My Name Is ကျွန်တော့်နာမည်က
မနှစ်က ဒီလိုနေ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က မာရီယန်တက္ကသိုလ်မှာ စကားသွားပြောရပါတယ်။ ကိုယ့်နိုင်ငံ မညံ့တဲ့အကြောင်း ပြောရတာတော့ မဟုတ်ပါ။ အရင်းအတိုင်း ပြောရတယ်။ ကြွားလို့မရတာတွေကို ကြွားလုံး မထုတ်သင့်ပါ။ ကျွန်တော်တို့မှာ သူများချီးမွမ်းစရာ ဘာတွေရှိလည်း။ ယဉ်ကျေးမှု၊ သာယာလှပမှု၊ လူတွေက ချစ်စရာ ခင်စရာကောင်းကြတာနဲ့ ရှေးဟောင်းအမွေအနှစ်တွေရှိတယ်။ စစ်အစိုးရအမျိုးမျိုးတွေ အုပ်ချုပ်နေခဲ့တဲ့ကာလအတွင်း နိုင်ငံတကာကိုလှည့်ပြီး မြန်မာပြည်အကြောင်းပြောခဲ့ရစဉ်က ကောင်းကွက်တခုမှ မထည့်ပဲပြောခဲ့တာကို ဝန်ခံပါတယ်။ အကြောင်းအရာတခုကို ပိုပြောတာမျိုး၊ လိုပြောတာမျိုးဟာ တပွဲတိုးသာခံတယ်။ ကျွန်တော်တို့ ပြောဆိုခဲ့တာတွေဟာ ၂၄ နှစ်တိတိခံပါတယ်။
အခုတော့ စကားကို ပြင်ပြောလာနိုင်ပါပြီ။ ဒါပေမယ့် ကြွားစရာရှိပါပြီလား။ အိပ်မက်လှလှ မက်နိုင်လာကြတဲ့အဆင့်သာ ရှိသေးတယ်။ အဲလိုဖြစ်လာအောင် ပြည်သူပြည်သားအများစုက ကြိုးပမ်းခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။
စကားပြောအပြီးမှာ မေးခွန်းတွေဖြေရတယ်။ ယူအက်စ်အေကိုရောက်လာတော့ ဘယ်လို ထူးခြားချက်မျိုး တွေ့ပါသလဲ။
ကျွန်တော့်အဖို့မှာ ၂၄ နှစ်လုံးလုံး နိုင်ငံပေါင်း ၃ဝ ကို ပတ်စ်ပို့အမျိုးမျိုးနဲ့ ခရီးတွေထွက်ခဲ့ရတယ်။ ဓါတ်ပုံကလွဲရင် နာမည်က တခြား၊ အဖေနာမည် တလွဲ၊ လူမျိုးက ဗမာမဟုတ်တာ။ ယူအက်စ်ကိုရောက်မှာသာ ဒေါက်တာတင့်ဆွေ၊ အဖအမည် ဦးဘချို၊ မြန်မာနိုင်ငံကလာသူလို့ ပွင့်ပွင့်လင်းလင်း ပဌမဆုံးပြောခွင့် သုံးခွင့်ရပါတော့တယ်။ ကျွန်တော့်ဇနီးရဲ့ ယူအက်စ်အေမှာခြေချရတဲ့နေ့က မှတ်ချက်ကတော့ အသက်ရှူရတာ ဝတယ်တဲ့။
ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၆
၂၁-၉-၂ဝ၁၇
ကိုယ်ချင်းစာသူတဦးထံသို့
ကျွန်တော့်ပို့စ်တခု = My Name Is ကျွန်တော့်နာမည်က
ကွန်မင့်တခု = Htay Htay Thant ကိုယ့်နိုင်ငံမကောင်းကြောင်းကို ကမ္ဘာပတ်အတင်းတုတ်ခဲ့ပြီးမှ ရတဲ့အခွင့်အရေးက အမေရိကန်နိုင်ငံသားဖြစ်သွားတဲ့သဘောပေါ့။ အမေရိကန်မှာ နေထိုင်ခွင့်ရမှရပါ့မလားဆိုပြီး အသက်ရူမဝဖြစ်ခဲ့ရတာကို ကိုယ်ချင်း စာပါတယ်။
ကွန်မင့်ကို သဘောမတူပါ။ ကျွန်တော် ယူအက်စ်အေမှာ နေချင်ရင် ဒိထက် ၁ဝ နှစ်မကစောပြီးနေနိုင်ခွင့်ရခဲ့ပါတယ်။ အခြေချမနေရမီ ယူအက်စ်အေကို ၅ ခေါက်အစည်းအဝေးတွေ လာတက်ရတယ်။ တချို့လူတွေလို ခုန်ချနေချင်ရတယ်။ မလုပ်ပါ။ UNHCR က ပဌမအကြိမ်ခေါ်တော့ ၂ဝဝ၇ ခုနှစ်မှာ ငြင်းခဲ့တယ်။ မြန်မာနိုင်ငံရေး မရေရာသေးတာသိလို့ပါ။ ၂ဝ၁၄ ရောက်မှ သားသမီးတွေအားလုံးလည်းရောက်နေကြပြီ၊ မြန်မာပြည်ပြန်ရင်လည်း ပါတီထဲမှာ ဝင်လုပ်ကိုင်ဘို့ စိတ်ကူးမရှိတာနဲ့ သွားတော့မယ်လို့ ဆုံးဖြတ်ပါတယ်။

Comments
Post a Comment