ဗန့်ကျီနယ်သား

ကျွန်တော်မွေးဇာတိ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ဘက်အစွန်က မင်းရွာက ဗန့်ကျီနယ်ထဲမှာပါတယ်။ ရွာ့တောက်ဖက်က တောင်ယမားတောင်ဘက်ကို ပခန်းနယ်လို့ ခေါ်ပါတယ်။ ဗန့်ကျီသားနဲ့ ပခန်းသားတွေက စကားနိုင်လုတတ်ကြတယ်။ စကားလည်းကြွယ်ကြတယ်လို့ ပြောစမှတ်ရှိတယ်။ သူတို့က ပခန်းကိုကြီးကျော်နဲ့ ကျွန်တော်တို့မိဘတွေက အမေကြီးနတ် ဆည်းကပ်ကြတယ်။ ကျွန်တော့်ဦးလေးဆရာတော် သီတင်းသုံးတဲ့ မန္တလေးက ဆင်မင်းကျောင်းကို အရင်က ပခန်းကျောင်းလို့ ခေါ်တယ်။

ကျွန်တော် မြို့နယ်ဆရာဝန် တာဝန်ရှိစဉ်က ပုလဲမှာ ကောင်စီလူကြီးတဦးက ကဗျာ-စာသမား။ သူကွယ်လွန်သွားတာ မကြာသေးပါ။ အခုပဲ သူ့ကဗျာတပုဒ် တွေ့တယ်။

ဗန့်ကျီကိုလှမ်းပါလို့ ပခန်းကိုဝင်ခဲ့တယ်

ယမားချောင်း ရစ်ကာသီ
ပုံတောင်ဆီ ဝေစည်တော
မြယာကြော ဗန့်ကျီမြေ။

ချင်းတွင်းမြစ် သီဒါခင်
ရှင်မတောင် နံ့သာလွှမ်း
ပခန်းနယ်မြေ။

ဘုရားတန်းစောင်း ကျောင်းဇရပ်
ဝတ်မပြတ် လှူမျှဝေ
စာပေက ရနံ့မွှေး။

ပခန်းနှင့် ဗန့်ကျီ
နောင်ညီကို ဆွေချင်း
ထန်းတက်ရင်း တေးသံသာ
ယာထွန်ရင်း တေးသံဟစ်
လုပ်အားကို တမင်ချစ်
အလှသစ် တဝေဝေမို့
ရောင်းရင်းဆွေ သူငယ်ချင်းရယ်
မင်းလိုက်ခဲ့လေး။ ။

နေမျိုးသန့် (၁၉၉၁ ခုနှစ် စာပေဗိမာန် စာပဒေသာ ပထမဆုရစာအုပ်မှ)

သတ်ပုံကိုပါသိစေချင်လို့ တင်ပြလိုက်ပါတယ်။ တစ်မင်ချစ်၊ တစ်ဝေဝေ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ