Breast Milk မိခင်အစားအသောက်နဲ့ နို့ရည်

မင်္ဂလာပါဆရာရှင့်။ ကျမ အသက် ၃၄နှစ်ပါ။ သားဦး မိန်းကလေး မွေးပြီးတာ ၂ လ ရှိပါပြီရှင့်။ နို့လည်းထွက်ပါတယ်ရှင့်။ ဒါပေမဲ့ နို့က ကျဲနေပါတယ်ဆရာ။ နို့ပျစ်ခြင်းကျဲခြင်းက ကလေးအတွက် အာဟာရဖြစ်မှုနဲ့ပက်သက်ပြီး အကျိုးသက်ရောက်မှု ကွာခြားလားဆိုတာလေး သိပါရစေဆရာ။ ရှိတယ်ဆိုရင် ကျဲတာကို ပျစ်အောင် ဘယ်လို လုပ်ရပါ့မလဲဆရာ။

မကြောမကြာမေးကြတယ်။ နို့တိုက်မိခင် ဘာအစားအသောက်တွေစားသင့်သလဲ။ နို့တိုက်မိခင်ကအစားမှားလို့ ကလေး နေမကောင်းဖြစ်သလား။ မိခင် ဘာစားစား နို့သာထွက်ပါတယ်။ နို့တိုက်စေဉ်မှာ ထူးပြီး စားရတာတွေမရှိပါ။ ထူးပြီး ရှောင်စရာတွေလည်း မရှိပါ။ ပုံမှန်စားသောက်နေတာတိုင်းကို စားနိုင်ပါတယ်။ ပုံမှန်အစားအသောက်ဆိုတာ လုံလောက် + မျှတတဲ့ အစားအသောက်တွေဖြစ်တယ်။ ကုန်ကုန်ပြောရရင် ပုံမှန်မိခင်အတွက် အားဆေးခေါ် ဗီတာမင်တွေ + ဓါတ်ဆားတွေ မလိုပါ။ ပုံမှန်မိခင်ဆိုတာ သွေးတိုး-ဆီးချိုမရှိသူတွေ။

၁။ ကလေးနို့တိုက်နေစဉ်မှာ မိခင်ကအစားအသောက်အကောင်းဆုံး ဖြစ်အောင်ထိန်းရမလား။ မလိုပါ။ မိခင်စားတာ သောက်တာကြောင့် သူကထွက်တဲ့နို့အပေါ်မှာသက်ရောက်မှုဟာ မဖြစ်စလောက်သာရှိတယ်။ လူ့ကိုယ်ခန္ဓာ ဇီဝကမ္မ ဖြစ်စဉ်ကြီးဟာ အလွန်အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်ပြည့်စုံတယ်။ ဘယ်လိုပဲ ခေါင်းပါးမှုတွေ၊ ကြွယ်ဝ ချမ်းသာမှုတွေရှိပါစေ မိခင်နို့မှာ ကလေးအတွက်လိုအပ်တာတွေဖြစ်အောင် စီမံပေးပါတယ်။

၂။ ကလေးနို့တိုက်နေစဉ်မှာ အရက်၊ ကော်ဖီရှောင်ခိုင်းတယ်။ အဲတာမျိုးတောင်မှ ရံဖန်ရံခါ သောက်လို့ နို့မှာပါတာကနေ ကလေးကို ဆိုးဆိုးဝါးဝါးမဖြစ်စေပါ။

၃။ ဟိုအရင်က ဆန်နဲ့ အသီးအရွက်လေးနည်းနည်း၊ အသားရှားရှားပါးပါးသာ စားသုံးခဲ့ကြတဲ့ မိခင်ကြီးတွေကနေ သူတို့ကလေးတွေကို ကျန်းကျန်းမာမာဖြစ်အောင် နို့တိုက်ခဲ့ကြပါတယ်။

၎။ ဒါဖြင့်ရင် အစားကောင်းကောင်းမစားပဲနေတာ ကောင်းသလား။ အဲတာတော့ မဟုတ်ပါ။ မိခင်ကိုယ်တိုင်က ကျန်းမာနေမှသာ နေရတာလည်းကောင်း၊ ကိုယ်ရောစိတ်ပါရွှင်လန်းလို့ ကလေးကို ပြုစုစောင့်ရှောက်နိုင်မှာပါ။ ဂျန့်ဖုဒ် ခေါ် ခေတ်ပေါ်၊ ပေါ်ပြုလာ၊ ဆိုင်မှာအလွယ်ဝရတဲ့ အစားအသောက်တွေကတော့ မသင့်ပါ။ အဲတာလည်း မိခင်အတွက် ပြောတာဖြစ်ပါတယ်။

၅။ မိခင်ရဲ့ ရေသောက်တာကနေတော့ နို့ထွက်တာကို သက်ရောက်တယ်။ နည်းတာမကောင်းပါ။ တခြားအရည်တွေကို ပိုသောက်ဘို့ မတိုက်တွန်းပါ။

၆။ ကယ်လိုရီ ခေါ် အားအင်ဖြစ်စေတဲ့တိုင်းတာမှု ပြည့်မီရပါမယ်။ အဲတာက အစားအစာတိုင်းကနေရတယ်။

၇။ မိခင်ဟာ အစားအစာ လုံလောက် + မျှတအောင်စားနေနိုင်ရင် ဖြည့်စွက်ဗီတာမင်တွေလည်း မလိုပါ။

၈။ အဆီဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီနဲ့ အဆီကိုသာ စားသုံးသင့်တယ်။

၉။ ဘယ်အစာတွေ ရှောင်ရမလဲ။ ထူးရှောင်စရာမလိုပါ။ မာကျူရီများများပါတဲ့ငါးတွေတော့ ရှောင်ပါလေ။

၁ဝ။ ကေဖင်းဓါတ်ပါတာ ရှောင်ပါလေ။

၁၁။ အယ်လ်ကိုဟော ခေါ် အရက်ပါတာ ရှောင်ပါလေ။

၁၂။ မိခင်စားတဲ့ ပရိုတင်းတချို့ဟာ မိခင်နို့ထဲရောက်တယ်။ နွားနို့၊ မြေပဲ။ မိသားစုထဲမှာ အစားအစာအလာဂျီ ရာဇဝင်ရှိရင် သတိထားပါလေ။

ဆေးသုတေသနတွေအရ မိခင်က ဘာစားစား ထွက်တဲ့နို့အပေါ်သက်ရောက်မှုဆိုတာ နည်းနည်းလေးသာရှိတယ်။ သဘာဝဖြစ်စဉ်ကြီးက အလွန်မတန် ဆန်းကြယ်တယ်။ အလိုလိုပြီးပြည့်စုံအောင်ဖြစ်နေတယ်။ အပိုအဆာတွေ မပါလေ ကောင်းလေ။ ဆင်းရဲတဲ့မိခင်ကနေလည်း သူ့ကလေးအတွက်လုံလောက်တဲ့နို့ရည်ထွက်ပါတယ်။ ထမင်း + ဟင်းသီးဟင်းရွက်နဲ့ တခါတလေမှာသာ သားငါးစားနိုင်တဲ့မိခင်ကနေလည်း ပုံမှန်လောက်ကောင်းတဲ့နို့ရည်ထွက်တယ်။

အဟာအာဟာရ ဂရုမစိုက်ရတော့ဘူးလားတော့ မဟုတ်ပါ။ ကဇီဓါတ် ခေါ် ဆန်-ဂျုံ-ပြောင်း တခုခု + ပရိုတင်းဓါတ်ရတဲ့ သား-ငါး-ဥနဲ့ ပဲတမျိုးမျိုး + ဗီတာမင်နဲ့ ဓါတ်ဆားတွေရစေမဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေ စုံအောင်စားသင့်တယ်။ ဆီ နည်းနည်းလည်းလိုတယ်။ ဆီကတော့ သန့်တာကောင်းတယ်။ ရေ + အရည် လုံလောက်ရမယ်။

တရားလမ်းညွှန်တခုရှိတယ်။ ငါ ဆာတဲ့အခါ စားလိုက်၏။ ငါ အိပ်ချင်လာချိန်မှာ အိပ်၏။ ကလေးမိခင် အစာဆာတဲ့အခါ စားပါလေ။ ရေသောက်ချင်လာရင် သောက်ပါလေ။

ဖတ်စရာများ -
• Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
• Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
• Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
• Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
• Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
• Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
• Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
• Formula Feedings နို့မှုံ့တိုက်နည်း https://doctortintswe.blogspot.com/2016/02/formula-feedings.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
• Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
• Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
• Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
• Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ http://doctortintswe.blogspot.com/2015/03/weaning.html

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး