Shirt Button အင်္ကျီကြယ်သီးပေါက် မလွဲစေနဲ့

စာရေးတာမှာ ဖေ့စ်ဘွတ်လိုနေရာမျိုးမှာ ခပ်လွယ်လွယ် ခပ်ပါ့ပေါ့ရေးကြတာကို ဗွေမယူပါ။ ရယ်စရာသဘော ရေးကြတာလည်း ထောက်ပြရန်မရှိပါ။ ဘန်းစကားဆိုတာလည်း ခေတ်တိုင်းမှာရှိတာ။ ပြောစရာရှိတာတွေက တမျိုး။

မူရင်းစာအုပ်တွေ စာတွေကို ကိုယ်ကြိုက်သလိုသတ်ပုံပြင်ပြီး ရောင်းစားကြတာကို ပြောပါတယ်။ မှန်နေပြီးသား သတ်ပုံတွေကို ပေါ်လစီအရ ပြောင်းခိုင်းတာမျိုး၊ မူကွဲရှိနေတာကို ပုံသွင်းတာကိုလည်း သဘောမတူပါ။ ခေတ်လို့ ဆင်ခြေပေးကြတယ်။ ခေတ်ဆိုတာ ပိုပြီး လွယ်ကူရှင်းလင်းစေရတယ်။ အဆင့်စာလုံးတွေ ပါဠိစာလုံးတွေ နည်းစေရတယ်။ မလိုအပ်ဘဲ စသတ်ခိုင်းတာ။ မနှစ်လုံးဆင့်ခိုင်းတာ ခေတ်သဘောမဟုတ်ပါ။ ခေတ်သဘောမှာ စာလုံးသစ်တွေပေါ်တယ်။ ဘာသာခြားစာလုံးတွေ၊ နည်းပညာစာလုံးတွေတိုးလာတယ်။ အဲတာတွေမှာ အသံထွက်ကို အနီးစပ်ဆုံးယူမှသာ သင့်တယ်။ အာထွာဆောင်းကို စောင်းလို့မရေးရ။ ဆူပါကို စူပါလို့ မရေးရ။

ဖေ့စ်ဘွတ်မှရေးတာနဲ့ ဆရာဝန်ဆီ ကျန်းမာရေးမေးတာ မတူသင့်ပါ။ လေးစားရမယ်၊ ရိုသေကျိုးနွံရမယ်လို့ ပြောတာ မဟုတ်ပါ။ ယဉ်ကျေးနိုင်ရင်တော့ ကောင်းတာပေါ့။ မေးခွန်းဟာ ဖတ်တာနဲ့ ဆိုလိုချက်ကိုတော့ သိစေသင့်တယ်။ သတ်ပုံမှားတာနဲ့ အဓိပ္ပါယ်လွဲတာတွေရှိတယ်။ အဲတာမျိုးကို ဖြေမရပါ။

ဆရာသားဥကြွေဆေးစားပြီးဖင်ကလေးတန်းရလားဆရာရေးတာကို ၃ ခါလောက်ဖတ်တော့ သဘောပေါက်ပါတယ်။ ကိစ္စမရှိပါ။

လူတိုင်း အိပ်ရာထဲမှာ ညဝတ်နဲ့နေကြတယ်။ ဧည့်ခန်းထွက်ရင် ကပိုကရို မသင့်။ အိမ်ပြင်ထွက်ရင် တင့်တင့်တယ်တယ်။ အလှူ မင်္ဂလာဆောင် သွားတော့ ကြော့ကြောမော့မော့ ဝတ်စားကြရတယ်။

တချို့ရေးကြတာတွေက အင်္ကျီကြယ်သီးပေါက်လွဲတပ်ထားသလို။ ရင်ပတ်လုံရင်တော့ တော်သေးတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ