တောင်ငူဘုရင် နတ်သျှင်နောင်

ကွန်မင့် (၁) ဆရာ နတ်ရှင်နောင်ရာဇဝင်လေးသိချင်ပါတယ်။

ကွန်မင့် (၂) နတ်သျှင်နောင်မိခင်နဲ့ ရာဇဓတုကလျာက ညီမ အရင်း။ တူတော်စပ်သူ နတ်ရှင်နောင်ဟာ သူ့ထက် ၁၉ နှစ်ကြီးတဲ့ ဒေါ်လေး မုဆိုးမကိုမှ တန်းတန်းစွဲချစ်ရလို့ ၇ နစ် ၇ မိုး ပိုးခဲ့လို့ ညားရပြန်တော့ ၇ လပဲ ပေါင်းလိုက်ရ။ ရာဇဓာတုကလျှာခမြာမှာလဲ တူအရင်းတွေပဲ ညားခဲ့ရရှာတယ်။ သေတော့ ဟံသာဝတီ နန်းတော်ထဲမှ မနေရ။ တောင်ငူ မြတ်စောညီနောင်စေတီရင်းမှာ ဦးခေါင်းချလိုက်ရရှာတယ်။ ကံနည်းသူ နတ်သျှင်နောင်လို့ မပြောချင်ဘူး။ ကံနည်းသူဟာ ရာဇဓာတုကလျာ (ဟံသာဝတီ ဆင်ဖြLရှင်ဘုရင့်နောင်ရဲ့အချစ်ဆုံးသမီး) လို့ ပြောချင်တယ်။

နတ်ရှင်နောင်လို့ နောက်ပိုင်းလူတွေကရေးကြပေမယ့် မူရင်းရာဇဝင်မှာ နတ်သျှင်နောင်လို့သာရေးပါတယ်။ သူဟာ အဘက်ဘက်မှာ ကျွမ်းကျင်လိမ္မာတယ်၊ သူရသတ္တိနှင့်လည်းပြည့်စုံတယ်၊ ပညာတို့ကိုလည်း ရှာဖွေဆည်းပူးတယ်လို့ ရေးတယ်။ နတ်သျှင်နောင်အမည်ဟာ ရာဇဝင်ဆရာတွေကပေးတာမဟုတ်ဘူးလို့ ယူဆရတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ စာဆိုဘုရင်နဲ့ ရတုဖွဲ့ဆိုရာမှာတံခွန်စိုက်သူလို့လည်း အမွှမ်းတင်ထားပါတယ်။

ပေါ်နွေလလျှင် တောင်ကချိမ့်မြူး မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ် ပျပ်လျက်ပြကာ၊ စိမ်းဝါ မိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည် ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန် ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွ မတတ်သောဝ်။

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) မှာ ထင်ရှားခဲ့တဲ့ စာဆိုရှင် (၁၄) ဦးရှိတယ်။
၁။ ဝရာဘိသံဃနာထ ဆရာတော်၊
၂။ ရာဇဓာတုကလျာ၊
၃။ ရဝေရှင်ထွေး၊
၎။ နတ်သျှင်နောင်၊
၅။ မင်းဇေယျရန္တမိတ်-တောင်ငူ၊
၆။ တောင်ဖီလာ ဆရာတော်၊
၇။ ရှင်ကုမာရကဿပ၊
၈။ ရှင်ကရဝိက၊
၉။ ရှင်သံခို၊
၁ဝ။ သဒ္ဓမ္မလင်္ကာရ ဆရာတော်၊
၁၁။ ဆီသည်ရွာစား ဦးအောင်ကြီး၊
၁၂။ ရှင်ဥက္ကံသမာလာ၊
၁၃။ ရှင်စန္ဒမဉ္ဇူ၊
၁၄။ ဦးကုလားတို့ ဖြစ်ကြတယ်။

နတ်ရှင်နောင်ကို ၁၅၇၈ ခုမှာမွေးတယ်။ သူ့ဖွားသက္ကရာဇ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားတယ်။ဦးချမ်းမြ (မြကေတု) က ၉၃၃ ခုနှစ်လို့ အကိုးအကား အထောက်အထားတွေနဲ့ပြတယ်။ သီဟသူက ၁၅၈၄ ခုမှာ တောင်ငူမှာ နန်းတည်တဲ့အခါ သားတော်နတ်ရှင်နောင်ကို အိမ်ရှေ့ဥပရာဇာပေးတယ်။ ဘုရင့်နောင်မင်းတရားကြီး၏သမီးတော်နဲ့ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောရဲ့ နှမတော် ရာဇဓာတုကလျာနဲ့ လက်ထပ်ပေးတယ်။

ရာဇဓာတုကလျာကို ဘုရင့်နောင်ရဲ့မိဘုရား ရာဇဒေဝီဘွဲ့ခံ တပယင်း စတုဂါမဏိရဲ့သမီး ရှင်ထွေးလှကနေ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ တနင်္ဂနွေနေ့မှာမွေးတယ်။ နတ်သျှင်နောင်ထက် (၁၃) နှစ် ကြီးတယ်။ အဒေါ်နဲ့ တူတော်တယ်။ ဓာတုကလျာရဲ့ ပထမကြင်ရာတော် မဟာဥပရာဇာနဲ့ နတ်သျှင်နောင်က ဝမ်းကွဲညီအကိုတော်လို့ မရီးနဲ့ မတ်လည်းတော်ပြန်တယ်။ သူတို့ထိမ်းမြားတော့ ရာဇဓာတုကလျာက (၄၃) နှစ်နဲ့ နတ်သျှင်နောင်က အသက် (၃ဝ) ရှိပြီ။ သူတို့ဟာ (၇) လသာ ပေါင်းဖက်လိုက်ကြရရှာပါတယ်။

၁၆၁၃ မှာ ပေါ်တူဂီ ငဇင်ကာ ခေါ် ဒီဗရစ်တိုနဲ့ မုတ္တမစား ဗညားဓလတို့ကနေ တောင်ငူကိုတိုက်ယူတယ်။ ရွှေနန်းတော်၊ ကျောင်း၊ ကန်၊ အိမ်ရာ အားလုံးကို မီးတိုက်တယ်။ တောင်ငူဘုရင်ခံ နတ်သျှင်နောင်ကို လှေပေါ်တင်ပြီး သန်လျင်ကို ခေါ်ဆောင်သွားတယ်။

အင်းဝဘုရင် အနောက်ဖက်လွန်မင်း ခေါ် မဟာဓမ္မရာဇာကနေ သံလျင်ကိုပြန်တိုက်ယူပြီး ငဇင်ကာရော နတ်သျှင်နောင်ပါ ဖမ်းဆီးရမိတယ်။ ငဇင်ကာကို ၁၆၁၃ မတ်လ ၂၈ ရက်နေ့ သန်လျင်မြို့လယ်မှာ တံကျင်တင်ပြီးသတ်တယ်။ ငဇင်ကာက ကက်သလစ်ဘာသာဝင်မို့ ကားစင်နဲ့ကွပ်မျက်ပုံရတယ်။ အဲဒီနေ့မှာပဲ နတ်သျှင်နောင်ကိုလည်း ရင်ကိုဖွင့်ပြီးသတ်တယ်။ သူ့အလောင်းကို မီးသင်္ဂြိုဟ်ပြီး၊ သန်လျင်ကျိုက်ခေါက်စေတီ မြောက်ဘက်စောင်းတန်းအနောက်မှာ ကုလားကျောင်းစံ အရိုးအိုးစေတီ တည်ထားတယ်ဆိုတယ်။ နတ်လျှင်နောင်သေတော့ အသက် ၃၅ နှစ်သာ ရှိသေးတယ်။

ဆရာသန်းဝင်းလှိုင်ရေးသာတာထဲမှာ နတ်သျှင်နောင် သစ္စာဖောက်မဟုတ်လို့ အချက်အလက်တွေနဲ့ ထောက်ပြထားတယ်။ နတ်သျှင်နောင်ဟာ အချစ်မှာသာမက အရှင်သခင်ကိုလည်း တော်လှန်ခဲ့သူမဟုတ်ပါလို့ဆိုတယ်။ ဘရင်ဂျီဘာသာဝင်ပြီး နှစ်ခြင်းခံတာ မဟုတ်လို့လည်း ငြင်းတယ်။ ပူတကေ (ပေါ်တူဂီ) ရာဇဝင်က တဖက်သတ်ရေးထားခြင်းနဲ့ ငဇင်ကာရဲ့ လုပ်ဇာတ်မျှသာလို့ ဆိုပါတယ်။

နတ်သျှင်နောင် ဗုဒ္ဓဘာသာကိုစွန့်ပြီး၊ ဘရင်ဂျီဘာသာထဲဝင်တယ်လို့ ပူတကေ (ပေါ်တူကီ) ရာဇဝင်ကရေးတာ မမှန်ကြောင်းကို (ဘဝဂ်ရပ်သူ၊ နတ်လူဝှန်ချောက်၊ ညွတ်ရောက်သည်၊ ကျိုက်ခေါက်ကောင်းကင့် ထွက်ချာသော်ဝ်) ကျိုက်ခေါက်ဘုရားတိုင်ရတုကို သန်လျင်ရောက်မှ ရေးတာလို့ထောက်ပြတယ်။

ရှင့်ပင့်စတေ၊ ခုနှစ်နေတိ၊ မီး ရေ လေဆုံး၊ ခြောက်ဘုံလုံးက၊ ရွက်ကျုံးရှစ်ဦး၊ တေဘုန်းထူးကို၊ မဖူးကြားကာ၊ သည်သာစက်၌ ကြုံကြိုက်တွေ့ရ၊ ဆယ်ဆဆယ်ပြန်၊ ကျူးလွန်စုံမက်၊ ရှေးထက်ဝမ်းမြောက်၊ ပြည်ဆူလျှောက်သည်လို့ သူ ရှိခိုးဆုတောင်းစာကိုလည်း ကိုးကားတယ်။

မြန်မာပညာရှင်တွေက နဝဒေးကြီးက ရတုစပ်ဆိုရာမှာ သူ့ထက်ဗဟုသုတသာတယ်လို့ ကောက်ချက်ချကြတယ်။

ကျွန်တော်က နတ်သျှင်နောင်အကြောင်းကို စာသိသာ။ အဲတာလည်း မစုံလင်ပါ။ ဆောရီး။ စာဖတ်ရင်တော့ ဘက်စုံအောင်ကြိုးစားရှာဖတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၆
၂၃-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး