Depo Provera သုံးလခံ ကိုယ်ဝန်တားထိုးဆေး

(ကန်တော့ပါ)

၁။ သမီးအသက် ၂၃ပါ။ သမီးလက်ထပ်ထားတာ သိပ်မကြာသေးပါဘူး။ ၃ လခံထိုးဆေးအကြောင်းမေးချင်လို့ပါရှင့်။ ၃လခံ ထိုးဆေးက ရာသီပြီး ၅ရက်အတွင်းထိုးရတယ်လို့သိထားပါတယ်။ ၅ ရက်ကျော်လို့ထိုးခဲ့ရင် ၇ ရက် သို့ ၂ ပတ်ကြာမှ ထိရောက်တယ်သိထားပါတယ်ရှင့်။ ဒါပေမဲ့ သမီးကိုထိုးပေးတဲ့ ဆရာဝန်က ၇၂ နာရီ ၃ရက်ပဲ ရှောင်ရတယ်၊ ၃ ရက် ကျော်ရင် ဆေးအာနိသင်ရပြီလို့ပြောပါတယ်။ ဘယ်ဟာအမှန်ဆိုတာ သိချင်လို့ပါရှင့်။ ပြီးတော့ သမီး ၇ရက်နေ့က ရာသီလာပါတယ်။ ၁၁ ရက်နေ့မှပြီးပါတယ်။ ၃လခံထိုးဆေးကို ၂၆ရက်နေ့မှ ထိုးပါတယ် (ဆေးနာမည်တော့မသိလိုက်ရပါဘူး)။ ဆရာဝန်က ထိုးလို့ရတယ်လို့ပြောလို့ ထိုးလိုက်တာပါ။ ၂၉ရက်နေ့မှာ တူတူနေဖြစ်ခဲ့တယ်။ ဆရာဝန်က ၇၂နာရီရှောင်ရင်ရပီလို့ ပြောလို့ အကာအကွယ်သုံးမလိုက်မိပါဘူးဆရာ။ ဒါပေမဲ့ သမီးစာတွေမှာ လေ့လာ ရသမျှက ၅ရက်ကျော်လို့ ဆေးထိုးရင် ၇ရက် သို့ ၂ပတ် ကြာမှထိရောက်မယ်သိထားပါတယ်။ အဲ့ဒါ အမှားအယွင်းဖြစ်မှာ စိုးရိမ်လို့ပါ ဆရာ။ ကိုယ်ဝန်ရနိုင်လားရှင့်။ အရေးပေါ်တားဆေး ထပ်သောက်စရာ လိုသေးလား သိချင်လို့ပါဆရာ။ (သတ်ပုံတွေကို ပြင်လိုက်ပါတယ်။ ဆောရီး။)

၂။ ဆရာရှင့် ကျွန်မနာမည့့် ပါ။ အသက် ၃၅နှစ်ပါ။ အိမ်ထောင်သည်ပါ။ သက်ဦးကလေးက ၁ နှစ်နဲ့ကိုးလရှိပါပီ အိမ်ထောင်စပြုပြုချင်းက လေးတန်းယူခဲ့ပါသည် ကလေးမွေးပီးသည့်အချိန်တွင်လည်း အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေ၍ မည်သည့်တားဆေးမှမသုံးဖူးပါ။ ယခု အမျိုးသားပြန်လာမှာမို့ depo 3 လတားဆေးကို ယနေ့ 9.7.17 မှာထိုးခဲ့ပါတယ်။ ရာသီလာပီးရက် 24.6.17 ကပါ depo ဆေးရဲ့အာနိသင် ရှိနိုင်မရှိနိုင်သိချင်ပါတယ်ဆရာ။ ရိုသေစွာဖြင့် ကျေးဇူးတင်ပါသည်။

၃။ ဆရာရှင်ကျမအသက် ၄၁ ပါရှင်။ ကလေးမွေးပြီး ၄၅ ရက်မှာ Depo ၃လဆေးထိုးပါတယ်။ထိုးပြီး ပထမလက ရာသီလာပါတယ်။ ၇ ရက်လောက်လာတယ်ရှင်။ အခုဒုတိယလမှာလာနေတာ ၁၀ ရက်ကျော်နေပြီဆရာ။ နည်းနည်းချင်းပဲ လာတယ်ရှင်။ အဲဒါဘာဖြစ်လို့လဲရှင်။ နောက်ထပ် ၃လပြည့်ရင် ထပ်ထိုးသင့်ပါလားရှင်။ သားအိမ်တခုခုဖြစ်မှာလဲ စိုးမိပါတယ်ရှင်။ ဆရာဖြေပေးပါဦးရှင်။

သက်ဦးမဟုတ်။ တစ်ဦးမဟုတ်။ သားဦးလို့သာရေးရတယ်။ ပီမဟုတ်။ ပြီလို့သာ ရေးရတယ်။ လက်ထက်မဟုတ်။ လက်ထပ်။

ကိုယ်ဝန်တား ၃ လခံထိုးဆေး Depo Provera ကို ဆေးစာနဲ့ အတိအကျပြောရရင် DMPA လို့ခေါ်တယ်။ Progestin medroxyprogesterone acetate 150 mg ပရိုဂျက်စ်တင်ဟော်မုန်း ပါတယ်။ အသားဆေးဖြစ်တယ်။ တင်ပါး၊ ပေါင်နဲ့ လက်မောင်းမှာ ထိုးနိုင်တယ်။ ဆေးမထိုးခင်က ကိုယ်ဝန်မရှိတာ သေချာစေရမယ်။ 50 mg ပါတာက တလခံဖြစ်တယ်။ Noristerat ၂ လခံ အမျိုးအစားလည်းရှိတယ်။ ၃ လခံကိုသာ လူသုံးများတယ်။ ၉၉% ထိရောက်တယ်။ နို့ထွက်မနည်းစေဘူး။ ရာသီမဆင်းခင် ခံစားရတာတွေ သက်သာတယ်။

မျိုးဥအိမ်ကနေ မျိုးဥ မထွက်အောင်လုပ်ပေးတယ်။ သားအိမ်အဝကချွဲကို စေးပျစ်စေလို့ ဝင်လာမဲ့ သုက်ပိုးအတွက် ခက်ခဲစေတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ ပါးစေသေးတယ်။ မျိုးဥမထွက်စေပါ၊ ထွက်အုံးတော့ သုက်ပိုး အဝင်ခက်စေမယ်၊ ဝင်လာနိုင်လို့ နှစ်မျိုးတွေ့ပြီးပေမယ့် အထဲမှာမတွယ်စေနိုင်ဘူး။

ဝ% ကနေ ၂့၆% သာ လိုရာမရောက် ဖြစ်ပါတယ်။ ၃ လနေမှ တခါထိုးရတယ်။ တခြား ဟော်မုန်း ၂ မျိုးတွဲတွေလောက် ဆေးအက်ရှင်ဖြစ်တာတွေ နည်းတယ်။ အီစထိုဂျင်ဟော်မုန်းမပါလို့ DVT အတွင်းပိုင်းက သွေးပြန်ကြောပိတ်တာ၊ PE ခေါ် အဆုပ်သွေးကြောပိတ်တာ၊ ဆထုပ်ခ် ခေါ် နှလုံးသွေးကြောပိတ်တာ အန္တရာယ် မစိုးရိမ်ရဘူး။ သားအိမ်ကင်ဆာဖြစ်မဲ့ အန္တရာယ်နည်းတယ်။ သွေးအားနည်းရောဂါ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ သားအိမ်အကျိတ်ဖြစ်တာတွေနည်းတယ်။ Endometriosis သားအိမ်ရောဂါရှိနေသူ ခံစားရတာတွေနည်းတယ်။ ရာသီဆင်းချိန်မှာ နာတာ၊ မျိုးဥထွက်ချိန်မှာ နာတတ်တာ၊ မျိုးဥအိမ်အလုံး ဖြစ်တာလဲ နည်းတယ်။ အတက်ရောဂါရှိနေသူ အတက်ဖြစ်တာ နည်းစေသေးတယ်။ သွေးရောဂါတမျိုးရှိတဲ့ Sickle cell crises အဖြစ်နည်းတယ်။ နို့တိုက်မိခင်တွေ သုံးနိုင်တယ်။ မွေးပြီး ၁ လခွဲ ရှိမှထိုးတာ ပိုကောင်းတယ် မဟုတ်ရင် သွေးဆင်းနေတာများတတ်တယ်။ နို့မတိုက်သူဆိုရင် ၁ ပါတ်အတွင်း ထိုးလို့ရတယ်။

ဒီဆေး မထိုးသင့်သူတွေကတော့ DVT ခေါ် အတွင်းပိုင်းက သွေးပြန်ကြောပိတ်ရောဂါ ရှိနေသူ၊ PE ခေါ် အဆုပ်သွား သွေးကြောပိတ်ရောဂါ ရှိနေသူ၊ မိုင်ဂရိန်းရောဂါ ရှိနေသူ၊ လတ်တလောဖြစ်နေတဲ့ အသည်းရောဂါရှိနေသူ၊ Stroke ခေါ် နှလုံးသွေးကြောပိတ်ရောဂါ ရှိနေသူ၊ ဆီးချိုဖြစ်တာ အနှစ် ၂ဝ ကြာနေသူ၊ သွေးတိုးနေသူ၊ နို့ကင်ဆာဖြစ်ထားသူတွေ သတိထားရမယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေကို အကာကွယ်မပေးနိုင်ပါ။

ရာသီစဆင်းတဲ့နေ့ကနေ ၅ ရက်အတွင်းထိုးရင် ချက်ချင်းထိရောက်တယ်။ ၅ ရက်နောက်မှထိုးရင် ၁-၂ ပါတ်ကြာမှ ထိရောက်တယ်။ ထိုင်းနိုင်ငံမှာ လေ့လာမှုတခုအရ ဆေးထိုးရပ်ပြီး ကလေးပြန်ယူတော့ အလေးချိန်နည်းတဲ့ကလေး မွေးနှုန်းများတာတွေ့ရတယ်။ စမ်းသပ်တာကလဲ ဆင်းရဲသူတွေမှာပါ။ ကလေးပြန်ရဘို့ နောက်ကျစေတယ်။ ဆေးထိုးတာ ရပ်ထားပြီးနောက် ၉ လ၊ ၁ နှစ်ခွဲကျမှ ကလေး ပြန်ရနိုင်ကြတယ်။ ၁ နှစ်ခွဲနေရင်တော့ တခြားတားနည်းတွေလိုပဲ ကလေးပြန်ရနိုင်စွမ်းက အတူတူဘဲ။ ကိုယ်ဝန်ရဘို့စောင့်ရချိန် အတော်မတူကြပါ။

ဘေးထွက်သက်ရောက်မှုများ
ရာသီမဆင်းတာ ၁ နှစ်တာထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% ရာသီမလာတာ တွေ့ရတယ်။ သွေးဆင်းမမှန်တာ၊ ဗိုက်နာတာ၊ ဝတာ-ပိန်တာ၊ အားယုတ်ချင်တာ၊ စိတ်လှုတ်ရှား။

ဒီဆေးကို ၇ နှစ်ကြာထိုးထားတဲ့ အမျိုးသမီးပေါင်း ၄ဝဝဝ လောက်ကို စမ်းသပ်ခဲ့တယ်။ ၅% ကျော်ကျော်မှာ ရာသီမမှန် (များသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ အားယုတ်၊ ခေါင်းမူး၊ စိုးရိမ်၊ ၁% ကနေ ၅% အထိတွေမှာ ဆက်ဆံလိုစိတ်နည်း၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ယောင်၊ ဝက်ခြံပေါက်၊ ၁% ထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်းသွေးပါ၊ ဆက်ဆံချိန်နာ၊ ရင်ပတ်နာ၊ သွေးအားနည်း၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ ဆက်ဆံလိုစိတ်ပို၊ နို့ထွက်နည်း၊ ရင်သားအရွယ်အစားပြောင်း၊ ရင်သားထိပ်ကသွေးထွက်၊ ရင်သားကင်ဆာတွေ့ရတယ်။

အထူးသတိပေးချက်ကတော့ Osteoporotic effects ဆိုတဲ့ အရိုးအားနဲတာ ပိုကြာစေတတ်ပါတယ်။ ဒါ့ကြောင့် FDA ကနေ ၂ဝဝ၄ ကစပြီး၊ သတိပေးချက်ထည့်လိုက်တယ်။ ၂ နှစ်ထက်ပို မသုံးနဲ့လို့ ပြောတယ်။ WHO ကတော့ ဒါ့ကြောင့်တော့ ဒီဆေးမသုံးနဲ့လို့ မပြောသင့်ဘူး။ အမေရိကန် ACOG ကလဲ WHO နဲ့ သဘောတူတယ်။ တခြားတားနည်း ပြောင်းသုံးစရာမရှိရင် ရပ်စရာ မလိုပါတဲ့။ ယောက်ျား မုဒိန်းကောင်တွေကို Chemical castration ဆေးနဲ့ သင်းကွပ်ပေးတာပါ။ လိင်စိတ် သိသိသာသာ နည်းသွားစေမယ်။

Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံဖေါက်သည်ချခြင်း http://doctortintswe.blogspot.com/2015/12/depo-provera-analysis.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး