Invictus ပဲ့တင်သံ
ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်ခေါင် အမှောင်တွင်းမှ
အသူတရာမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏ အကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရား၏ ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏
သို့သော် ညွှတ်ကား မညွှတ်။
လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏အခြားမဲ့၌
သေခြင်းတရားသည် ကြောက်မက်ဖွယ် ငံ့လင့်၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ် တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင် ငါ့အပြစ်များ မည်မျှပင်ရေးဖြစ်လာစေ
ငါသာလျှင် ငါ့ကြမာ၏ အရှင်
ငါသာလျှင် ငါ့ဘဝ၏ သခင်ဖြစ်တော့သည်။
မှတ်ချက် - William Earnest Henley ရဲ့ကဗျာကို ညိုမြကဘာသာပြန်ထားတာဖြစ်ပါတယ်။ အသူတရာသတ်ပုံကိုပါ တင်ပြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈
မြန်မာကဗျာပုံ မာန်ဟုန် ဟုန် ကျေးဇူး။

Comments
Post a Comment