Etiquette လောကဝတ်

ဒီစာလုံးကို အဘိဓါန်မှာ ကျင့်ဝတ်၊ ထုံးတမ်း၊ ယဉ်ကျေးပျူငှာမှုလို့လည်း ဘာသာပြန်ပါတယ်။ ကျွန်တော့်ဇာတိရွာက တကယ့် တောရွာလေး၊ အရွယ်အစားလည်းသေး၊ ဈေးတောင်မရှိတဲ့ရွာ။ ကျွန်တော်က ရွာမှာ ကျောင်းခဏသာ နေခဲ့ရတယ်။ ရွာကလူကြီးတွေဆီကတော့ အသိပညာတွေ ရခဲ့ပါတယ်။

ကျွန်တော်ငယ်ငယ်လေးက ရွာကိုသွားတိုင်း၊ ထမင်းဝိုင်းမှာ ဖိနပ်ချွတ်စားရတယ်။ လူကြီးကို ဦးချရတယ်။ ဟင်းခပ်ဇွန်းကို ထမင်းစားတဲ့လက်နဲ့မကိုင်ရဘူး။ အသံမည်အောင်မစားရဘူး။ ဟင်းခပ်ပြီးရင် ဇွန်းကို ဟင်းပန်းကန်မှာ အနေတော်အောင် ပြန်ထားရတယ်စသဖြင့် လိုက်နာစရာတွေကို ရွာကအမျိုးတွေကနေ သင်ပေးတယ်။ အိပ်ရင် အရှေ့ဖက်သာ ခေါင်းပြုအိပ်ရတာ၊ လူကြားထဲမှာ နေတာထိုင်တာ၊ လူကြီးနဲ့ပေးစရာယူစရာရှိတိုင်း လက်နှစ်ဖက်သုံးရတာ၊ လူကြီးရှေ့မှာ ခေါင်းငုံ့ရတာ စတဲ့နီတိတွေလည်းပါတယ်။ ဘုန်းကြီးတွေနဲ့ ဆက်ဆံရေးစည်းမျဉ်းတွေလည်းပါတယ်။

ကျွန်တော်က ဟိုနိုင်ငံသည်နိုင်ငံတွေဆီ ပြည်ပနိုင်ငံရေးတာဝန်နဲ့ အတော်ကြီးခရီးသွားခဲ့တယ်။ အများအားဖြင့်တော့ အနောက်နိုင်ငံတွေပါ။ သူတို့တိုင်းပြည်မှာ ဝတ်စားဆင်ယင်တာ၊ စားတဲ့သောက်တဲ့အခါ လိုက်နာစရာတွေကို အနည်းအကျဉ်းတော့ မသွားခင်လေ့လာထားရတယ်။ Etiquette စာအုပ်ပါဝယ်ထားတယ်။

တရုပ်ပြည်ကိုသွားရမယ်ဆိုတော့ လေ့လာမှုအသစ်ပြုရပြန်ပါတယ်။ စာအုပ်သစ်ထပ်ဝယ်ရပြန်တယ်။ တူနဲ့စားတာတော့ တတ်ပါရဲ့ တူကို ပန်းကန်ပေါ်မှာ ဘယ်လိုထားမလည်း စတာတွေကို မသွားခင်မှာ ကြိုတင် ဖတ်မှတ်ထားတယ်။ ဟိုရောက်တော့ စကားစပ်မိပြီး အဲလို လေ့လာခဲ့တဲ့အကြောင်းပြောပြတော့ အိမ်ရှင်တရုပ်အရာရှိတွေက အဲတာတွေ မလိုပါဘူးဗျာတဲ့။

အနောက်နိုင်ငံတွေမှာ ကြိုက်တာကိုကြိုက်သလောက်ယူစားရတဲ့ ဘရိတ်ဖတ်စ်နဲ့ ဘူဖေးလိုမှာ မကုန်လို့ ပန်းကန်ထဲ ကျန်နေရင် အထင်သေးခံရတယ်။ ကိုတရုပ်တွေကတော့ အရိုးတွေ အခွံတွေကို စားပွဲအောက်ပြစ်ချတာပဲ။ တူကိုလည်း တင်ချင်သလိုတင်တယ်။ အိန္ဒိယမှာကတမျိုး။ ရေဖန်ခွက်တို့ လက်ဖက်ရည်ခွက်တို့ကို သောက်ပြီးရင် ကြမ်းပေါ်မှာ ချကြတယ်။ ကုန်သလောက်ဖြစ်သွားတဲ့ စားပန်းကန်ကို လက်နဲ့ခြစ်ယူပြီးလျှက်တာ၊ အိန္ဒိယမှာ ကျွန်တော့်မျက်စိနဲ့ မတည့်တာက များတယ်။

ဘယ်နိုင်ငံ ဘယ်လိုပွဲလမ်းရောက်ရောက် ရွာကနေသင်ပေးလိုက်တဲ့ အက်တစ်ကက်ကိုတော့ လိုက်နာပါတယ်။ သူတို့ စာအုပ်တွေထဲမှာတော့ အဲတာတွေမပါ။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ ယဉ်ကျေးပျူငှာကြပါစေ။ ကျင့်ဝတ်၊ ထုံးတမ်းတွေကိုလည်း လိုက်နာနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၆
၂၅-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ