင်ငံရေးမှာ ကျွန်တော်နဲ့ တောက်လျှောက်လက်တွဲလုပ်ခဲ့သူတယောက်ဖြစ်ပါတယ်။
ခွန်မားကိုဘန်းဆိုတာက စင်ပြိုင်အစိုးရထဲမှာ အတူဝင်လာပြီး အတူလက်တွဲလုပ်ခဲ့သူဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့နေ့က အစိုးရအဖွဲ့ထဲမှာ ဒေါက်တာစိန်ဝင်းရယ်၊ သူရယ်၊ ကျွန်တော်ရယ်ပဲ နောက်ဆုံးကျန်တော့တယ်။

ကျွန်တော် ပဌမဆုံးအခေါက် ၁၉၉၃ မှာ ထိုင်း-မြန်မာနယ်စပ် မာနယ်ပလောကိုသွားတော့ ဦးမားကိုဘန်းကပဲ ဝန်ကြီးများရုံး အဆောင်မှူးတာဝန်နဲ့ နေရေးထိုင်ရေး စားရေးသောက်တာကို စီမံခန့်ခွဲပါတယ်။ ကျွန်တော်တို့ကို မိုးစိုစိုမှာ ဓါးတိုတချောင်း ခါးထိုးပြီး မျှစ်ချိုးကျွေးခဲ့သူဖြစ်ပါတယ်။

၁၉၉၅ ဇူလိုင်လ၊ ဆွီဒင်နိုင်ငံ၊ ဘွန်မားစဗစ် အစည်းအဝေးကျမှ သူရော ကျွန်တော်ပါ ဝန်ကြီးနာမည်နဲ့ အစိုးရအဖွဲ့ဝင် ဖြစ်ကြပါတယ်။ မာနယ်ပလောကျပြီးနောက် မဲဆောက်မှာအခြေစိုက်ရတယ်။ ကျွန်တော် ထိုင်းဘက်ခရီးသွားတိုင်း သူ့အိမ်မှာသာ တည်းခိုတာများပါတယ်။ သူက ကယန်းလူမျိုးပါ။ သူကိုယ်တိုင်ချက်ပြုတ်တဲ့ အမဲသားဟင်း၊ မက်ခါသီးနဲ့ ငရုပ်သီးစိမ်းထောင်းကို ကျွန်တော် မမေ့ပါ။

သူနဲ့ အဲလိုနီးနီးကပ်ကပ်နေထိုင်လုပ်ကိုင်ရလို့ သူ့ဆီက တိုင်းရင်းသားအကြောင်းတွေကို ကောင်းကောင်းသိရှိနားလည်ခွင့် ပိုရစေခဲ့တာ တကယ့်အမြတ်ပါပဲ။ သူက ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လို့ ပြည်ပက တိုင်းရင်းသားအဖွှဲစည်းအားလုံးအပြင် ပြည်တွင်းက တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အကုန်နဲ့ပါ လျို့ဝှက် ဆက်သွယ်ရပါတယ်။ နိုင်ငံရေးဖြစ်ပေါ်မှုတိုင်းမှာ အဲဒီတိုင်းရင်းသားပေါင်းစုံရဲ့ အမြင်တွေ၊ အသံတွေကို အတွင်းကျကျထိ သိခွင့်ရခဲ့ပါတယ်။ တန်ဖိုးကြီးပါတယ်။

တော်တော်တန်တန် တိုင်းရင်းသားတွေက တန်းတူခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်စကားတွေ ပြောလာရင် ကျွန်တော့်အဖို့တော့ ဆယ်တန်းမပြီးသေးတဲ့ကျောင်းသားလား၊ ဘွဲ့ရသူလား၊ ဘွဲ့လွန်လား တန်းသိပါတယ်။ ၂၁ ရာစုပင်လုံပဌမအဆင့်မှာ ပြောကြားချက်တွေဟာ ကျွန်တော့်အတွက် အဆန်းတွေ၊ အံ့သြစရာတွေ မဟုတ်ပါ။

အဲတာတွေဟာ မာနယ်ပလောမှာ မျှစ်စိမ်းစားပြီးတက်လာခဲ့တဲ့ ကျူရှင်ကနေ သိရတာတွေသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၆
၁၉-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး