Photo Nature ဓါတ်ပုံတို့၏သဘော

ဒီနှစ်ပြန်တင်လိုက်တဲ့ အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄) အောက်မှာ ကွန်မင့်တခုဖတ်ရတယ်။

စိတ်မကောင်းဖြစ်ရတယ်ဆရာ။ ဒေါ်တင်မာအောင်က အမေစုကိုမမေးပဲသူက မသိပဲပြောပုံရပါတယ်။ ခုပုံလေးရတာ ကံကောင်းလို့ပေါ့ဆရာ။

ဒေါက်တာတင်မာအောင်ပြောတာက မှန်ပါတယ်။ သူ့တာဝန်အရ ပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော့်တာဝန်အရ ပြောတယ်။ တာဝန်ယူတတ်သူတွေ အပြစ်တင်ခံရတတ်တဲ့ နမူနာတခုပါပဲ။ ဒီစာကလည်း နှစ်ပတ်လည်စာဖြစ်ပါတယ်။

ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် လက်ရှိတာဝန်ကနေ အနားယူတော့မယ်တဲ့။ အမှတ်ရတာလေးတခု ရှိပါတယ်။ ၂ဝ၁၁ တုန်းက အိန္ဒိယကို ဒေါ်စုလာမယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ အိန္ဒိယကနေ ဒေါ်စုကိုဖိတ်တာက နိုင်ငံခေါင်းဆောင်တယောက်အဆင့်ဖြစ်လို့ သွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေ့မဲ့သူတွေ၊ လုံခြုံရေး စတာတွေ အသေးစိတ်ကို အစိုးရကနေ တာဝန်ယူပါတယ်။ Protocol department ကနေ အားလုံးစီစဉ်တယ်။

မြန်မာကွန်မြူနတီနဲ့ပါ တွေ့ဘို့ပါလို့ ပရိုတိုကော်လ်အရာရှိတွေက ဒေါ်စုဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ Prospect Burma ကျောင်းကို လာကြတယ်။ ကျွန်တော်က ကျောင်းဥက္ကဋ္ဌဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်း တနာရီတိတိ ရမယ်တဲ့။ ကွက်တိ စီစဉ်ထားတယ်။ သူတို့က တနာရီပြည့်တာနဲ့ ဧည့်သည်ကို ကားပေါ်တင်ခေါ်သွားမယ်တဲ့။

ကျွန်တော်က ဒေါက်တာတင်မာအောင်ဆီ ဆက်သွယ်ရပါတယ်။ သူကလည်း ပြန်အကြောင်းကြားပါတယ်။ အချိန်တိကျဘို့၊ လက်ဖက်ရည်သောက်ချိန် မရှိ၊ လူတဦးချင်းနဲ့ မိတ်ဆက်ချိန် မရှိ၊ ဓါတ်ပုံရိုက်ချိန် မရှိ၊ စတဲ့စည်းကမ်းတွေ။

ဇာတ်လမ်းတော့ ရေးပြီးဖြစ်လို့ ကောက်ချက်သာရေးပါမယ်။ နောက်ဆုံးမှာ စည်းကမ်းတွေကိုပြောပြမိတဲ့ ကျွန်တော့်မှာ အောက်စ်ဖို့ဒ်ကျောင်းနဲ့ မျက်နှာပျက်ရတယ်။ လူတွေရဲ့အထင်လွဲတာခံရတယ်။ လဖက်ရည်ပွဲ ဖြစ်တယ်။ ဓါတ်ပုံစုရိုက်တာလည်းဖြစ်တယ်။ လက်ဖက်ရည်ဝိုင်းနဲ့ အုပ်စုဓါတ်ပုံတွေမှာ ကျွန်တော်တို့ဇနီးမောင်နှံတို့ မပါရပါ။ ဓါတ်ပုံထဲပါတဲ့သူတချို့က အခုတော့ ဒေါ်စုမကောင်းကြောင်းတွေ ရေးနေတယ်။

ကိုယ့်ကိုယ်ကို မိတ်ဆက်ချိန် မရနိုင်တာသိလို့ ကျွန်တော်ဘယ်သူဘယ်ဝါပြောချိန်ကို ခိုးမယူလိုက်ပါ။ ဒေါက်တာ တင်မာအောင် ကျန်းမာပါစေ။ ဓါတ်ပုံရိုက်ပေးတဲ့ ကိုနေလင်းနဲ့ မဇာနည်မန်းတို့လည်း နေကောင်းကြပါစေ။

တာဝန်ယူတတ်သူတွေ အပြစ်တင်ခံရတတ်တဲ့ နမူနာတခုပါ။ နေရာယူသူတချို့ရဲ့သဘောနဲ့ ဓါတ်ပုံတို့ရဲ့သဘောကို နားလည်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး