MASU ဝ/သ (မန်း)
မန္တလေးတက္ကသိုလ်ကို သမီးတို့အလည်ရောက်ကြတယ်။ သမီးအမေလည်း အဲဒီမှာတက်ခဲ့တယ်။ အဲဒီခေတ်မှာ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်လို့ခေါ်တယ်။ အတိုကောက် ဝ/သ (မန်း) ခေါ်ကြတယ်။
၁၉၆၂ အာဏာသိမ်းအစိုးရကနေ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်တော့ ရှစ်တန်းကစပြီး ဝိဇ္ဇာနဲ့သိပ္ပံဘာသာရပ်တွေ ခွဲစေတယ်။ ဝါသနာအရဆိုတာထက် အမှတ်အရပါခွဲတာ။ ကောလိပ်တွေ တက္ကသိုလ်တွေ နှစ်မျိုးဖြစ်ကုန်တယ်။ လူတွေကို ပုံသွင်းနည်းတမျိုးဖြစ်တယ်။
ခွဲကာစမှာ ဆေးကျောင်းနဲ့ စက်မှုကျောင်းတွေကို သိပ္ပံဘာသာတွဲမယူသူတွေပါတက်နိုင်ဘို့ အိုင်အယ်လ်အေစနစ်ကို သွင်းရတယ်။ ကျွန်တော်လည်း အဲတာနဲ့ ဆေးကျောင်းရောက်တယ်။
လူတွေကို ဝိဇ္ဇာအုပ်စုနဲ့သိပ္ပံအုပ်စုရယ်လို့ ပုံသွင်းတာ တချို့တော့ ကမောက်ကမဖြစ်ရတယ်။ ဆေးကျောင်းမှာ အနုပညာလို့ခေါ်နိုင်တဲ့ စာရေးကဗျာရေးသူတွေ၊ ပန်းချီကာတွန်းရေးဆွဲသူတွေ၊ တေးဂီတနဲ့ အက တော်သူတွေ ရှိတဲ့အကြောင်း စာလေးတပုဒ်ရေးထားတယ်။ ကျွန်တော့်အမျိုးတယောက်က မြန်မာစာအဓိကနဲ့ ဝ/သ (မန်း) တက်ရတယ်။ သူက ကမ္ဘာကြီးလုံးဝန်းတဲ့အချက်ကို မယုံဘူးတဲ့။
ကျွန်တော့်အမြင်ကတော့ လူတွေကို ပုံသွင်းလို့ရတယ်။ ပုံသွင်းတိုင်း အဆင်ပြေချင်မှပြေတယ်။ အရွယ်ငယ်စဉ်မှာ ဖယောင်းလိုလွယ်တယ်။ ကြီးမှ သိတတ်မှပုံသွင်းခံရသူတွေ မျက်စိအောက်မှာ အထင်အရှား အများကြီးတွေ့နေရတယ်။ အရိုးကျိုးလို့ ကျောက်ပတ္တီးစီးထားတဲ့ ကွေးမရ ဆန့်မရတဲ့ လူနာတွေနဲ့တူတယ်။ တချို့ကတော့ မံမီတွေလို သေတဲ့အထိ။
အိုင်းစတိုင်းကပြောခဲ့တာတခုရှိတယ်။ တကယ့်သိပ္ပံပညာရှင်ဆိုတာ အနုပညာရှင်လည်းဖြစ်တယ်တဲ့။
ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၇

Comments
Post a Comment