W Questions ဘယ်လို ဘယ်ပုံ ဘာ့ကြောင့်

၁။ အသံထွက်အတိုင်း ရေးနေကြတာဆရာ။

၂။ စာသိပ်မဖတ်ကြခဲ့လို့လို့ တွေးမိပါတယ်ခင်ဗျ။

၃။ အမှားကိုပြောရင်း မှားလေခြင်း တချို့က အတန်းပညာတွေသာ မြင့်မားကြပြီး စာလုံးပေါင်းကို မှန်အောင် မရေးနိုင်ကြဘူးဗျာ မနေနိုင်လို့ ဝင်ပြီးပြောပြန်တော့ စဆရက လားတဲ့

အသံထွက်အတိုင်း ရေးနေကြတာဆို အသံထွက်ပါ မှားတယ်။ အရပ်နဲ့ အရက် အသံထွက်မတူပါ။ မှားတယ်ပြောရင် ဆင်ခြေတွေနဲ့ ကောက်ချက်တွေ လာတယ်။ ရေးတော့အမှန် ဖတ်တော့အသံစသဖြင့်။ ဘယ်ကလာဟုတ်ရမှာလဲ။ အရေးအလွဲနဲ့ အဖတ်အမှားတွေ။ ဥပမာ မင်္ဂလာပါလို့ရေးပြီး မင်ဂလာဘာလို့ အသံထွက်တယ်။ ခေါင်းကိုက်လို့ရေးပြီး ဂေါင်းကိုက်လို့ အသံထွက်တယ်။ တစ်ခါတစ်ရံကို တခါတရံလို့ ဘယ်နည်းနဲ့မှ အသံထွက်မရပါ။ တစ်ခါတရံလို့ ရေးသူတွေရော၊ တခါတစ်ရံလို့ရေးသူတွေကပါ အဲလိုရေးတာ ဟုတ်တယ်ထင်နေကြတယ်။

စာသိပ်မဖတ်ကြလို့လည်း ဟုတ်တယ်မထင်။ ဖတ်တာတွေက အမှားတွေပါနေလို့ ထင်ပါတယ်။ ဖေ့စ်ဘွတ်ကို မဖတ်သူ မရှိသလောက်ပါ။ နောက်ထုတ်စာအုပ်သာ ဖတ်ကြသူတွေကလည်း စာအုပ်ထဲရေးတာကိုသာ မှန်တယ်ထင်ကြလို့ ဖြစ်တယ်။ ကျောင်းစာအုပ်တွေမှာပါ အမှားတွေပါနေသေးတယ်။

တချို့ ဆရာကြီးတွေကလည်း ပေါ်လစီသတ်ပုံစာအုပ်တွေ တအုပ်ပြီးတအုပ် ရေးထုတ် ရောင်းချနေကြတယ်။ ညွှန်ချုပ် ညွှန်မှူး အရာရှိကြီးတွေကလည်း ပေါ်လစီသတ်ပုံအတိုင်းမဟုတ်ရင် စာပြန်ရေးခိုင်းသတဲ့။ စာအုပ်ထုတ်ဝေသူ အများစုက မူရင်းစာအုပ်တွေကို နောက်သတ်ပုံတွေနဲ့ ပြင်ပြီး ထုတ်ဝေနေကြတယ်။

အဲတော့ ဘာတွေဖြစ်လာသလဲ

အထင်ရှားဆုံးနမူနာကတော့ တစ်။ အထက်ကအချက်တွေကြောင့် လူတိုင်းလိုလိုက တစ်လို့ရေးတာတော့ မမှားကြ။ ကျန်တဲ့သတ်ပုံကို ရေးချင်သလို ထင်သလို ရေးနေကြတယ်။ အဲလိုမှားတာကို ကျောင်းတွေနဲ့ ဌာနဆိုင်ရာတွေကလည်း ကြည်ဖြူကြပုံရတယ်။

ပေါ်လစီသတ်ပုံစာအုပ်ထဲမှာ မှန်နေတာတွေကိုပါ မှားလာကြတယ်။ ဥပမာ ပြီကို ပီ၊ ပြီးကို ပီး။ ဖြစ်ကို ဖစ်။ လုပ်ရမယ်ကို လုပ်ကမယ်။ အဲတာမျိုးတွေက သတ်ပုံတွေကို အမိန့်နဲ့ပြင်ခြင်းရဲ့ တိုက်ရိုက်မဟုတ်တဲ့ မကောင်းကျိုးဆက်ဖြစ်တယ်။

ကွန်မင့်တွေ အမျိုးမျိုး အများကြီး ရထားပါတယ်။ ပညာခန်းကို ငြင်းကြတာမှာလည်း ပညာမပါတာတွေဖြစ်လာတယ်။ ပြင်ထားတာကိုသာသိသူတွေက အမှားဘက်ကနေ ရှေ့နေလိုက်ကြတယ်။ တရားသူကြီးလုပ်ကြတယ်။ ကိုယ်ထင်တာ လာပြောကြတယ်။ ခေတ်တဲ့။ ပြောင်းလဲချိန်တန်ပြီတဲ့။ ပိုက်ဆံတမတ်နဲ့ ငကြင်းခေါင်းကိုင်သူတွေက များတယ်။

စာဖြစ်ဖြစ်၊ ယဉ်ကျးမှုဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ် ထောက်ပြစရာတွေဟာ အကြောင်းတရားတခုတည်းကနေ ဖြစ်လာတယ်လို့ ပြောရင် ယေဘုယျမှန်နိုင်တယ်။ လူတွေရဲ့ အသိဉာဏ်ပညာကို အလေးမထားခြင်း ဖြစ်တယ်။ မစဉ်းစားနဲ့ ပြောတာလိုက်လုပ်။ မတွေးနဲ့ ခိုင်းတာသာလုပ်။ ပညာမလို အမိန့်နာခံမှုသာလိုဆိုတဲ့ ခေတ်စနစ် အလေ့အထဆိုးကြောင့် ဖြစ်တယ်။

ပညာဆိုတာ မွေးကတည်းက တတ်လာကြတာမဟုတ်ပါ။ မှန်တာ ကောင်းတာကို သင်ပေးလို့ရတယ်။ ကနေ့ကာလရဲ့ ချို့ယွင်းချက်က မှန်တာကမှား၊ ကောင်းတာကဆိုးလို့ မှတ်ယူနေသူတွေက နေရာတွေရနေကြလို့ဖြစ်တယ်။ ကန်တော့ပါ။

တနေ့ထက်တနေ့ အမှန်ဘက်ရောက်လာသူတွေကို မြင်တွေ့လာရတာ တိုင်းပြည်အတွက် အားဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး