မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, September 25, 2016

Transport သုံးဘီးကားပေါ်မှာ

(တမြန်နှစ်က ဒီနေ့မှာရေးခဲ့တဲ့စာ)

ဒေလီမှာနေခဲ့တဲ့နောက်ဆုံးနေ့မှာ မြို့ထဲကိုသွားရတယ်။ ကားလဲမမောင်းချင်လို့ ဈေးလဲသက်သာတဲ့ အော်တိုခေါ်တဲ့ သုံးဘီးကားနဲ့သွားပါတယ်။ နောက်ဆုံးနေ့တွေမှာဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုကို မြိုသိပ်ရင်း ဒေလီမှာနေခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ်ကနဲ့ မတူတော့တာတွေကို ပြန်ပြီးဆင်ခြင်မိတယ်။

ဒေလီမှာ လမ်းတွေကတော့ အတော်ကြီးပြောင်းလာ၊ ကောင်းလာတယ်။ ဖလိုင်းအိုဗာခေါ်တဲ့ ဆင့်ထပ်လမ်းတွေ ရှိလာတယ်။ မက်ထရိုခေါ်တဲ့ အများသုံးရထားပို့ဆောင်ရေးစနစ်ရှိလာတယ်။ သစ်ပင်တွေလဲ ပိုပြီးစိုစိမ်းလာတယ်။ မြို့ရွာ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ဒေလီအစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ ဗဟိုအစိုးရမဟုတ်ပါ။ ဒါဟာ အာဏာခွဲဝေမှုနဲ့ ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တခုဖြစ်တယ်။

ကားတွေက ဓါတ်ဆီကနေ စီအင်ဂျီဓါတ်ငွေ့ ဖြစ်လာတယ်။ သုံးဘီးကားတွေမှာ ကားခပြမီတာတွေရှိလာတယ်။ ကားရဲ့အရောင်အသွေးနဲ့ ကားသမားတွေ အကျင့်စရိုက်ကတော့ မပြောင်းပါ။

ဒေလီကိုရောက်ကာစနှစ်တွေမှာ သုံးဘီးကားမစီးနိုင်ပါ။ ခြေလျင်နဲ့ ဘတ်စ်ကားသာ အားကိုးရတယ်။ ဘတ်စ်ကားတွေက ဂိတ်စဂိတ်ဆုံးစီးမှ ၃ ရူးပီးသာပေးရတဲ့ခေတ်မှာ ရောက်ပါတယ်။ ဒိနောက်တော့ ၄ ကျပ်ကား၊ ၅ ကျပ်ကားတွေက မျက်စိရှေ့မှာတင် ပေါ်လာတယ်။ အခုဘယ်လောက်ပေးရလဲမသိပါ။ ဘတ်စ်ကားမစီးဖြစ်တာ အတော်ကြာပြီ။

အိန္ဒိယမှာ ကားဆိုရင်လဲ ဒုတိယကမ္ဘာစစ်ကတည်းကသုံးတဲ့ အမ်ဘဇေဒါကားကိုသာ ဝန်ကြီးကစသုံးကြတယ်။ ပြည်ပကနေသွင်းတဲ့ကားတွေနဲ့ တခြားဖက်စပ်ထုတ်ကားတွေရှိလာတာ ဆယ်နှစ်မရှိသေးပါ။ အခုတော့ မစေဒီးစ်၊ အော်ဒီ၊ ဘီအမ်ဒဘယ်ယူတွေ ပေါနေပါပြီ။

ကျွန်တော် ဒေလီကိုရောက်ပြီး ၆ လလောက်နေတော့ ဟီးရိုးစက်ဘီးလေးတစီး ဝယ်နိုင်ခဲ့ပါတယ်။ သူတို့ဆီမှာ စကူတာ ခေါ်တဲ့ဆိုင်ကယ်က အလွန့်အလွန်ပေါ်ပြူလာဖြစ်တယ်။ အီတလီနဲ့ ဖက်စပ်ထုတ်တာပါ။ ပုံကအတော်အတယ်။ မြန်မာပြည်တုံးက ဆူပါကပ် ဆိုင်ကယ်လေးတွေကို လူကြိုက်များတဲ့ခေတ်မှာ ထွက်ခဲ့ရတာမို့ ဒီမှာရှိတဲ့ စကူတာကို အလကားပေးလဲ မစီးဘူးလို့ အနည်းဆုံး နှစ်ခါလောက်ပြောမိတယ်။ ဆူပါကပ်နဲ့ဆင်တဲ့ စပိဒ်ဆိုင်ကယ်လေးပေါ်လာတော့ တစီးဝယ်ဖြစ်ပါတယ်။ စီးရတာ မကြာလိုက်ပါ။

၂ဝဝ၂ ခုနှစ်၊ နှစ်ဆန်းတရက်နေ့က ဆိုင်ကယ်မတော်တဆဖြစ်ရာကနေ ဘယ်ခြေထောက်တဖက် ကျိုးပြီးနောက်မှာတော့ ကားလေးတစီး ဖြစ်ညှစ်ဝယ်ရပါတော့တယ်။ မိသားစုက ကျွန်တော့်ကို ဆိုင်ကယ်မစီးစေချင်ကြတော့လို့ပါ။ နိုင်ငံရေးလုပ်နေသူက ကားဝယ်တော့ အပြစ်ပြောကြပါတယ်။ ကျွန်တော့်အရင် နိုင်ငံရေးထဲကပဲ ကားဝယ်ပြီး စီးပွါးရှာနေသူတွေကိုတော့ ပြောကြ၊ မပြောကြ မသိလှပါ။

မြန်မာပြည်တုံးက ဆရာဝန်အလုပ်နဲ့အသက်မွေးတာမို့ ကားတစီးတော့ရှိခဲ့နိုင်ပါတယ်။ အဲဒီကားနဲ့ဘဲ ၁၉၉ဝ ရွေးကောက်ပွဲ ကာလမှာ လယ်ကန်သင်းတွေကိုဖြတ်ကျော်ခဲ့တယ်၊ တောင်ပေါ်လမ်းတွေ တက်ခဲ့တယ်။ နောက်ဆုံး မြန်မာပြည်က နေထွက်ပြေးရတော့ ပုလဲကနေ ဂန့်ဂေါအထိ အငှားလိုက်ရဲတဲ့ကားမရှိလို့ ကိုယ့်ကားလေးနဲ့ကိုယ်သာ လာရတယ်။ ကျွန်တော်တို့ကို ပို့ပြီးနောက် ကားကိုချက်ချင်းရောင်းနိုင်လိုက်လို့သာ စစ်အစိုးရသိမ်းတာ မခံလိုက်ရပါ။

အဲဒီကားရောင်းရငွေနဲ့ ဒေလီမှာ ကားတစီးဝယ်တာပါ။ အခုဒေလီကနေထွက်မလာခင် ပြန်ရောင်းတော့ ဝယ်ဈေးရဲ့ ၅ ပုံ၊ ၁ သာရတယ်။ ကျွန်တော်ရဲ့ ဆရာဝန်လုပ်စဉ်ကရခဲ့တဲ့ငွေကို ၁၉၉ဝ ရွေးကောက်ပွဲမှာသုံးနိုင်ခဲ့တယ်။ ပြည်ပနိုင်ငံရေးမှာလဲ ဟိုသွားသည်လာ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်ဆေးခန်းကိုလာပြီး ပိုက်ဆံပေးဆေးကုခဲ့ကြတဲ့ လူနာတွေရဲ့ ကောင်းမှုသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.