Doctor-patient relationship (1) လူနာ-ဆရာဝန် ဆက်ဆံရေး (၁)

လူနာဆရာဆက်ဆံရေးကို မပြတ်ကြားသိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြရေးကြတာပေါ့။ အက်သစ် ဆိုတာတော့ ကြမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာတားတာရှိပေမဲ့၊ လူမှုဆက်ဆံရေးဆိုတာကို ဘာနဲ့ ပြင်ယူမလဲ။ မီဒီယာက အသံကျယ်လာတာကောင်းတယ်။ အထွေထွေအားနည်းချက်ကြီးထဲက အချက်လေးတခု ဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေရှိတယ်မဟုတ်လား။ ဘတ်စ်ကား ခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံလာရသူတွေ အတူတူ ခံနေကြရတယ်။ စပါယ်ယာတွေ ထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင့်ခဲ့ကြတာကတော့ မတူကြပါ။

ဆရာလူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေးကောင်းသော ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် အလွန်အရေးပါသည်လို့ အဘိဓါန်မှာရေးပါတယ်။ ခေတ်မီ ဆေးပညာ ပဋိဥာဉ်မှာလဲ ပါနေပါတယ်။ အမှန်က ဆေးပညာကို စသင်ကြရမဲ့အချိန် ဆေးရုံထဲ ခြေချတော့မဲ့ကာလကတည်းကနေ လိုက်နာ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာကျင့်ကြံဘို့ လိုတာပါ။ လူနာတွေရဲ့ သူများမသိစေချင်တာကို ထိန်းသိမ်းပေးဘို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားကြရမယ်။ လူနာတွေကလဲ ကိုယ့်ကို ကုသပေးမဲ့ ဆရာဝန်ကို ယုံလို့ ပုံအပ်တာမျိုး ဖြစ်တာများမယ် ထင်ပါတယ်။ လိုက်နာသင့်တာတွေကို တကယ်လိုက်နာသူ ဆရာဝန်တွေဟာ နာမည်ရကြတယ်။ စိတ်အထူးကုတာနဲ့ မိသားစုဆရာဝန် အမျိုးအစားတွေက ရောဂါဗေဒတို့ ဓါတ်ခွဲခန်းတို့ထက် ပိုလိုကြတယ်။

ဆက်ဆံရေးဆိုတာ အသွားအပြန် နှစ်ဘက်လုံးနဲ့ဆိုင်တယ်။ အပြန်အလှန်လေးစားမှုလိုတယ်။ တန်ဘိုးထားမှု ရှိသင့်တယ်။ ယုံကြည်မှုအထိရရင် ကောင်းတယ်။ ဝတ်ကျေတန်းကျေဆိုရင် ပညာပိုင်းအရဆုံးဖြတ်တာမှာ အားနည်းသွားပြီ။ မလုံလောက်ဘူး၊ ဘက်လိုက်မှုပါတော့မယ်။ ဖြစ်နိုင်ရင် နောက်ဆရာတဦးကို ချဉ်းကပ်ဘို့လမ်းရှိသင့်တယ်။

မိုက်ကယ် ဘဲလင့်နဲ့ သူ့ဇနီးတို့ကနေ ဗြိတိန်မှာလေ့လာပြီး ဆရာဝန်၊ သူ့လူနာနဲ့ ရောဂါဝေဒနာကို ရေးသားခဲ့တယ်။
• ဆရာကထိပ်က အမြင်၊ ဆရာဝန်က ပညာရှင်မို့ သိသူဖြစ်လို့ အထက်ကနေ ဆက်ဆံတယ်။ လူနာက ဝေဒနာ ခံစားနေရချိန်မို့ အလိုလိုအောက်ကရောက်တာ သဘာဝဖြစ်တယ်။ ဆရာအပေါ် မှီခိုချင်စိတ်ကဲနေမယ်။ ဆရာက ဒီအခြေအနေကို နားလည်ရမယ်။
• အကျိုးကိုပေးမလား၊ နှစ်သိမ်မှုကိုဖြစ်စေမလား၊ ရွေးချယ်ရမဲ့ နှစ်ခွအမြင်ဖြစ်တတ်တယ်။ အဲလို အခြေအနေမှာ ဆရာဝန်က ဗျူဟာသုံးရမယ်။
• သမားရိုးကျလား၊ ထုံးစံအတိုင်းလား၊ သူများနိုင်ငံတွေမှာ နာမယ် ခေါ်တာကအစ အလွဲမခံတတ်ဘူး။ လေ့လာမှုတခုမှာ လူနာ ၂၂၃ ယောက်က နာမယ်ပဌမလုံးခေါ်တာကြိုက်တယ်၊ ၁၇၅ ယောက်က ကိစ္စမရှိဘူးတဲ့၊ ၉၉ ယောက်က မကြိုက်ဘူး။
• လူနာကိုယ်တိုင်လား၊ လူနာရှင်လား၊ ဆရာဝန်တွေက လူနာကို တိုက်ရိုက် မေးချင်တယ်။ တချို့လူနာရှင်တွေက ရှေ့ကချည်း နေတတ်တယ်။
• ဘေးလူတွေရှိနေတာ၊ ကောင်းကျိုးဖြစ်စေနိုင်သလို၊ သူများမသိစေချင်တာကို လူနာက ပြောမထွက်တာရှိတယ်။ ဥပမာ လိင်ပိုင်းကိစ္စတွေ။
• လူနာကုတင်ဘေးမှာ၊ ဆရာ့ အသံ အနိမ့်အမြင့်၊ ကိုယ်မျက်နှာ အမူအယာ၊ ပွင့်ပွင့်လင်းရှိတာ၊ စတာတွေဟာ အလွန်မတန် အရေးပါတယ်။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ နမူနာကောင်းတာတွေ ပါတယ်။

Doc Martin ဗြိတိသျှ တီဗွီဇာတ်လမ်းတွဲထဲက Doc Martin ဟာ လူနာကုတင် ဘေးမှာ ညံတဲ့သူအဖြစ် သရုပ်ဆောင်တယ်။ Lost ရုပ်ရှင်ထဲက Sm Hurley ကနေ Jack Shephard ကိုပြောတာက သူ့ရဲ့ Bedside manner ဟာ Sucks တဲ့။ Scrubs ထဲက J.D ကတော့ Great bedside manner ရှိသူဆရာဝန် ဖြစ်တယ်။

ကျွန်တော်တော့ ကိုယ့်အထွာလေးနဲ့ကိုယ် ကြိုးစားပါတယ်။ များသောအားဖြင့် ဆေးရုံလေးတခု ဖြစ်ဖြစ်၊ တိုက်နယ်တခု ဖြစ်ဖြစ်၊ မြို့နယ်တခုဖြစ်ဖြစ် ကျန်းမာရေးဌာနမှာ ဦးစီးရသူဖြစ်ရင် လခယူသူတွေကို သွန်သင်ပါတယ်။ နမူနာလည်း ပြမှရတယ်။ ကိုယ်မလုပ်ဘဲ သူများပြောတာ ဘယ်ကလာတန်ဖိုးရှိပါ့မလဲ။

ယမုန်နာဆေးခန်းလေးလာ လူနာတွေ အားလုံးလောက်နီးနီးက ဗမာစကားမပြောကြဘူး။ မတတ်တာရော၊ နည်းနည်းသာ တတ်တာရောကြောင့်ပါ။ မပြောချင်တာလဲ ပါပုံရသေးတယ်ဗျ။ ဒီတော့ သူတို့ စကားရော ဆရာဝန့်စကားပါပြောနိုင်တဲ့ ဗော်လန်တီယာဆရာမတွေနဲ့ တွဲလုပ်ရတာပေါ့။ ကြာတော့ ကျွန်တော် သတိထားမိတာတခုကို ထုတ်ပြောဘို့ အချိန်ကျပြီဆိုပြီး ဆေးခန်းအကူဆရာမတွေကို ပြောလိုက်တယ်။ မင်းတို့လူမျိုးက လောကွတ်စကား အတော်နည်းတာဘဲကွ။ လောကွတ်ဆိုတာဘာလဲ ရှင်းပြရသေးတယ်။ လူနာတွေကို ဘာလူမျိုးလဲ၊ ကလေးတွေဆို ကျောင်းနေလား စသဖြင့် မေးတာပြောတာ မရှိသလောက်ပဲ။ အမှန်က လူနာကို ထမင်းစားပြီးပြီလားမေးလိုက်၊ လူနာစဉ်းစားနေတုံး ဆေးကို ဖတ်ကနဲထိုးလိုက်၊ မနာတော့ဘူးကွ။ ငါက မင်းတို့စကားမတတ်တော့ ပြောမရဘူး ဖြစ်နေတယ်။

ဆေးခန်းမှာ ရီစရာလဲ ရှာကြံပြောရသေးတာ။ အကူဆရာမက လူနာကို ပြဒါးတိုင်နဲ့ အပူချိန်တိုင်းနေတယ်။ သာမိုမီတာက အဖြူရောင်၊ ပါးစပ်ထဲမှာ ခပ်စောင်စောင်း ငုံထားတော့ ဟေ့ လူနာက ဆေးခန်းမှာ ဘာလို့ ဆေးလိပ်သောက်နေတာလဲလို့ ရီစရာလုပ်တယ်။ ဆရာမက ချက်ချင်းသဘောမပေါက်လို့ ရှင်းပြရတော့ ရီစရာနှစ်မျိုးဖြစ်ရော။ တိုင်းရင်းသားတွေနဲ့ ဟာသလုပ်ရတာ ပညာပိုပါမှရတာ။ ကိုယ်က အဲလောက်မတော်ဘူး။ ချင်းလူမျိုးတွေထဲမှာ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇို၊ စသလို အမျိုးမျိုး ရှိတယ်။ သွားနုတ်နေရင်း၊ ဟေ့ ဒီလူနာ ဘာလူမျိုးလဲ။ ဆိုပါစို့ ဖလမ်း၊ ကြည့်ကွ ဖလမ်းတွေ သိပ်သတ္ထိကောင်းတာ ထုံဆေးနဲ့ဆို လုံးဝမနာဘူး။

မွေးလူနာတွေကိုလဲ သူတို့ အားပေးတာ ကိုယ်ကအားမရဘူး။ လူနာရှင်တွေကလဲ ခရစ်ယန်လို ဆုတောင်းပေးတာသာ လုပ်ကြတယ်။ စောစောကပြောသလို လောကွတ်စကားနည်းကြတာကိုး။ လူနာတွေကလဲ မပြောတာကို ကိစ္စရှိပုံမရဘူး။ ကိုယ်ကဘဲတတ်တဲ့စကားနဲ့ အေး ဗိုက်မနာခင် အသက်ဝအောင်ရှူထား၊ ပါးစပ်ဟရှူ၊ ရေသောက်ချင်သောက်၊ ဖျော်ရည် သောက်ချင်သောက်၊ ညီး ခဏနေရင် ကလေးအမေဖြစ်တော့မယ်လို့ အားပေးရတယ်။

ဘာသားစကားသိပ်မတတ်လည်း ချိုချိုသာသာရီစရာစကားသဘောကျပါတယ်။ ခြေထောက်ပတ္ထီးစီးပေးလိုက်ရသူကို ဘောလုံးမကန်နဲ့နော်လို့ပြောလိုက်ရင် နာတဲ့ကြားကပြုံးသွားတယ်။ နုတ်ပေးလိုက်တဲ့သွားကို အိပ်ရောက်ရင် ချက်စားပြောတော့ ဂွမ်းငုံထားရင် မချိတင်ကဲ ပြုံးလိမ့်မယ်။ ယားတာကို သူတို့စကားနဲ့ အထပ်လို့ ဆိုတာလောက်တော့ ဆရာဝန်သိပါတယ်။ အထပ် မောယားသလားမေးတာ လူနာကဖြစ်တယ်၊ တခါတလေအထပ်တဲ့ ဆရာဝန်ပါ ရီရရော။

ဓါတ်ပုံ = နယူးဒေလီမှာတုံးကဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်း

Dr. တင့်ဆွေ
၂၂-၉-၂ဝ၁၅
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး