The runner ကျွန်တော် အပြေးသမား
စောင့်လေမျိုးနွယ် ဝတ်တသွယ်လို့ ညီအရင်းကတင်ထားတာတခု အခုပဲတွေ့တယ်။ ကျွန်တော်တို့မြေးတယောက် စာတော်လို့ ဆုရတဲ့သတင်း။ ကွန်တော် စာလေးတပုဒ်ရေးထားတာရှိတယ်။ The runner ကျွန်တော် အပြေးသမား။
ကျွန်တော်ရေးတာက နိုင်ငံရေး။ တူတူမတွေ မြေးတွေကိုတော့ ပညာရေးသာပြောချင်တယ်။ ပညာသင်ယူတာက မာရသွန် အပြေးသမား။ တာတိုသမားမဟုတ်။ တာထွက်မှာ ဝုန်းကနဲထွက်ရတာမျိုးမဟုတ်။ မှောက်လျှက်မလဲစေရ။ အသက်မှန်မှန် ရှူရတယ်။ ရေလိုရင်သောက်ရတယ်။ နားတော့မနားရ။ တာထွက်မှာရှေ့ကရောက်နေသူမျိုးက ပန်းဝင်အထိ ပါမလာတတ်။ ဇွဲရှိရတယ်။ ဉာဏ်သုံးရတယ်။ လေ့ကျင့်မှုရှိရတယ်။
ကျွန်တော်ရေးခဲ့တာက နိုင်ငံရေး။ ပြန်စဉ်စားရင် မာရသွန်၊ ၂၅ နှစ်အလွန်ကတည်းကစ၊ လူတိုးပေါက်ကထွက်ပြေး၊ အပြေးကမြန် နောက်ပြန်လှည့်မကြည့်၊ ရှိတဲ့အတားအဆီး ခုန်ခုန်ပြီးကျော်၊ မော်မကြည့် မော့မကြည့်၊ ငုံ့၍သာကြည့်၊ ကနေ့ထိ။
ပြေးနေရင်းမှာ လွန်ဆွဲရသေးတာ။ ခေါင်းအုန်းရိုက်လည်းပါ။ တခါတခါ အမြင့်ခုန်၊ တုတ်ထောက်ခုန် အစုံပေါ့ဗျာ။ ဂုံနီအိတ်စွပ်ပြေး၊ အားလူးဇွန်းကိုက်ပြေး၊ ချောတိုင်လည်းတက်ရသေး။ ဘောက်ဆင်နဲ့ နပမ်းတော့ မပလေး။ လဲတဲ့အခါလဲ၊ ကွဲတဲ့အခါကွဲ၊ ဒီကြားထဲ ခြေတဖက်နဲ့ လက်တဖက်ပါကျိုးရသေး၊ ကြက်ခြေနီ တတ်ထားလို့တော့ တော်ပါသေး။
ပန်းဝင်မယ့်နေရာ ခဲတပစ်မှာ၊ ဒိုင်ညစ်တာက ခံလိုက်ရ၊ တာထွက်စောလို့ မီးနီပြ၊ ဆုလည်းမရ၊ လမ်းခုလတ်က ဆုတက်ယူချင်သူတွေတော့ တွေ့ခဲ့ရ။ တာဝေးခရီးရှည်မှာ တဖြေးဖြေးနဲ့ လူနည်းနည်းလာ၊ အခု မရှိကြတော့ပါ။ ကျွန်တော့်မှာ ပန်းတိုင်ကဖဲကြိုး လွန်တာတောင်မှ ရပ်မရ၊ လက်စသတ်တော့ မာရသွန်အပြေးသမား ပွဲကြည့်စင်ပေါ်မှာ ပါတကား။
သူများတွေကိုတော့ ဆုံးမစကားဆိုမယ်။ ရမယ့်ဆုဟာ သံလွင်ခက်ဖြစ်နေလည်း ကျေနပ်နိုင်သူဖြစ်ရမယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၅-၂ဝ၁၇
၂၂-၁-၂ဝ၁၈
Comments
Post a Comment