Thanks to India (4) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄)

၂ဝ၁၁ တုန်းက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ ဒေါ်စုကို ဖိတ်တာက နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေး စတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ ပရိုတိုကော်လ်ဌာနကနေ အားလုံးစီစဉ်တယ်။ တခြား အစီအစဉ်တွေနဲ့အတူ ကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ ပရောစပက်ဘာမား ကျောင်းသာရှိတော့ ပရိုတိုကော်လ်အရာရှိတွေက အဲဒီကျောင်းကို လာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌ ဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။

ပရောစပက်ဘာမားကျောင်းလေးက သေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် ပရိုတိုကော်လ်အရာရှိတွေနဲ့ ညှိရတယ်။ အောက်စဖို့ဒ်ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိမိသားစုကပိုင်တာပါ။ ဒေါ်မြမြအေးကနေ ကျောင်းပိုင်ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရလက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လက်ဖက်ရည်နဲ့ဧည့်ခံရင်း မိတ်ဆက်ဘို့နဲ့ စကားပြောမဲ့စင်မြင့်၊ စတာတွေ အစီအစဉ်ဆွဲကြတယ်။ အဲတာကို ပရိုတိုကော်လ်အရာရှိတွေကို ပြန်ပြောတော့ သူတို့ကလည်း ရတယ်။ ဒေါ်စုကို ဧည့်ခံမယ့်အစားအသောက်တွေကို စစ်ဆေးမယ်။ ပန်းစည်းတွေကို စစ်ဆေးမယ်။ အနီးကပ်ထိုင်မယ့်သူတွေစာရင်း စတာတွေယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးနာမည်တွေပါတယ်။

အိန္ဒိယအစိုးရအရာရှိတွေကလည်း သဘောတူ၊ အောက်စ်ဖို့ဒ်ကျောင်းကလည်းလက်ခံပြီးမှ မြန်မာကွန်မြူနတီကို ပြောရတယ်။ အဲလိုချိန်မျိုးမှာ ဒေါ်စုကိုသူတို့လောက် ချစ်တဲ့သူ၊ လေးစားတဲ့သူ၊ ထောက်ခံသူမရှိဆိုသူတွေက ရေတွက်မကုန် ထွက်ပေါ်လာစမြဲပါ။

ဒေါ်အောင်ဆန်းစုကြည့်ကို ဘယ်တုန်းကမှ တိုက်ရိုက်မဆက်သွယ်တဲ့ကျွန်တော်က ဒေါက်တာတင်မာအောင်ဆီ မရရအောင် ဆက်သွယ်ရပါတော့တယ်။ သူကလည်း အချိန်တိကျဘို့၊ လဖက်ရည်သောက်ချိန်မရှိ၊ လူတဦးချင်းနဲ့ မိတ်ဆက်ချိန် မရှိ၊ ဓါတ်ပုံရိုက်ချိန် မရှိ စတဲ့စည်းကမ်းတွေ ပြောပါတယ်။ အဲတာနဲ့ အောက်စဖို့ဒ်ကျောင်းနဲ့ ကွန်မြူနတီကို ပြန်ပြောပြပါတယ်။ ဒိနောက်ပိုင်း ကျွန်တော်က ပရောစပက်ဘာမားကျောင်းကိုသာ အသေးစိတ်စီစဉ်ပြီး ကွန်မြူနတီကိစ္စကို တိုက်ရိုက် ဝင်မပါတော့ပါ။ အခြေအနေကို သိလို့ပါ။

ဒေါ်စုက ၁၆-၁၁-၂ဝ၁၁ နေ့မှာ ပရောစပက်ဘာမားကျောင်းကို အရင်ဆုံးလာတော့ ကချင်တွေက မကျေနပ်လို့ မလာကြတဲ့သတင်းကို ဒေါ်စုကကြားထားပြီးပါပြီ။ သူစကားပြောအပြီးမှာ အနားမှာရှိတဲ့ကျွန်တော့်လက်ကိုကိုင်ပြီး ကချင်တွေက ကျမကို မကျေနပ်လို့ မလာဖူးကြားတယ်။ လာစေချင်ပါတယ်။ ဘာမဆို သဘောထားမတူတာရှိရင် ဆွေးနွေးဖြေရှင်းတာ အကောင်းဆုံးပါလို့ ပြောပါတယ်။ ဒေါ်စုကို ကျွန်တော်က ၁၉၉ဝ အမတ်ပါလို့ မိတ်မဆက်ခဲ့ပါ။ အဲဒီကနေ အောက်စဖို့ဒ်ကျောင်းကို လုံခြုံရေးကားတန်းနဲ့အတူ လိုက်ရတယ်။ အလိုက်သိတဲ့တယောက်က သူ့နေရာ ဖယ်ပေးလို့တော့ ထိုင်ခွင့်ရပါတယ်။

ဒေါ်စုပြောစေချင်တာကိုတော့ ကြုံတိုင်းကြုံတိုင်း လူအများသိအောင် ပြန်ပြောပါတယ်။ ဒေါ်စုခရီးစဉ်ကနေ ကျွန်တော်အတွက် ဘေးထွက်ဆိုးကျိုးတွေရခဲ့ပါတယ်။ ကြိုတင်တိုင်ပင်တဲ့အစည်းအဝေးမှာ ဒေါက်တာ တင်မာအောင် ပြောတဲ့ စည်းကမ်းတွေပြောပြမိလို့ပါ။ လက်တွေ့မှာ လက်ဖက်ရည်ပွဲလည်းဖြစ်သတဲ့။ ဓါတ်ပုံစုရိုက်တာလည်း လုပ်သတဲ့။ ကျွန်တော့်မှာ အောက်စ်ဖို့ဒ်ကျောင်းနဲ့ မျက်နှာပျက်ရတယ်။ ကျွန်တော်ကဖိတ်လို့ ပရက်စ်ကဒ်ရပြီးသား သထင်းထောက်တွေ အထဲမဝင်ရလို့ မျက်နှာပျက်ရတယ်။

လက်ဖက်ရည်ဝိုင်းနဲ့ အုပ်စုဓါတ်ပုံတွေမှာ ကျွန်တော်တို့ ဇနီးမောင်နှံ မပါရပါ။ သတင်းသမား ကိုနေလင်းနဲ့ မဇာနည်မန်းတို့က ပရောစပက်ဗာမားကျောင်းအထိ လာနိုင်ကြလို့သာ အခုတင်တဲ့ ဓါတ်ပုံတွေရပါတယ်။ ကျေးဇူး။

Thanks to India (1) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၁) http://doctortintswe.blogspot.com/2015/09/thanks-to-india-1.html
Thanks to India (2) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၂) http://doctortintswe.blogspot.com/2015/09/thanks-to-india-2.html
Thanks to India (3) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၃) http://doctortintswe.blogspot.com/2015/09/thanks-to-india-3.html

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ