Tuesday, January 23, 2018

Nephritis ကျောက်ကပ်ရောင်ခြင်း

၁။ မင်္ဂလာပါ ဆရာ၊ ကျွန်မအသက် (၂၉)နှစ်ပါ။ ဆီးထဲမှာ protein အမှုန်တွေပါလို့ ဆေးသောက်နေရတာ ၁နှစ်ကျော်ပါပြီ။ MEDIXON 16mg IROVEL 150 သောက်နေရပါတယ်။ ပြီးခဲ့တဲ့ ၂လအတွင်းမှာတော့ လက်မောင်းနဲ့  ခြေသလုံးတို့မှာ အကြောပြတ်သလိုတွေ ပေါ်လာပါတယ်။ မျက်နှာမို့ပြီး ရောင်တာတွေ ဖြစ်နေပါတယ်။ ဝိတ်လည်း တအား တက်လာပါတယ်။ ပင်ပန်းနွမ်းနွယ်လွယ်ပါတယ်။ ခဏခဏလည်း ဗိုက်ဆာတတ်ပါတယ်။ ဆရာရဲ့ ကျောက်ကပ်ရောင်ရောဂါအကြောင်း blog post ကိုဖတ်ပြီးပါပြီ။ ဒါပေမယ့် ဒီလို ကျောက်ကပ်ရောင်ရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို သိချင်ပါတယ်။ ပြီးတော့ ဒီထက် ဝိတ်တက်မလာဖို့ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်သင့်တယ် ဆိုတာ သိချင်ပါတယ်။ ဘယ်လို အစားအစာတွေကို ပိုမိုစားသင့်ပြီး ဘယ်လို အစားအစာတွေကို ရှောင်သင့်လဲ သိချင်ပါတယ်။ Glumerulonephritis ဟာ နာတာရှည်ကျောက်ကပ်ရောဂါပါလား ဆရာ။ အသက်အန္တာရယ် စိုးရိမ်ရတဲ့အထိ ဒုက္ခပေးနိုင်ပါသလား ဆရာ။

၂။ ဆရာရှင့် သမီးဖေဖေမှ ကျောက်ကပ်ရောင်တဲ့အကြောင်းနဲ့ ဘယ်လိုနေတိုင်ပြီး ဘာဆေးတွေသောက်သင့်တဲ့ အကြောင်း သိချင်ပါသည်။

ကျောက်ကပ်ရောင်တာ တဖက်တည်းရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ အမျိုးအစားတွေရှိတယ်။
1. Acute nephritis ရက်တို ကျောက်ကပ်ရောင်
2. Chronic nephritis နာတာရှည် ကျောက်ကပ်ရောင်
3. Glomerulonephritis ဂလိုမာရူလိုနဖရိုက်တစ်
4. Primary glomerulonephritis
5. Autoimmune nephritis
6. Lupus nephritis
7. Pyelonephritis
8. Interstitial nephritis

Acute nephritis ရက်တိုကျောက်ကပ်ရောင်တာနဲ့ Chronic nephritis နာတာရှည်ရောင်တာတွေကို အများဆုံး ဖြစ်ကြတယ်။ ပိုးဝင်တာကြောင့်လဲဖြစ်နိုင်သလို အဆိပ်သင့်လို့လဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်စေတာကတော့ Autoimmune disease ခေါ်တဲ့ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါအနေနဲ့ ဖြစ်ရတယ်။ လူတွေသေဆုံးရခြင်း ရောဂါတွေထဲမှာ နဝမလိုက်တယ်။

ဘယ်လိုခံစားရသလဲ -
ကျောက်ကပ်ဆိုတာ သွေးကနေ ဆီးဖြစ်အောင်စစ်ထုတ်ပေးနေတဲ့အင်္ဂါတစုံဖြစ်တယ်။ နိုင်အောင်ထုတ်မပေးနိုင်ရင်
ကိုယ်ရောင်မယ်။ ဆီးသွားတဲ့အကြိမ် နည်းနိုင်-များနိုင်တယ်။ အသက်ရှူရခက်မယ်။ ဆီးအရောင်ရင့်နေမယ်။ အားယုတ်နေမယ်။ ဆီးထဲ သွေးပါမယ်။

Acute nephritis ကလေးတွေမှာပိုဖြစ်တယ်။ ရုတ်တရက်ဖြစ်လာတယ်။ ဒါကြောင့်ကိုယ်ရောင်တာက မသိသာသေးဘူး။ ဆီးကိုညပိုင်းမှာပိုသွားတယ်။ ရေငတ်မယ်။ သွေးဖိအားတက်မယ်။ ခေါင်းကိုက်မယ်။ ယားမယ်။ ပျို့အန်ချင်မယ်။ အန်တာထဲ သွေးနည်းနည်းပါနိုင်တယ်။

ဘာလို့ဖြစ်သလဲ -
• Autoimmune Disorders (အော်တိုအင်မြူး) ရောဂါ၊ ပုံမှန်ဆိုရင် ကိုယ့်ခုခံအားဟာ ရန်သူ-မိတ်ဆွေကိုခွဲပြီး ခုခံကာကွယ်တယ်။ ဒီရောဂါဖြစ်နေရင် ကိုယ့်ကိုယ်ပိုင်အရာကိုပြန်ပြီး တွန်းလှန်နေတယ်။ ဒီလိုရောဂါမှာ ထိခိုက်တာ ခံရတဲ့အင်္ဂါတွေက တခုမကဘူး။ ကျောက်ကပ်သာမကဖြစ်တယ်။
• Bacteria (ဗက်တီးရီးယား)၊ Streptococcus bacteria ကနေဖြစ်တယ်။
• Medication ဆေးတွေကြောင့်ဖြစ်တာ၊
• Heredity Factors မျိုးဗီဇ။

Glomerulonephritis ဂလိုမာရူလိုနဖရိုက်တစ်
ရက်တိုနဲ့ နာတာရှည် ၂ မျိုးရှိတယ်။ ရက်တိုက အလိုလိုလည်းပျောက်တယ်။ မျက်နှာရောင်မယ်။ ဆီးထဲသွေးပါမယ်။ ဆီးနည်းမယ်။ အဆုတ်ရောင်လို့ အသက်ရှူမဝဖြစ်မယ်။ သွေးဖိအားတက်မယ်။ တနေရာရာမှာ ပိုးဝင်ရာကနေ ဆက်ဖြစ်တာ။ လည်ချောင်းနာ၊ ဆီးအိမ်ရောင်ရာကနေ ကျောက်ကပ်ကို ပိုးဝင်နိုင်တယ်။ လူးပတ်စ်ရောဂါရှိနေရာကနေ ဆက်ဖြစ်နိုင်တယ်။ ဆီးစစ်မယ်။ သွေးစစ်မယ်။ MRI ရိုက်မယ်။ မျိုးဗီဇနဲ့ Lupus ကြောင့်ဖြစ်တာကိုတော့ ကာကွယ်လို့ မရနိုင်ဘူး။ ပိုးကြောင့်ဖြစ်မှာကို ကာကွယ်နိုင်တယ်။ လည်ချောင်းနာရင်၊ ဆီးအောင့်ရင် ပိုးသေဆေးနိုင်အောင် ထိုးပါ-သောက်ပါ။

နာတာရှည်ကတော့ နှစ်တွေကြာအောင်ဖြစ်တယ်။ ကြာရင် ကျောက်ကပ်အလုပ်မနိုင်ဖြစ်လာနိုင်တယ်။ ဆီးထဲအနယ်ပါမယ်။ သွေးတိုးမယ်။ ခြေလက်မျက်နှာရောင်မယ်။ ဆီးခဏခဏသွားမယ်။ ဆီးထဲသွေးပါမယ်။
ကျောက်ကပ်အားနည်းလာရင် အစားပျက်မယ်။ ပျို့အန်မယ် မောပန်းမယ်။ အိပ်မရဖြစ်မယ်။ အရေပြားခြောက်မယ်။ ယားမယ်။ ကြွက်တက်မယ်။

နာတာရှည်ဘာကြောင့်ဖြစ်ရသလဲ သေချာ မပြောနိုင်ပါ။ သွေးတိုးကို နေ့စဉ်ထိန်းနေရမယ်။ အစားအသောက် နေ့စဉ်ထိန်းနေရမယ်။ ပရိုတင်းနည်းစားပါ။ ဆားနဲ့ ပိုတက်ဆီယမ် နည်းစားပါ။ ဆီးသွားစေတဲ့ဆေးပေးမယ်။ ကယ်လ်စီယမ်ဆေးလိုမယ်။ ကျောက်ကပ်ကို ထိခိုက်ထားတာ များနေရင် လုံးဝပျောက်ဘို့မလွယ်ဘူး။ လူအပင်ပန်းမခံသင့်ဘူး။ ကိုယ်လက်လှုပ်ရှားမှု သက်သာတာ ရွေးရမယ်။ အရက်၊ ဆေးလိပ်ဖြတ်ရမယ်။

အုန်းရေလတ်လတ်ဆတ်ဆတ် သောက်ပါ။ ထောပတ်သီး များများစားပါ။ လတ်ဆတ်တဲ့ သစ်သီးရည်သောက်ပါ။ အသီးများများစားပါ။ ပန်းသီး၊ လိမ်မော်သီး၊ သစ်တော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး။ ရေများများသောက်ပါ။ တနေ့မှာ ၈-၁ဝ ခွက်ထက် မနည်းစေနဲ့။ Oxalic acid များတဲ့အစားအသောက်ရှောင်ပါ။ ဟင်းနုနွယ်၊ ချောကလက်၊ ကိုကိုး။ ဆားလျှော့စားပါ။ ဆားများတဲ့ အသင့်စားနိုင်တဲ့ ခေတ်ပေါ်စာတွေ ရှောင်ပါ။ ကြော်တာတွေ မစားပါနဲ့။

Nephrotic syndrome နဖရောတစ် ဆင်ဒရုမ်း
ဆီးထဲမှာ ပရိုတင်းတွေပါနေမယ်။ ကိုယ်ရောင်မယ်။ သွေးတိုးမယ်။ ကိုလက်စထော များနေမယ်။ ရေရှည်မှာ ကျောက်ကပ်က နိုင်အောင်မလုပ်နိုင်တော့ပါ။ Prednisone စတီရွိုက်ဆေးပေးမယ်။ Cyclophosphamide ဆေးလည်းတချို့လူနာတွေကိုပေးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၃
၂ဝ-၈-၂ဝ၁၇
၂၃-၁-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...