Thursday, January 25, 2018

Nyaung Gan ညောင်ကန်ရွာ

နှစ်ပတ်လည်စာ အစက ထပ်မတင်သေး။ ကွန်မင့်သစ်ရေးတာရှိတော့ ပြန်ပေါ်လာလို့။

တောသားရွာကိုရေးပြီး တောသူရွာအကြောင်းလေးလည်း ရေးပါရစေ။

• ကျောင်းပိတ်ရက်တိုင်းအိမ်ပြန်၊ ညောင်ကန်ကိုအခေါက်တိုင်းရောက်၊
• ရောက်တိုင်းလည်းစားစရာ၊ ယာခင်းကခူးဆွတ်ချက်၊
• ချဉ်ပေါင်ရွက်၊ ကုလားပဲရွက်၊ စမြိတ်ရွက်၊
• လျှာရင်းမြက်မြက်၊ ငရုပ်သီးခင်းကထွက်တဲ့ ဖယုံသီးအကင်းကတခွက်၊
• ဆောင်းရာသီထွက် မောင်မခေါ်ပဲကြီးနှပ်ချက်၊
• ချက်ကျွေးတဲ့ဒေါ်လေး လွမ်းမိသေး၊
• ဘေးအိမ် အမျိုးအိမ်ကခေါ်ကျွေး မှတ်မိသေး၊
• အဝေးကနေ အလည်ပြန်ရင် ကျွေးချင်ကြအုံးမှာလည်းမြင်ယောင်မိသေး၊
• ရွာအဝင်ရေကန်ဘေးနဲ့ လက်ဖက်ရည်ဆိုင်လည်း ထိုင်ချင်သေး။

ကျွန်တော့်ဇနီးဇာတိ ညောင်ကန်ဟာ ဘုတလင်မြို့ အနောက်ဖက် ၄ မိုင်အကွာက ဆရာတော်ဦးဗုဓ်ရဲ့ရွာဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ ဘကြီးတော်နဲ့ နန်းမတော် မယ်နုတို့လက်ထက်မှာ ပေါ်ထွန်းခဲ့ပြီး၊ နန်းမတော်မယ်နု ဆောက်လုပ် လှူဒါန်းတဲ့ အင်းဝက အုတ်ကျောင်းတော်ကြီးမှာ သီတင်းသုံးခဲ့တယ်။ မြန်မာနိုင်ငံ ပရိယတ္တိသမိုင်းမှာ ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံးဆိုပြီး ဥဒါန်းစကားတွင်ရစ်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ ပညာနဲ့ သမာဓိအရာမှာ လက်ဖျားခါရပေမဲ့ နှုတ် အင်မတန်နည်းတယ်လို့ဆိုပါတယ်။ ဆရာတော်ကို စကားပြောလာအောင်ကြံဆောင်တဲ့ အမတ်ကြီး ဦပေါ်ဦးက လက်မြှောက်ခဲ့တဲ့ သာဓကတခုရှိခဲ့တယ်။

• ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာလို့ဆိုပြီး ဦးဗုဓ်ကျောင်းကိုသွားပါသတဲ့။ ပြောစရာမရှိ ပြောစရာစကားကိုရှာတော့ ရေကန်ကြီးကိုမြင်တာနဲ့ ဟောဒီရေကန်ကြီးဟာ အတော်လေးကောင်းလှပါလား ဘုရား။
• အေး ကောင်းတယ်။
• ရေကလည်း သိပ်ကိုကြည်နေတာပါပဲလားဘုရား။
• အေး ကြည်တယ်။
• ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲဘုရား။
• ငါမသိဘူး။
• ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မယ်အထင်နဲ့ လျှောက်ထားမိတာပါ ဘုရား။
• ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့နှုတ်ခမ်းမှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ။

ညောင်ကန်ရွာမှာရှိတဲ့ ဆရာတော်ဦးဗုဓ်ကျောင်း။ အင်းဝမှာ နန်းမတော်မယ်နုဆောက်လုပ်လှူဒါန်းခဲ့တဲ့ အောင်မြေဘုံစံ အုတ်ကျောင်းနဲ့ ပုံသဏ္ဌာန်ဆင်တူတယ်။ ညောင်ကန်ကို မရောက်ရတာ ၂၈ နှစ်ရှိပြီ။ ညောင်ကန်မျိုးတွေနဲ့တော့ နေ့တိုင်းတွေ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅
၂၅-၁-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

မုန်း

တင့်တင့်ပပ သင့်အလှကို ဗန်းပြဂုဏ်တင် တန်ဆာဆင်၍ အစဉ်အမြဲ ဘဝင်ထဲဝယ် လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။ ကြည်ကြည်မြမြ ရှုမဝသည့် ထွန်းပသစ်သစ် လှ...