Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁)

၁။ မင်္ဂလာပါဆရာရှင့်။ ကျွန်မ အသက်၂၄နှစ်ပါ။ Dec 28.2017 က သားဦးလေးကို မွေးထားတာပါရှင့်။ မွေးပြီးကတည်းက အမေကျွေးတဲ့ ငါးကျီးကြော်နဲ့ဟင်းခါးပဲ နေ့တိုင်းစားရလို့ စားမဝင်ပဲ ပိနိချုံးပြီး စိတ်ဆင်းရဲရပါတယ်ဆရာ။မွေးပြီးကာစ နို့တိုက်မိခင် အစုံစားလို့ရမရကိုသိချင်ပြီး အမေ့ကိုပြချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ မင်္ဂလာပါ ဆရာ သမီးကနို့တိုက်မိခင်ပါ။ ကလေးက ၁၃ ရက်ရှိပါပြီ။ ဘာတွေအဓိက စားသောက်ရမလဲ။ ကလေးအတွက် အားရှိအောင် ဘာရှောင်ရမလဲဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

၃။ မင်္ဂလာပါဆရာ။ သမီးကလေးက ၁ လနှင့် ၁၅ ရက်ရှိပါပြီဆရာ။ မွေးပြီးကတည်းက သမီးနို့တိုက်ပါတယ်။ ဆေးရုံမှာ မွေးတော့ formula လည်းကူပါတယ်ဆရာ။ အိမ်ရောက်တော့ သမီးနို့တိုက်ရင် ငိုလို့ နို့ဘူးပဲတိုက်ပါတော့တယ်။ သမီးနို့ကလည်း သိပ်မထွက်ဘူး။ နို့ဘူးတိုက်ပြီး သမီးလည်းအစားမရှောင်တော့ဘူးဆရာ။ သမီးနို့မတိုက်တာ ၁ လလောက် ရှိပြီဆရာ။ အခုပြန်တိုက်လျှင် ကလေးဗိုက်နာမလားဆရာ။ နို့ထွက်အောင် ဘာဆေးသောက်ရမလဲဆရာ။

မကြာမကြာ ယောက်မနဲ့ ချွေးမ၊ အမေနဲ့ သမီးတွေကို ရန်တိုက်တဲ့စာမျိုးတွေ ရေးရပါတယ်။ ဆောရီး။ အများဆုံး ရန်တွေ့ရတာကတော့ ကြော်ငြာဆေးတွေ။ အင်တာနက်မှာ နို့တိုက်မိခင်တွေအတွက် အစားအသောက်ပုံတွေလိုက်ရှာရင် အတော် အဆီအငေါ်မတည့်တာတွေကများတယ်။ ယူအက်စ်အေလိုတိုင်းပြည်မှာ အသီးအနှံတွေ အစေ့အဆံတွေ စားအောင်ပညာပေးတာများတော့ မြန်မာပြည်ကမိခင်တွေလိုအပ်တဲ့ တကယ့်အခြခံ အသား၊ ငါး၊ ဥ၊ ပဲတွေပုံက ပါဘူး။ အမေရိကန်တွေနဲ့ ရန်ဖြစ်ရတယ်။ ဗမာပြည်နဲ့ ဆီလျှော်တာသာ ရေးပါမယ်။

ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ သျှို့း

နို့ရည်ဟာအရေအတွက်ရောအရည်အသွေးပါ ကောင်းဘို့လိုတယ်။ အစားအသောက်အပေါ်မှာမူတည်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာဆက်စားပါလို့ ပြောရင်မမှားပါ။ နို့တိုက်မိခင် တယောက်ဟာတနေ့မှာ ၅ဝဝ ကယ်လိုရီပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာအခြေခံဖြစ်တယ်။ ကလိုရီတနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။ တနေ့ ၄-၅ ထပ်စားနိုင်တယ်။“ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။ ကလေးမိခင်ကနေတနေ့မှာ နို့ရည် ၂၃-၂၇ အောင်စ (၆၅၂ - ၇၆၅ဂရမ်) ထွက်ပါတယ်။

ကလေးဟာမိခင်နို့ကနေတနေ့မှာကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။ ချွေးပိုထွက်တာသတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာရေ၂့၅ လီတာကနေ ၃ လီတာသောက်ပါ။ ဒိထက်များတာတော့မသင့်ပါ။ နို့ရည်လိုတာထက်ပိုထွက်နိုင်တယ်။
အစားအသောက်ထဲမှာအမယ်စုံရမယ်။အာဟာရဓါတ်၇မျိုး = ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်များ၊Minerals ဓါတ်ဆားများ၊ ဖိုင်ဗာနှင့်ရေ။ ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ်ပုံသေနည်းသုံးနိုင်ပါတယ်။ ဒီထဲမှာ ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ)မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 mg လိုတယ်။

ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ ဖေါလစ်အက်စစ်လိုမယ်။ သွပ်ဓါတ်လိုမယ်။ တနေ့မှာ15 to 20 mg လိုတယ်။ Vitamin A မလိုပါ။ ဆီ-အဆီကိုတော့ ကောင်းတာ ရွေးသုံပါ။ ပြည့်ဝဆီနည်းစေပါ။ Trans fats ပြန်ကြော်ဆီရှောင်ပါ။ အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာမလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ်မဟုတ်ပါလား။ Calcium ထဲမှာVitamin D ပါတာက ပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။) မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီမလုံလောက်ပါ။ 400 IU (10 micrograms) ကလေးကိုတိုက်ပါလို့ဖြစ်တယ်။

Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။ တခြားအချိန်တွေမှာလိုပဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကိုရှောင်ပါ။အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။ ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။ နေမကောင်းလို့ ဆေးသောက်တာမှာတော့ ဆရာဝန်ကိုအရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။ အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက်မယဉ်ကျေးမှုကိုအဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီးသူ့မိခင်ဟာ ၇ ရက်သာအသက်ရှင်လို့ မိထွေးတော်ကနေဆက်ပြီး နို့ချိုတိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html

ဒေါက်တာတင့်ဆွေ
၎-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး