Abortion Pill Risks ကိုယ်ဝန်ဖျက်ဆေး ဘေးအန္တရယ်များ
(ကန်တော့ပါ)
ဗမာ ဆရာဝန် များက တင်ထားတာတခု တွေ့လို့။ ဘာဆေးလိုချင်လဲ ပြောပါဆိုပဲ ကျောက်မြောင်းဈေး မီးပွိုင့်ရောက်ရင် ဖုန်းဆက်လိုက်ပါ လာပို့ပေးမယ်တဲ့
ဆရာဝန်တွေက သတိပေးစာ ရေးတာပါ။ အဲလိုအထိ ဆိုးနေပြီလား။ ကျွန်တော်ကတော့ မအံ့သြပါ။ ကိုယ်ဝန်ဖျက်ချင်လို့ မေးလာသူတွေ နေ့တိုင်းရှိတယ်။ ကျွန်တော်က ကိုယ်ဝန်ဖျက်မပေး။ ဖျက်နည်းမပေး ဆေးပညာစာတော့ စုံအောင်ရေးပါတယ်လို့ ဖြေပါတယ်။ ကိုယ်ဝန်ဖျက်ခြင်းနောက်ဆက်တွဲများစာ ရေးထားပြီးပါပြီ။ ထပ်ရေးစရာ လိုတယ်ထင်လို့။
ပြည်တွင်းမှာ ကိုယ်ဝန်ဖျက်ဆေး အမျိုးမျိုးရှိပုံရတယ်။ ယူအက်စ်အေနဲ့ ဥရောပမှာတော့ mifepristone နဲ့ misoprostol ဆေး ၂ မျိုးသုံးပါတယ်။ အရေးပေါ်တားဆေးနဲ့ မတူပါ။ Methotrexate ဆေးကိုသုံးတဲ့နည်းလည်းရှိတယ်။ ဆေးကို FDA ကနေကိုယ်ဝန် (၁ဝ) ပတ်ကိုဖျက်ချနိုင်တယ်လို့ အသိအမှတ်ပြုပေးထားတယ်။ ထိရောက်မှုများတယ်။ ပျက်မကျတဲ့နှုန်း ၂% ကနေ ၈% သာရှိတယ်။
ဆေးရဲ့ဘေးထွက်သက်ရောက်မှုတွေက ခေါင်းမူးမယ်။ ပျို့မယ်။ အန်မယ်။ ဗိုက်နာမယ်။ ဝမ်းပျက်မယ်။ ချမ်းမယ်။ ကိုယ်ပူနိုင်တယ်။ ရင်သားကနို့ရည်လိုထွက်မယ်။ တချို့က အလာဂျီ ခေါ် ဆေးနဲ့မတည့်တာရှိတယ်။ တချို့ အင်ဖက်ရှင် ခေါ် ရောဂါပိုးဝင်မယ်။ သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်နေရင် အသက်အန္တရာယ်ရှိတယ်။ ရောဂါပိုးဝင်လို့လည်း အဲလိုအထိ ဖြစ်နိုင်တယ်။ သွေးဆင်းတာ များလွန်းလို့ ရှော့ခ် ရတတ်တယ်။
ကိုယ်ဝန်ဆိုတာ အလွန်ဆန်းတယ်။ တယောက်နဲ့တယောက်မတူကြပါ။ တယောက်တည်းမှာ တခါနဲ့တခါ မတူပါ။ ကိုယ်ဝန်ပျက်တာန့ ဖျက်တာလည်း အဲလိုပဲ။
ဆေးပညာအရပြောရရင် စိတ်ချနိုင်တဲ့ဆေးအမျိုးအစားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ၁၉၉၂ ကစပြီး ကိုယ်ဝန်ပေါင်း ၂ သန်းကို အဲဒီဆေး ၂ မျိုးနဲ့ဖျက်ပေးတာ သေဆုံးမှု မရှိပါတဲ့။ Viagra ခေါ် ပန်းသေပန်းညှိုးဆေးသုံးစွဲသူပေါင်း ၁၁ သန်း ထဲက သေဆုံးရသူပေါင်း ၁၈၅၆၄ ယောက်ရှိတယ်။ ပနယ်စလင်မတည့်လို့ သေဆုံးရသူပေါင်းဟာ ဆေးပေးကြိမ် ၅ သောင်းကနေ ၁ သိန်းမှာ ၁ ယောက်သေဆုံးတယ်။ ကိုယ်ဝန်ဖျက်လို့ သေဆုံးရမှုဟာ တိုင်းပြည်နဲ့ နေရာဒေသအလိုက် မတူပါ။ မြန်မာပြည်မှာ မသိပါ။ ဆောရီး။
အထက်က ယူအက်စ်အေ ဆေးသုတေသနထဲမှာ မပါတာတွေလည်း ကျွန်တော်တွေ့ပါတယ်။ ကိုယ်ဝန်ဖျက်သူဟာ အိမ်ထောင်မကျသေးသူဖြစ်လို့ အိမ်ထောင်ပြုတဲ့အခါ လူမှုရေးပြဿနာတွေရှိကြလို့ မေးကြတာအမျိုးမျိုး။ မရေးတော့ပါ။ ကိုယ်ဝန်စရှိပြီဆိုကတည်းက ခန္ဓာကိုယ်မှာ နောက်ကြောင်းမပြန်နိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်သွားပါပြီ။ တခုချင်း မရေးတော့ပါ။ ဟော်မုန်းတွေကြောင့်ဖြစ်တယ်။ တားဆေးအမျိုးမျိုးကနေလည်း အပြောင်းအလဲတွေ ဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေက နိုင်ငံအလိုက်မတူပါ။ ယဉ်ကျေးမှုလည်းမတူပါ။ တည်နေပြီဖြစ်တဲ့ အထဲကသန္ဓေသားကို သေစေလိုက်တာကို သတိပြုသင့်တယ်။ စိတ်လိုလက်ရ ဖျက်ချသူတွေလည်း စိတ်ထိခိုက်မှုဖြစ်ကြတယ်။ စိတ်ကျတယ်။ စိတ်ဖိအားများတယ်။ မေးလာကြလို့ သိတာပါ။ တချို့လည်း နောက်ထပ်ကျူးလွန်ဘို့ ဝန်မလေးကြပါ။ အဲလိုလူတွေလည်း ရာသက်ပန် အဲလိုစိတ်မရှိပဲ အိမ်ထောက်ကျပြီး သားသမီးယူချင်တဲ့အခါ စိုးရိမ်စိတ်နဲ့ မေးလာကြတယ်။
23 Mar 2006 at 4:16 am အချိန်က အင်တာနက်မှာ စာတပုဒ်တင်ထားတာရှိတယ်။ ကျမညီမ ကိုယ်ဝန်ဖျက်ဆေး သောက်ပြီး ဆုံးသွားရပါတယ်တဲ့။ အသက် ၂၄ နှစ်တဲ့။ ကိုလိုရာဒို မင်မိုရီရယ် ဆေးရုံမှာ anaerobic bacteria ရောဂါပိုး ဝင်တာတဲ့။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၈

Comments
Post a Comment