Vitamin B1 ဗီတာမင် ဘီဝမ်း

၁။ မင်္ဂလာပါဆရာရှင့်။ ကျမအသက် ၂၈ နှစ်ပါ။ ၉ လသားအရွယ်ကလေးတယောက်ရှိပါတယ်။ ကျမမှာ b1 ချို့တဲ့ရောဂါ ဖြစ်နေပါတယ်ရှင့်။ ရောဂါဖြစ်နေတာ ၂ လခွဲခန့်ရှိနေပါပြီ။ ဆေးခန်းပြ b1 ဆေးထိုး ဆေးသောက်လဲ ခဏပဲ သက်သာပါတယ်။ ခြေလက်တွေပြန်ထုံကျဉ်လာပြန်ပါတယ်။ အခုဆို ခြေကုန်လက်ပန်းကိသလိုမျိုး အားမရှိသလို ခံစားရပါတယ်ရှင့်။ vent vdent နဲ့ ပရင်စီ vfornt မနက်တလုံးဆီ တနေ့ ၄ လုံး ဆရာဝန်က ကလေးနို့မပြက်မခြင်း စွဲသောက်ခိုင်းထားပါတယ်။ ဆေးသောက် အစားစားသော်လည်း ပြန်ပြန်ထုံလာပါတယ်ဆရာရှင့်။ မနေ့က မြန်မာဆေးဆရာ ဘုန်ကြီးတပါးနဲ့ပြကြည့်ပါသည်။ ဘုန်းဘုန်းက ချက်တစ်ဝှိက်ကို လက်ဖြင့်ဖိစမ်းကြည့်ပြီး အောက်ပိုင်းနေရာ ၂ ခုက မာနေတယ် ရက်ပိုင်းအတွင်းလေဖြတ်နိုင်တယ်ပြောပါတယ်။ သမီး အခု စိတ်ဓာတ် တအားကျနေပါတယ်။ လေဖြတ်မှာကို အကြောက်ဆုံးပါ။ ကလေးငယ်ငယ်လေးနဲ့ ကိုယ်ခွဲကမရှိ ရူးချင်လောက်အောင် စိတ်ဆင်းရဲနေရပါတယ်။ ဆရာတော်ပေးတဲ့မြန်မာဆေးတွေတော့မသောက်ရသေးပါဘူးဆရာ။ b1 ချို့တဲုသူက လေဖြက်နိုင်ပါသလား။ ကြိုတင်ကုသရင်ရော မပျောက်နိုင်ဘူးလားရှင့်။ အရိုးအကြောအထူးကုတွေနဲ့ပြသင့်ပါသလား။ ဖြေကြားပေးပါ။ လေးစားစွာဖြင့်။

သတ်ပုံတွေ ပြင်လိုက်တယ်။ ဆောရီး။ ချက်ပေါ်ကို လက်တော်နဲ့ရစ်လို့တော့ ဆရာဝန်တွေက လေဖြတ်မှာကို မသိပါ။ လေဖြတ်တယ်ဆိုတာ ဦးနှောက်သွေးကြောရောဂါ။ သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော ခေါ် အဆီများလို့ သွေးကြောကျဉ်းသူတွေမှာသာ ဖြစ်တယ်။

၂။ ဆရာရှင့် ကျွန်မအသက် ၂၇ ပါ။ ကိုယ်အလေးချိန် ပေါင် ၁၂ဝ၊ အရပ် ၅ ပေ ၁ လက်မပါ။ အိမ်ထောင် ရှိပါတယ်။ တာဆေးမသုံးတာ ၂နှစ်ကျော်သွားပါပြီ။ ကလေးလည်းမရသေးပါ။ သုံးလလောက်အတွင်း ဝက်ခြံတွေ အရမ်း ထွက်လာပါတယ်။ ကျွန်မ post တစ်ခုမှာဖတ်ရတာက B1 ချို့တဲ့ရင်ထွက်တယ်ဆိုတာဟုတ်ပါသလားဆရာ။ မျက်နှာလည်း အဆီပြန်လာပြီး ချွေးပေါက်တွေကျယ်လာပါတယ်။ ဘယ်လိုပြုလုပ်သင့်ပါသလဲ။ အရင်ကတော့ ခြေထောက် ဖောတာ ရောင်တာ ဖနောင့်နာတာခဏခဏဖြစ်ပါတယ်။ ဆရာဝန်ပြတော့ becoznic တိုက်ပါတယ်ဆရာ။ B 1 ချို့တဲ့လို့ပဲ ပြောပါတယ်ဆရာ။ ပိုးသတ်ဆေးခဏခဏသောက်ရပါတယ်ဆရာ။ ချောင်ဆိုး ဝမ်းပျက် အရေပြားအနာဖြစ်လို့ သောက်ရတာမျိုးတွေပါဆရာ။ ပိုးသတ်ဆေးခဏခဏသောက်ရတာ ကလေးရနိုင်ခြင်းကို ထိခိုက်နိုင်ပါသလားဆရာ။ ကျွန်မ ပန်းနာရင်ကြပ်ရှိပါတယ်ဆရာ။

ဗီတာမင်ဘီဝမ်းနဲ့ ဝက်ခြံလုံးဝမဆိုင်ပါ။ ဝက်ခြံအကြောင်းစာတွေ (၈) ပုဒ် ရေးထားပါတယ်။

၃။ မင်္ဂလာပါဆရာ။ ကျမသားလေးက အခု ၂ လသားအရွယ်ပါ။ မိခင်နို့တမျိုးပဲတိုက်ပါတယ်။ အပူအစပ်လွန်ကဲတဲ့ အချဉ်ကလွဲလို့  အဟာရစုံအောင်တော့ စားဖြစ်ပါတယ်။ အခုမေးတာက ဗဟုသုတအနေနဲ့ပါဆရာ။ တနေ့က fb မှာ ဝဝကစ်ကစ်ကလေးတွေ ကျန်းမာရဲ့သားနဲ့ အိပ်နေရင်းကနေ သေဆုံးနေတာမျိုး ဖြစ်နေတယ်ဆိုပြီးဖတ်ရပါတယ်။ အဲဒီလိုဖြစ်တာ မိခင်ကအစားရှောင်လို့၊ ဘီ 1 ချို့တဲ့လို့ဖြစ်တာလို့ရေးထားပါတယ်။ ဘီ 1 ချို့တဲ့ရင် အဲဒီလို ဖြစ်တတ်ပါသလား။ ဖြစ်တတ်ရင်ရော  တခြားဗစ်တာမင်အုပ်စုတွေ ချို့တဲ့တာမျိုးကြောင့်ရော မဖြစ်ကြဘူးလား။ ဘာကြောင့် ဘီ 1 ချို့တဲ့မှုတခုကြောင့်ပဲ ကလေးတွေ သေဆုံးနေရတာပါလဲဆရာ။ နောက်ပြီး ဘီ 1 ချို့တဲ့ခြင်း လက္ခဏာရပ်တွေနဲ့၊ ဘီ 1 ချို့တဲ့ခြင်းကြောင့် ဘာတွေဖြစ်ဘာမလဲ သိချင်ပါတယ်ဆရာ။

၎။ ဆရာ အဲ့ဆေးသုံးမျိုးကို တနှစ်နှစ်လကလေးအတွက်သုံးရင် အဆင်ပြေပါ့မလားဆရာ။ Bevit ကို တခြမ်း တရက်တကြိမ်၊ Bio life ကို အူလမ်းကြောင်းရှင်းတယ်ဆိုပြီး တရက်ခြားတထုပ်နဲ့ Exo ဆေးကို အားဆေးအနေနဲ့ တရက်ကို လ္ဘက်ရည်ဇွန်း သုံးပုံတပုံ တိုက်ခိုင်းပါတယ်။ အဲ့ဆေးတွေသောက်ရင် ဘာဘေးထွက်ဆိုးကျိုးတွေ ကလေးအတွက်ဖြစ်စေနိုင်သလဲဆိုတာ ဖြေကြားပေးပါဆရာ။ Bio life နဲ့ Exo က မြန်မာနိုင်ငံမှာမှတ်ပုံမတင်ထားလို့ ဘယ်နေရာမှာမှ ဝယ်လို့မရပဲ အဲ့ဆေးခန်း တနေရာထဲမှာပဲ ဝယ်လို့ရလို့ပါ။ Exo ဆေးက ဉာဏ်ကောင်းတယ်ဆိုလိုပါ။

၅။ ဆရာမင်္ဂလာပါခင်ဗျာ။ ကလေး အသက် ၄ လ ရှိပါပြီ။ မိန်းကလေးပါ။ မိခင်နို့ရော နို့မူန့်ပါ တိုက်ပါတယ်။ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက B1 တိုက်ကျွေးရင် သူငယ်နာမဖြစ်ဘူး လို့ဆိုပြီး တင်ထားတဲ့ပို့စ်ဖတ်လိုက်ရပါတယ်။ အဲအရင်က သိထားပေမယ့် မတိုက်ဖြစ်ပါဘူး။ အခုတိုက်ချင်လို့ လမ်းညွန်ပေးပါခင်ဗျာ။ သူငယ်နာကြောင့် အသက်ဆုံးရူံးနိုင်တယ်လို့ ဆိုထားပေမယ့် ကလေးကြီးလာတဲ့အထိ အသက် ၂၀-၃၀ စသဖြင့် ရေရှည်ခံစားရနိုင်တဲ့ဝေဒနာများ ဖြစ်လာနိုင်သေးလား။

ကျန်းမာရေးဦးစီးဌာနက သူငယ်နာလို့သုံးနှုန်းပါသလား ကျွန်တော်တော့ မထင်ပါ။ သူငယ်နာဆိုတာ တနေရာ တမျိုးခေါ်ကြတယ်။ Bevit ကတော့ ဗီတာမင်ဘီ-၁ ဖြစ်တယ်။ ကျန်ဆေး (၂) မျိုးက ကြော်ငြာဆေးတွေသာ ဖြစ်ပါတယ်။ ကြော်ငြာဆေးဆိုတာ ဆေးသုတေသနမပြည့်စုံပါ။ ဆရာဝန်တွေညွှန်လေ့မရှိပါ။ ဉာဏ်အကြောင်း ခဏခဏ ရေးရပါတယ်။ ဉာဏ်ဆိုတာ မျိုးဗီဇ + လေ့လာသင့်မှုနဲ့ဆိုင်ပါတယ်။ ဆေးကနေ ဉာဏ်မကောင်းစေပါ။ ချို့ယွင်းချက် ရှိသူတွေကိုပေးတဲ့ ဆေးရယ်လို့သာ ရှိပါတယ်။ ဘီ-၁ လိုသူတွေကိုသာပေးတယ်။ လူတိုင်းကို မပေးပါ။

ဗီတာမင်ဘီ (၁၃) မျိုးရှိတယ်။ B1, B2, B3, B6, vitamin B12, B9 folic acid, B5, biotin, PABA, choline နဲ့ inositol တွေဖြစ်တယ်။

ဗီတာမင် ဘီ (၁) နည်းနေရင် အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ စိတ်တိုဒေါသထွက်မယ်။ နာတာရှည် ချို့ယွင်းချက်တွေ ဖြစ်နေမယ်။ အာရုံကြောနဲ့ နှလုံးသွေးကြောလမ်းကိုထိခိုက်မယ်။ Beriberi ခေါ်ရောဂါဖြစ်နိုင်တယ်။ ကိုယ်ဖေါရောင်မယ်။ လက်ခြေထုံကျင်မယ်။ အပ်နဲ့ဆွသလိုခံစားနေရမယ်။ စိတ်ရှုတ်ထွေးမယ်။ အဆုပ်ထဲ ရေအောင်းမယ်။ Wernicke-Korsakoff syndrome ရနိုင်တယ်။ မှတ်ဉာဏ်ထိခိုက်မယ်။ မျက်စိမကောင်း၊ လမ်းလျှောက်ရခက်၊ စိတ်ရှုတ်ထွေးမယ်။ အသံထိခိုက်မယ်။ အယ်လ်ဇိုင်းမာရောဂါနဲ့လည်း ဆက်စပ်တယ်။ နှလုံးအလုပ်မနိုင်တာနဲ့လည်း ဆက်စပ်တယ်။ စိတ်ကျရောဂါလည်းရစေနိုင်တယ်။

ကလေးကိုချိုတိုက်နေတဲ့မိခင်မှာ အာဟာရချို့တဲ့မနေရင် ကလေးအတွက် ဗီတာမင်အပိုဆောင်းစရာမလိုပါ။ ဘီ-၁ နည်းတာက ရှားတယ်။ ဘီ-၁ နည်းနေရင် ကလေးက ပျို့မယ်။ အန်မယ်။ ဗိုက်အောင့်မယ်။ အဲလိုဖြစ်စေနိုင်တာ တခြား ရောဂါတွေမှာလည်းရှိလို့ ဘီ-၁ နည်းတယ်လို့တန်းပြောမရပါ။ အစားပျက်မယ်။ မောပန်းမယ်။ ဝမ်းချုပ်မယ်။ ပျင်းရိနေမယ်။ ခြေသလုံးကြွက်သားတွေအားနည်းနေမယ်။ ထုံမယ်။ အပ်နဲ့ဆွခံရသလိုခံစားရမယ်။

ဘီ-၁ လိုအပ်ချက်
အသက် ၆ လအထိ 200 mcg
၇-၁၁ လ 300 mcg
၁ နှစ်ကနေ ၃ နှစ်အထိ 500 mcg
၎ နှစ်ကနေ ၈ နှစ်အထိ 600 mg
၉ နှစ်ကနေ ၁၃ နှစ်အထိ 900 mcg
၁၄ နှစ်အထက် 1.2 milligrams (mg)
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် 1.4 mg နဲ့ 1.5 mg နေ့စဉ်လိုအပ်တယ်။

ဗီတာမင်ဘီဝမ်းနည်းသူ ရှားပေမယ့် Crohn disease ရောဂါရှိသူ၊ အစာစားချင်စိတ် မရှိတဲ့ရောဂါ၊ ကျောက်ကပ် မကောင်းသူတွေမှာ ဖြစ်တယ်။ ဘီ-၁ ဟာ အရက်နဲ့ ကေဖင်းဓါတ်နဲ့ ဓါတ်ပြုလို့ ပိုနည်းစေမယ်။ အရက်စွဲသောက်သူတွေမှာ ဖြစ်တယ်။ တချို့မှာ ဆေးမတည့်တာဖြစ်မယ်။ ဗီတာမင်ဘီဝမ်းများရင် ဗိုက်အနေရခက်တာ ဖြစ်နိုင်တယ်။ အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ ဒေါသထွက်မယ်။

ဘီ-၁ ရနိုင်တဲ့အစာတွေ
အမဲသား၊ ဝက်သား၊ ဥ၊ ငါး၊ အသည်း၊ နို့၊ ဆီ၊ အစေ့အဆံ၊ လိမ်မော်သီး၊ ပဲအမျိုးမျိုး၊ ဆန်၊ ဂျုံ၊ ဆီရီရယ်၊ ရိစ်၊ ဥ၊ အသည်း၊ အစေ့-အဆံတွေမှာ ပါတယ်။ ဆန်စေ့အပေါ်ယံလွှာမှာပါဝင်လို့ ထမင်း ရေခမ်းချက်စားပါ။ ဆန်၊ ဂျုံကိုဖြူဆွတ်နေအောင် လုပ်မထားတာထဲမှာပါတယ်။ ဗီတာမင်ဘီ-၁ အားဆေး နေ့စဉ်သောက်ပါ။

နေကြာစေ့ 1/4 cup = 0.82 mg
ကျူနာငါး 4 ounces = 0.57 mg
ပဲ 1 cup = 0.33 mg ကနေ 0.42 mg
ကညွတ် 1 cup = 0.22 mg
မုန်လာ၊ ဆလပ်ရွက် 2 cups = 0.11 mg

ဗီတာမင်ဘီ-၁ ကို ခြင်နှိမ်နင်းရေးမှာ သုံးနိုင်ကြောင်းစာလည်း ရေးထားတယ်။

Vitamin B complex ဗီတာမင် (ဘီ) အုပ်စု http://doctortintswe.blogspot.com/2014/11/vitamin-b-complex.html
Nutrition အာဟာရ https://doctortintswe.blogspot.com/2014/12/nutrition.html

ဒေါက်တာတင့်ဆွေ
၁ဝ-၂-၂ဝ၁၆
၂၂-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ