Cuban Missile Crisis ကျူးဘား ဒုံးပျံအရေးအခင်းကြီး

ရိုင်းစိုင်းတယ်ဆိုတာ ပျော်စရာတဲ့ပို့စ်အောက်မှာ ကွန်မင့်တခု ဖတ်ရပါတယ်။ အဲဒီ့သူကဘဲ ကျူဘားဒုံးပြန်အရေး ထိန်းထိန်းသိမ်းသိမ်းလုပ်သွားတာလေးတော့ မမေ့သင့်ဘူး ထင်ပါတယ်ဆရာရေ။

ဖိနပ်အကြောင်းသိတဲ့သူတွေက ဒုံးပျံအကြောင်းလည်း သိကြပါမယ်။ သမိုင်းစာတခုအောက်မှာ တယောက်က သူတို့ဘုရားကြီးသမိုင်းလည်း မပါဘူးလို့လာတယ်။ စာအပုဒ်တိုင်းမှာ အကြောင်းအရာအစုံ ထည့်မရပါ။ ခေါင်းစဉ်အရ အရေးပါတဲ့အချက်လောက်သာ ရွေးထည့်ရတယ်။ ဖေ့စ်ဘွတ်လိုနေရာမှာ တချို့က စာမပြောနဲ့ ခေါင်းစဉ်တောင် မဖတ်။ အခုလေးတင် တယောက်ကမေးတယ်။ အခရာနဲ့ အက္ခရာ ဘာကွာသလဲတဲ့။ အက္ခရာဆိုတာ စာလုံးတွေ။ ဗျည်း၊ သရ စတာတွေ။ အခရာဆိုတာ ပင်မ၊ အဓိက၊ အရေးပါတဲ့အချက်အလက်။

ကျူးဘားဒုံးပျံအရေးအခင်းကြီးဟာ ကမ္ဘာ့သမိုင်းမှာ သည်းထိတ်ရင်ဖိုတကယ်ဖြစ်ခဲ့တာပါ။ ဆိုဗီယက်ကနေ အမေရိကန် နယ်နိမိတ်နဲ့ကပ်နေတဲ့ ကျူးဘားနိုင်ငံမှာ တိုက်ချင်းပစ်ဒုံးပျံတွေ ချထားတာကနေ စဖြစ်ပါတယ်။ ဖလော်ရီဒါနဲ့ မိုင် (၉ဝ) သာဝေးတယ်။ အဲဒီကာလဟာ (၁၉၄၅-၁၉၉၁) စစ်အေးကာလရဲ့ အထွတ်အထိပ်ရောက်နေချိန်ဖြစ်တယ်။

အောက်တိုဘာအရေးအခင်းလို့ ခေါ်တယ်။ ဆိုဗီယက်ယူနီယန်ဖြစ်ပေါ်လာတာကို အောက်တိုဘာတော်လှန်ရေး (၁၉၁၇) လို့ ခေါ်တယ်။ ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်ကနေ ၂၈ ရက်အထိဖြစ်ခဲ့တယ်။ (ယူအက်စ်အက်စ်အာ) ခေါင်းဆောင်က (နီကီတာ ခရူးချက်ဖ်) နဲ့ အမေရိကန်သမတက (ဂျွန် အက်ဖ် ကနေဒီ) ဖြစ်တယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (၁၉ဝ၉-၁၉၇၄) က ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပါတယ်။ နောက်ဆုံးမှာ နှစ်နိုင်ငံလုံးက ချထားပြီးဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေကို ဖယ်ရှားပေးခဲ့တယ်။ ကွန်မြူနစ် ကျူးဘားကနေ ဖယ်ရှားတာက လူသိထင်ရှား ဖြစ်ပေမယ့် ဒီမိုကရေစီအမေရိကန်က ဖယ်ရှားတာက တိတ်တဆိတ်သာဖြစ်တယ်။ ကျူးဘားမှာထားတဲ့ ဆိုဗီယက်ရဲ့ Ilyushin Il-28 အပေါ့စားဗုံကျဲလေယာဉ်တွေပါရုပ်သိမ်း၊ အမေရိကန်က ပိတ်ဆို့ထားတာကို ၂ဝ-၁၁-၁၉၆၂ နေ့မှာ ဖယ်ရှားပေးတယ်။

ဆိုဗီယက်ဦးဆောင်တဲ့ အရှေ့အုပ်စုခေါ် ကွန်မြူနစ်ကမ္ဘာကြီးနဲ့ အနောက်အုပ်စုခေါ် အမေရိကန် ဦးဆောင်တဲ့ အရင်းရှင်အုပ်စုတို့ သူနိုင်ငါနိုင် စစ်မတိုက်ဘဲ စစ်ခင်းခဲ့ကြတယ်။ အမှန်က စစ်လည်းခင်းပါတယ်။ အင်ဒိုချိုင်းနား ကျွန်းစွယ်မှာ လူတွေသန်းပေါင်းများစွာသေခဲ့ရတယ်။ ကိုရီးယားလည်း ၃၈ ဒီဂရီလတ္တီကျုနေရာကနေ နိုင်ငံ နှစ်ခြမ်းကွဲနေတာ အခုထိ။ ဗီယက်နမ်က (၁၉၅၄-၁၉၇၅ ဒုတိယအကြိမ်) ၁၇ ဒီဂရီလတ္တီကျုမှာ တောင်နဲ့ မြောက် ခွဲခဲ့ရတယ်။ ငယ်ငယ်ကတည်းက အဲဒီ ၃၈ နဲ့ ၁၇ မျဉ်းပြိုင်တွေကို ရေဒီယိုကနေကြားနေခဲ့ရတယ်။ (၁၉၄၉) မှာ အရှေ့-အနောက် နှစ်နိုင်ငံဖြစ်ရတဲ့ ဂျာမဏီဟာ (၁၉၉ဝ) ရောက်မှပြန်ပေါင်းနိုင်တယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်တွေက အနိုင်ရပြီး ဂျာမဏီမှာ အနောက်အုပ်စုကနိုင်တယ်။

စစ်အေးကာလမှာပဲ အမေရိကန် (စီအိုင်အေ) နဲ့ ဆိုဗီယက် (ကေဂျီဘီ) တို့ သူလျှိုလုပ်ငန်းကြီးမှာ အားပြိုင်ခဲ့ကြတယ်။ ဝါဒဖြန်ချိရေးယန္တယားကြီး အလွန့်လွန်ကြီးမားတယ်။ ငွေတွေ သောက်သောက်လဲ၊ လူတွေ တပြုံတမကြီးနဲ့ နည်းနာ အဆန်းတွေပါ သုံးစွဲခဲ့တယ်။ ကနေ့လည်း (စီအိုင်အေ) ရော နာမည်ပြောင်းထားတဲ့ (ကေဂျီဘီ) ပါ လက်သွက်ကြဆဲပါ။ (ကေဂျီဘီ) ဆရာကြီးက သမတဖြစ်တာ သုံးခါရှိပြီ။ (စီအိုင်အေ) စွမ်းတာတွေသာ ရုပ်ရှင်တွေထဲမှာ ကြည့်ကြရတာ များတယ်။ (စီအိုင်အေ) မရှုမလှ အရေးနိမ့်တာတာက တကယ့်အဖြစ်အပျက်ပါ။ အမေရိကန်ကနေ ၁၉၆၁ ခုနှစ်မှာ Bay of Pigs Invasion ခေါ်တဲ့ မအောင်မြင်တဲ့ ထိုးဖေါက်ဝင်ရောက်မှုကြီးလုပ်ခဲ့တယ်။ (ယူအက်စ်အက်စ်အာ) နဲ့နီးတဲ့ အီတလီနဲ့ တူရကီမှာ MRBMs ခေါ် ဒုံးပျံတွေချထားခဲ့တယ်။

ကျူးဘားဒုံးပျံ ပြဿနာဟာ (၁၃) ရက်ကြာရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးနဲ့ စစ်ရေးပြဿနာကြီး ဖြစ်တယ်။ Thirteen Days နာမည်နဲ့ ရုပ်ရှင်ရိုက်ထားတယ်။ မြန်မာပြည်က အနေအထိုင်တော်ခဲ့တယ် ပြောရမလား၊ ထိုင်းနိုင်ငံလောက် မခံခဲ့ရပါ။ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေ နေနိုင်ခဲ့တယ်။ လူတွေအပေါ်သက်ရောက်မှုမှာတော့ လက်ဝဲကသာခဲ့တယ်။ စာမှန်သမျှ လက်ဝဲစာသာရှိတယ်။ နိုင်ငံရေး ရေးရင်၊ ပြောရင်၊ ကဗျာစပ်ရင် လက်ဝဲမဟုတ်သူ လူမထင်ခဲ့ပါ။ စစ်အေးကုန်ကာနီးမှာ ဗိုလ်နေဝင်းတောင်မှ ဆိုရှယ်လစ်အဖုံးကပ်ပါတယ်။ ဆိုဗီယက်ဖက်ကနေသူက အလွန်များခဲ့ပြီး၊ အမေရိန်ကန်ကို ဗီလိန်အဖြစ် သရုပ်ဖေါ်ပေးကြတယ်။

ကိုယ့်တိုင်းပြည်အပေါ် အမျိုးလိုကောင်းတဲ့ နိုင်ငံရယ်လို့ သမိုင်းတလျှောက်လုံး တခုမှ မရှိပါ။ ဘက်အစုံကနေ ကြည့်စေချင်တယ်။ ဟောလီဝုဒ်ရုပ်ရှင်လည်း ကြည့်ပါ။ သမိုင်းမှတ်တမ်းတွေလည်း ဖတ်ပါ။ ကိုယ်ပိုင်လည်း ကြည်ကြည်လင်လင် မြင်တတ်ကြစေချင်တယ်။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည် အကျိုးစီးပွါးဘက်ကနေ ကြည့်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး