Manipur မဏိပူ

မင်္ဂလာပါဆရာ။ ဒီနေ့ ဆရာ့ရဲ့ Manipur မဏိပူကသည်းဆိုတဲ့ Blog လေးဖတ်လိုက်ရတယ်။ ဒီလင့်ခ်က ပို့စ်လေးတစ်ခုပါ။  http://doctortintswe.blogspot.com/2015/10/manipur-film-unveils-myanmars-hell-hole.html ဒါနဲ့ ဆရာ့အကြောင်းလေးကို Google မှာ ရှာကြည့်တော့ သိချင်တာတွေ ပိုများလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ရဲ့ မျက်နှာပုံစံက မဏီပူရ်နဲ့ ပိုတူတယ်။ ဒီမေးခွန်း က Personal မေးခွန်းဖြစ်နေလို့ Message box မှာပဲ ဖြေကြားပေးပါ ဆရာ။ အဲတာကြောင့် မေးတာကို အကုန်မထည့်ပါ။

ကျွန်တော်က ကသည်းမဟုတ်ပါ။ ဆွေစဉ်မျိုးဆက် စာတပုဒ် ရေးထားတယ်။ မဏီပူသွားရင် သူတို့လူမျိုးလို့ထင်ကြတယ်။ ကျွန်တော့်မှာ မဏီပူမိတ်ဆွေတွေ အများကြီးရှိတယ်။ အားလုံးနဲ့ ခင်မင်တယ်။ အင်ဖါးကဆရာဝန် ၂ ယောက်နဲ့ဆို ညီအကိုတွေလိုခင်မင်တယ်။ တယောက်က အိုဂျီ။ နောက်တယောက်က မေ့ဆေးဆရာဝန်။

မဏိပူ၊ မဏိပူရ၊ မဏိပူရ်၊ ကသည်း၊ ပုဏ္ဏား စသဖြင့် အမျိုးမျိုးခေါ်ကြတယ်။ တရားဝင် မဏီပူရ်ပြည်နယ်ဖြစ်ပြီး လူမျိုးကို မိုက်သေး (မိုက်သည်း) လို့ ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်က ပြည်နယ်တခုဖြစ်တယ်။ မီဇိုရမ်၊ နာဂလင်း၊ အဆမ် ခေါ် အာသန်ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့နဲ့ ဆက်စပ်နေတယ်။ သမိုင်းစာအုပ်ထဲက ကချာဆိုတာ မဏိပူနဲ့ မီဇိုရမ် ကြားကနေရာတခုကို ခေါ်တယ်။

လူဦးရေ ၃ သန်းနေထိုင်တယ်။ မိုက်သည်းလူမျိုး ၅၃% သာမက၊ နာဂ၊ ကူကီးလူမျိုးစုတွေပါ ရောနှောနေထိုင်ကြတယ်။ ဟိန္ဒူဘာသာဝင်များတယ်။ ခရစ်ယန်နဲ့ ဘင်္ဂလားကနေရောက်လာတဲ့ မွတ်ဆလင်တွေလည်းရှိတယ်။ ဗုဒ္ဓဘာသာဝင်လည်း နည်းနည်းရှိတယ်။

အရင်က ဘုရင်အုပ်စိုးတယ်။ လက်ကျန်ဘုရင့်နန်တော်ကိုလည်း ရောက်ဖူးတယ်။ သေးသိမ်သွားပြီ။ ဗြိတိသျှလက်ထက်မှာ သူတို့က ဗမာပြည်ထက် အိန္ဒိယနဲ့သာတွဲနေလိုကြတယ်။ စိတ်မကောင်းစရာက လက်နက်ကိုင်အဖွဲ့တွေက များတယ်။ အခုထိ အိန္ဒိယစစ်တပ်က အထူးအာဏာယူထားတယ်။ နာဂလက်နက်ကိုင်အဖွဲ့က မဏိပူပြည်နယ်ထဲက နာဂတွေနေတဲ့ နေရာကိုပါ လိုချင်နေတယ်။ မဏိပူလက်နက်ကိုင်တွေက အရင်က တရုပ်ကွန်မြူနစ်ဆီ အကူအညီတောင်းတယ်။ နောက် မြန်မာစစ်အစိုးရဆီက အကူအညီရတယ်။ ကျွန်တော် ပဌမဆုံးအကြိမ်ရောက်တော့ အင်ဖါးမြို့မှာ သေနတ်သံတွေ ကြားရတယ်။ သူပုန်ခေါ်တာတွေက ကျွန်တော်တို့ကို ဒုက္ခမပေးတဲ့အပြင် ကူညီကြတယ်။ မြန်မာစစ်အစိုးရဆီက အကူအညီရတဲ့အဖွဲ့ကတော့ တခါတခါရန်ရှာတယ်။

မဏိပူတွေက အကအခုန်ဝါသနာပါတယ်။ စိုက်ပျိုးရေးလုပ်ကြတယ်။ တောင်ကြားလွင်ပြင်မှာ ငါးကန်လေးတွေရှိတယ်။ အားကစားလည်း မဆိုးကြပါ။ ယက်ကန်းပညာ သူတို့ဆီကနဲ့ ထိုင်းကနေ ဗမာတွေကယူလာတယ်။ မဏိပူယဉ်ကျေးမှုက ထူးခြားတယ်။ ဇာတ်ကြီးတယ်။ ပွဲတော်တခုကဖိတ်လို့ သွားစားရတယ်။ ချက်ပြုတ်တဲ့ ယောက်ျားတွေက အင်္ကျီမဝတ် သူတို့ချက်တဲ့ဆီ တခြားလူမဝင်ရ။ သန့်ရှင်းရေးအထူးသတိထားတယ်။ စားစရာမယ်ပေါင်း ၂ဝ ကျော်တယ်။ အမျိုးသမီးတွေက ထဘီဝတ်တယ်။ ပတ်ထည်ပေမဲ့ ထိုင်းအမျိုးသမီးတွေ၊ မီဇိုးအမျိုးသမီးတွေလို မဟုတ်။ မဏိပူမတွေက ထဘီအစကို ခါးမှာ ပုဝါချသလို ချထားတယ်။ အဝါရောင်နဲ့ ပန်းရောင်ရောထားတဲ့အရောင် ပတ်လည်စင်းထဘီ ဝတ်ကြတာ များတယ်။ အပေါ်က အဖြူများတယ်။

မြန်မာဘုရင်တွေနဲ့ စစ်ခဏခဏဖြစ်ခဲ့တယ်။ စစ်သူကြီးမဟာဗန္ဓုလတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မဏိပူတွေက မမေ့ကြပါ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့အင်္ဂလိပ်တွေ စစ်တလင်းဖြစ်ခဲ့တယ်။

အင်ဖါးတက္ကသိုလ်မှာ မြန်မာစာဌာနရှိတယ်။ ကျွန်တော် ယူအက်စ်ကို မထွက်လာခင်က အင်ဖါးယူနီဗာစတီမှာ စကား သွားပြောရသေးတယ်။ မြန်မာပြည်မှာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ချိန်ကပါ။

Photo: Consultation for Peace and Human Rights in Burma (Myanmar) was held at EBCC Conference Hall, New Lamka, Manipur on March 23 2013.

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ