Newborn death and illness မွေးစကလေး သေဆုံးမှု

ကိုယ့်လိုမျိုး သားဆုံးရှုံးရတဲ့အဖြစ်မျိုးမဖြစ်စေချင် (အတွေ့အကြုံမျှဝေခြင်းဖြင့် သင်ခန်းစာရကြပါစေရန်) ပို့စ်ကိုဖတ်ပြီး စိတ်မကောင်းလို့ လှမ်းပြောကြသူတွေရှိတယ်။ ပို့စ်ကိုလည်း တွေ့ပါတယ်။ ဆောရီး။

WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့စာရင်းဇယားရှိတယ်။

အသက် ၅ နှစ်အောက်ကလေးတွေ ဂ့၂ သန်း နှစ်စဉ် သေဆုံးရတယ်။ အဲတာထဲမှာ ၄၁% က မွေးစကလေးတွေ ဖြစ်တယ်။ မွေးပြီး ၂၈ ရက်အတွင်းမှာသေဆုံးကြရတာဖြစ်တယ်။ ၃့၃ သန်းရှိတယ်။ အဲလိုကလေးတွေထဲက ၄ ယောက်မှာ ၃ ယောက်က ပဌမပတ်မှာသေဆုံးတယ်။ ၃ သန်းရှိတယ်။ ၂ သန်းဟာ မွေးတဲ့ရက်မှာပဲ သေဆုံးကြရတယ်။ အဲတာတွေထဲက ၃ ပုံ ၂ ပုံဟာ ကာကွယ်လို့ရနိုင်တာတွေဖြစ်တယ်။ ၃ ပုံ ၁ ပုံကတော့ ကံမကောင်းအကြောင်းမလှတာလို့ မှတ်ယူနိုင်ပါတယ်။

မြန်မာပြည်အပါအဝင် ဖွံ့ဖြိုးမှုနောက်ကျသေးတဲ့တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်နဲ့ မွေးစကလေး တဝက်နီးပါးဟာ ကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရကြသေးပါ။ ၉၉% ဟာ အာဖရိနဲ့ တောင်အာရှဒေသမှာဖြစ်တယ်။ အာရှတိုက်နဲ့ မြန်မာပြည်က နည်းနည်းလေးပိုကောင်းတယ်။

၃့၃ သန်းဟာ အသေမွေး။ ကလေးတွေ တနှစ်သားအရွယ်ထက် ပဌမ ၄ ပတ်မှာ သေဆုံးနိုင်မှု ၁၅ ဆများတယ်။ ၁၉၉ဝ ခုနှစ်တုန်းက မွေးစကလေးသေဆုံးမှု ၄့၆ သန်းရှိခဲ့ရာကနေ ၂ဝဝ၉ မှာ ၃့၃ သန်းအထိလျော့နည်းလာတယ်ေေ မွးစကလေးသေဆုံးရတဲ့အကြောင်းခံတွေထဲမှာ အင်ဖက်ရှင် ခေါ် ရောဂါပိုးင်ခြင်းက ၃၆% ရှိတယ်။ စောမွေးလို့ ၂၈% ရှိတယ်။ အသက်ရှူမဝခြင်းက ၂၃% ရှိတယ်။

တနှစ်အောက်ကလေး မွေးစသေဆုံးမှုထဲက တဝက်ကျော်ဟာ အိမ်မှာသာမွေးကြတာတွေဖြစ်တယ်။ တချို့ တိုင်းပြည်တွေမှာ စာရင်းဇယား စနစ်တကျမထားနိုင်လို့ သေဆုံးမှုတကယ်ရှိတာတွေက စာရင်းဇယားထဲမှာ မပါနိုင်။ တချို့တိုင်းပြည်တွေမှာ သားယောက်ျားလေးကိုသာ အာရုံစိုက်လို့ မွေးစမိန်းကလေးသေဆုံးရမှုက ပိုများတယ်။

ကလေးသေဆုံးမှုနည်းအောင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပုံမှန် အဆက်မပြတ်လုပ်ရမယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ပြည်စုံအောင်စီမံထားရမယ်။ အရေးပေါ်အစီအမံတွေ၊ ဆေးဝါးကရိယာတွေ၊ ကျွမ်းကျင်ဝန်ထမ်း၊ အောက်စီဂျင်၊ ချက်ကြိုးစောင့်ရှောက်မှု၊ မိခင်နို့တိုက်ခြင်း၊ အချိန်စောမွေးနဲ့ အလေးချိန်နည်းကလေးစောင့်ရှောက်မှု၊ မှန်ကန်တဲ့ ကျန်းမာရေးအသိ၊ မှားယွင်းတဲ့အယူဆ။

လူမှုရေးနဲ့ နိုင်ငံရေး။ တိုင်ပြည်စီးပွါးရေးနဲ့ မိသားစုဝင်ငွေ။ တဦးချင်းရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က စာလေးတပုဒ် ရေးထားတယ်။ မွေးကာစကလေး CPR လုပ်ပေးနည်း။ CPR ခေါ် နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်းတင်တော့ ဖတ်တဲ့သူ မနည်းတာ တွေ့ရတယ်။ လူကြီးတွေကိုလုပ်ပေးနည်းနဲ့ တနှစ်အောက်ကလေးတွေလုပ်ပေးနည်း ၂ မျိုးလုံးရေးထားပါတယ်။ မွေးမွေးချင်း အသက်မရှူတဲ့ကလေးမျိုးရှိတတ်တယ်။ ပြာနှမ်းနေလို့ Blue baby ဘလူးဘေဘီခေါ်တယ်။ အဲတာဆို ဘယ်လုပ်ပေးမလဲ။

နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်ပြီး မြန်မာဒုက္ခသည်တွေကျန်းမာရေး လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးခဲ့တော့ ကိုယ်ဝန်ဆောင်တွေက မနည်းပါ။ အိန္ဒိယကနေထွက်လာတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကို မွေးပေးနိုင်ခဲ့ပါတယ်။ မွေးစာရင်းကို ပြန်ကြည့်တော့ မွေးမွေးချင်း မငို၊ အသက်မရှူ၊ နှလုံးမခုန်တဲ့ကလေးပေါင်း (၇) ယောက်တွေ့ပါတယ်။

မွေးလူနာနံပါတ်၊ မိခင်အမည်၊ မိခင်အသက်၊ မွေးဖွါးနေ့စွဲ၊ မွေးဖွါးချိန်၊ ကျား-မ၊ မှတ်ချက်။
45. Ma Hla Ni, 32 F, 22-7-08, 2:10 PM, F, Breech + Blue Baby
54. Sui Tin Sung, 30 F, 9-11-08, 00:50 AM, F, Oxytocin; Blue Baby
65. Ciin San Deih, 18 F, 9-3-09, 5:00 PM, M, Oxytocin, Tear + Repair, Blue baby
189. Zai I, 19 F, 16-6-11, 05:52 AM, M, Oxytocin, EPI, Blue babyရတယ်။
256. Esther Lily Pari, 23 F, 6-8-12, 04:10 AM, F, Oxytocin, Blue baby
264. Sui Men, 30 F, 20-9-12, 04:00 PM, F, Normal labor (Blue baby)
300. Vung Pal, 20 F, 13-5-13, 10:15 AM, F, Normal labor, EPI, Blue baby

ကလေး (၇) ယောက်လုံးကို အသက်ရှူလာအောင်နဲ့ နှလုံးပြန်ခုန်လာအောင် လုပ်ပေးခဲ့ရတယ်။ တချို့ကလေးတွေက နှလုံးခုန်သံကြားရလို့ တော်သေးတယ်။ တချို့ကလေးက နှလုံးလည်းမခုန်၊ အသက်လည်းမရှူ၊ ပြာနှမ်းပြီး၊ ကလေးကို ကိုင်ရတာ ပျော့ဖတ်နေတယ်။ ရေမြွာရည်ကနောက်နေတော့ ချက်ကြိုးအရောင်လည်း ခပ်ဝါဝါစိမ်းစိမ်းဖြစ်နေပြီ။

မွေးမွေးချင်း ကလေးကိုဇောက်ထိုးကိုင်ပြီး ကျောပုတ် ပေးတာကတော့ မွေးလာတဲ့ကလေးတိုင်းကို လုပ်ရပါတယ်။ သည်လိုပြာနေတဲ့ကလေးမျိုးကို အထူးကုသပေးရတယ်။  မိခင်အတွက်လုပ်ပေးစရာတွေကို လက်ထောက်ဆရာမလက် အပ်ထားရတယ်။ ဆရာမလေးတွေကလည်း တော်ကြတယ်။ သူတို့မှာ ကျွန်တော်သင်ပေးထားတာသာ တတ်ကြတယ်။ သင်တန်းဆင်း သားဖွားဆရာမတွေ သူနာပြုတွေ မဟုတ်ကြပါ။ ပြာနှမ်းပျော့ဖတ်နေတဲ့ အသက်မရှူတဲ့ ကလေးကို ချက်ချင်းကယ်စားပွဲခုံမှာတင်ထား။ တယောက်ကို ကိုယ့်နှာခေါင်းစည်း ဖြုတ်ပေးခိုင်းပြီး နားထဲကို နားကြပ် အတပ်ခိုင်းရတယ်။ ကလေးနှလုံးခုန်သံ နားထောင်ဘို့။

နားကြပ်အဝိုင်းမျက်နှာပြင်ကိုသာ ကလေးရင်ပတ်ကို ဖိစရာလုပ်ရတယ်။ နားကြပ်အဝိုင်းနဲ့ကအံကျ။ လိုသေးရင် ဘယ်ဖက် လက်ဝါးထဲမှာ ကလေးအပေါ်ပိုင်းကို ထည့်ကိုင်ထားပြီး ကလေးရင်ခေါင်းပိုင်းအောက်က ကိုယ့်လက်ချောင်း ၄ ချောင်း၊ အထက်မှာ လက်မထားပြီး ကလေးနံရိုးအိမ်ကို ဖိလိုက်လျှော့လိုက်လုပ်ရတယ်။ ဘာဖက်လက်မှာက နားကြပ်၊ နှလုံးနေရာနဲ့ ရင်ညွန့်ရိုးပေါ်တင်ထားပြီး ဖိချပေးရတယ်။

ကြားထဲအချိန်မှာ နှလုံးခုန်သံပေါ်လာပြီလားဆိုတာ နားထောင်နေရတယ်။ ၅ ကြိမ်လောက် ဖိတာလျှော့တာလုပ်ပြီးရင် ကလေးပါးစပ်ကို ကိုယ့်ပါးစပ်နဲ့ လေမှုတ်သွင်းပေးရတယ်။ လူကြီးတွေလို လူနာရဲ့ကို လက်တဖက်နဲ့ပိတ်ပြီး၊ ပါးစပ်ချင်း တေ့မှုတ်လို့မရပါ။ ကလေးပါးစပ်ရော နှာခေါင်းကိုပါ ကိုယ့်ပါးစပ်နဲ့ငုံပြီး လေမှုတ်သွင်းရတယ်။ ဒါကြောင့် ကိုယ့်နှာခေါင်းစည်းကို အရင်ဖြုတ်ခိုင်းထားရတာ။

ကလေးက မိခင်မွေးလမ်းကထွက်လာတာ စက္ကန့်ပိုင်းလေးသာရှိသေးတယ်။ သန့်ရှင်းရေးဘာမှ မလုပ်ရသေးပါ။ ဆရာမတယောက်က ဖြစ်နိုင်သလောက် ကလေးကိုရော ဆရာဝန်ကိုပါ ဂွမ်းစ၊ အဝတ်စနဲ့ သန့်ရှင်းရေး ဘေးကနေ လုပ်ပေးနေရသေးတယ်။ ခဏနေတခါ ကလေးကို ဇောက်ထိုးထားနေချိန်မှာ ကျောကို ပုတ်ပေးရတယ်။ နားကြပ်ကလည်း ကလေးရင်ပတ်ကနေ မခွါရပါ။ ခဏနေတော့ အောက်ပြန်ချ၊ ပါးစပ်မှုတ်တာနဲ့ နှလုံးနေရာ ဖိပေးတာကို လေမှုတ်တာ ၅ ခါ၊ နှလုံးဖိတာ ၁ ခါ၊ ဖေါ်မြူလာအရ ဆက်လုပ်ရတယ်။ ကလေးလည်ပင်းလေးက ပျော့စိနေလို့ ဇောက်ထိုင်းကိုင်ချိန်နဲ့ ပြန်ချချိန်တွေမှာ သတိထားရတယ်။

အရင်ဆုံးက နှလုံးခုန်လာမယ်။ အဲတာဆို အားရစရာဖြစ်လာပြီ။ အသက်ရှူလာဘို့ကတော့ ဇောက်ထိုးထားပြီး ကျောပုပ်တာနဲ့ လေမှုတ်သွင်းတာဖြစ်တယ်။ တပြိုင်တည်းမှာ ဆရာမတယောက် ခြေနင်းချွဲစုပ်စရာနဲ့ မပြတ်တမ်း ချွဲစုပ်ပေးနေရတယ်။ နှလုံးခုန်မလာတာ အချိန်နည်းနည်းကြာလာရင်တော့ Adrenaline ထိုးဆေးလိုလာပြီ။ ကလေးချက်ကြိုးကနေ ထိုးပေးရတယ်။ အဲလိုကလေးမျိုးမှာ ချက်ကြိုးက သွေးကြောရှာဘို့ခက်တယ်။ ရတဲ့နေရာမှာ ထိုးရတယ်။ နောက်ဆုံး ကလေးနှလုံးထဲ တည့်တည့်ထိုးပေးရတယ်။

ကလေးက တချက်တချက် ရှိုက်လာရင် အသက်ရှူတော့မယ်။ ဆက်လုပ်။ ကလေးကို နွေးထွေးအောင်လုပ်ပေးလို့ရပြီ။ အသက်ရှူသံ တိုးတက်လာတာနဲ့ ကလေးအသားရောင်ကလည်း ပန်းရောင်ဖက်လဲလာမယ်။ ကလေးငိုသံကြာရတာနဲ့ ကလေးအမေထက် ဆရာဝန် ဆရာမတွေကို ပိုဝမ်းသာကြတယ်လို့ပြောတာ မလွန်ပါ။ ကလေးအမေက သူ့ကလေး အဲလောက်ဆိုးခဲ့တာကို မသိရှာကြတာကများတယ်။

ကျွန်တော့်ဆေးခန်းလေးမှာ အောက်စီဂျင်ဆလင်ဒါ အကျိုးမပေးပါ။ ဝယ်တိုင်း အဆင်မပြေခဲ့ပါ။ ဆရာဝန် ပါးစပ်ဆေး၊ နားကြပ်ဆေးလုပ်တဲ့အချိန်ဟာ ကလေးကို သူ့အမေ့လက်ထဲအပ်ချိန်ပါ။

မြန်မာပြည်မှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ဝန်ဆောင်နဲ့ မွေးစကလေးမျိုးဆက်တွေ ဖြစ်ထွန်းပါစေသတည်း။

Photo: Baby # 189 and Zai I, 19 F, 16-6-11, 05:52 AM, M, Oxytocin, EPI, Blue baby သူတို့မိသားစု ဘယ်တိုင်းပြည်ရောက်နေသလဲ မသိပါ။ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၅
၂၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး