Birth Pills ကိုယ်ဝန်တား စားဆေးများ

ဆရာခင်ဗျား အမျိုးသမီးက ၂၅ နှစ်ပါ။ Marvelon 28 တားဆေးသောက်ပါတယ်ဆရာ။ မျှားအတိုင်းသောက်ရာမှာ ၇ ပြီးတော့ ၈ သောက်ရမှာကို ၁၄၊ ၁၃၊ ၁၂ ထိမှားသောက်မိပါတယ်ဆရာ။ ၁၁ ရောက်မှ မှားမှန်းသိပါတယ်။ မှားတဲ့အတိုင်း ၁၁၊ ၁ဝ၊ ၉၊ ၈ ပြီးတော့ ၁၅၊ ၁၆ ကနေ ၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ကဒ်သစ်ဝယ်ပြီး ၁၁ သောက်ပြီးတော့ ၁၂၊ ၁၃၊ ၁၄၊ ၁၅ စသည်ဖြင်၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ပထမတန်းမှာရှိတဲ့ဆေး ၇ လုံး၊ ဒုတိယတန်းမှာရှိတဲ့ ဆေး ၇ လုံးတို့က အာနိသင်အတူတူပဲလားဆရာ။ လေးစားစွာဖြင့် ဖြေကြားပေးစေလိုပါတယ်ဆရာ။ ကျေးဇူးပါဆရာ။

(မြား) လို့ရေးရတယ်။ ဆေးကပ်-ဆေးဆိုင်တွေကပါ မှားရေးကြတယ်။ ကိုယ်ဝန်တားစားဆေးတွေမှာ ဆေးအရောင်တူရင် ဆေးလည်းတူတယ်။ သောက်လို့ရတယ်။ မြားပြထားတာက နေ့မလွဲအောင် (တနင်္ဂနွေ-တနင်္လာ) မှတ်ရတာ လွယ်ဘို့သာ ဖြစ်တယ်။ မြန်မာပြည်မှာ တချို့က လက်ညှိုးကပ်ခေါ်တယ်။ တချို့က မြားကပ်လို့ ခေါ်ကြတယ်။ အိုကေနာမည်နဲ့ စားဆေးရော ထိုးဆေးရောရှိပုံရတယ်။ ကျွန်တော် သိပ်မသိပါ။

တကမ္ဘာလုံးမှာ အမျိုးသမီးကြီးငယ် သန်းပေါင်း ၁ဝဝ သုံးနေကြတယ်။ နောက်ပေါ် စားဆေးထဲမှာ အဟောင်းတွေထက် ဟော်မုန်းလျှော့ထည့်ထားလို့ ဘေးထွက် ဆိုးကျိုးတွေ နည်းစေတယ်။ ထိရောက်မှုလဲ ရှိပါတယ်။ ကိုယ်ဝန်တားဆေး အမျိုးမျိုးရှိတယ်။

၁။ ဟော်မုန်းနှစ်မျိုးတွဲ စားဆေးများ
• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg)
• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg)
• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)

လူအများဆုံးသုံး၊ ဝယ်လို့လဲလွယ်၊ ဈေးလဲမကြီးဘူး။ နာမည်တွေ များတယ်။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်း နှစ်မျိုး ပူးတွဲပါတယ်။ မ-မျိုးဥအိမ်ကနေ လတိုင်း ထွက်ရမဲ့ မ-မျိုးဥ ထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေအုံးတော့ သုက်ပိုးနဲ့တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကို ပါးစေတာကြောင့်လည်း သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်ဘူး။

လစဉ်ရာသီ စတင်လာတဲ့နေ့ကစ ဆေးသုံးရမယ်။ တကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ၂၁ ရက်ကြာ နေ့တိုင်း ၁ ပြား သောက်ပါ။ နောက်ဆုံးသောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။ သွေးဆင်းတာ နည်းမယ်။ ရက်လည်း တိုမယ်။ သွေးဆင်းရက်မှန်မယ်။ ရာသီမလာခင်ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်တယ်။ ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက်လဲ သုံးနိုင်တယ်။

နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။ အပျိုတွေကိုလဲ ရာသီမှန်အောင်ပေးတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်း၊ ရင်သားတင်း၊ ရှားရှားပါးပါး သွေးဖိအားတက်တာ၊ သွေးခဲတာ၊ သားအိမ်အဝ-ကင်ဆာတို့ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ရောဂါ၊ အသည်း-သဲခြေရောဂါ၊ ဆီးချိုရောဂါ ရှိနေရင် မသုံးသင့်ပါ။

ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသည်းကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသည်း မကောင်းသူတွေနဲ့ မသင့်ဘူး။

၂။ Progestogen-only pill (POP) ဟောမုန်းတမျိုးတည်းပါစားဆေး
ပရိုဂျက်စတီရနုး ခေါ် မ-ဟော်မုန်း တမျိုးတည်းပါတဲ့စားဆေး ဖြစ်တယ်။ Minipill လို့လဲခေါ်တယ်။ အမျိုးအစား အမျိုးမျိုး ရှိတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်က ပြစ်စေးလာလို့ သုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားတယ်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေလို့ သန္ခေဥ တွယ်ကပ်တာကိုလည်း တားတယ်။ သတိထားသုံးရင် ၉၉% ထိရောက်တယ်။ ရာသီ စဆင်းတဲ့ရက်ကစပြီး တနေ့ ၁ ပြားသောက်ပါ။ နေ့တိုင်း သောက်နေကျအချိန်မှာ အချိန်တူသောက်ပါ။ ဆေးကပ်တခု ကုန်ရင် နောက်ကပ်သစ်တခု စသောက်ပါ။ ရာသီက ၂ လမှ တခါသာလာမယ်။ ကိုယ်ဝန်ပျက်-ဖျက်သူတွေလဲ သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။

ကလေးနို့တိုက်နေချိန်လဲ သောက်နိုင်တယ်။ ဆေးဖြတ်တာနဲ့ ကလေးပြန်ရဘို့ လွယ်တယ်။ ရာသီနဲ့ဆက်စပ်နေမဲ့ Sickle cell disease ရောဂါနဲ့ Dermatitis ရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ သွေးဆင်နည်းလို့ သွေးအားနည်းတာ သက်သာမယ်။ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလဲ သောက်နိုင်တယ်။ နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ သွေးခဲတာ နည်းတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ ရောဂါကို အဖြစ်နည်းစေ တာတော့ ဟော်မုန်း ၂ မျိုးတွဲတားဆေးနဲ့ အတူတူဘဲ။

ခါတိုင်းဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီအတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂ လုံး သောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။ ဆေးတကပ် ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကပ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလဲ ဆက်သောက်ပါ။ ၁-၇ ရက်အထိ နောက်ကျရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက် ၁ လုံးသောက်ပါ။

ဘေးထွက်-ဆိုးကျိုးတွေ = ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီ တချို့နည်းမယ်၊ တချို့များတယ်။ ရာသီ မလာဘဲနေတာလဲ ဖြစ်နိုင်တယ်။ ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ လူက ဝလာနိုင်တယ်။ ဆီးချိုရှိနေသူတွေ သတိထားပေးရမယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း) ရောဂါ၊ သွေးတိုး၊ ပန်းနာရှိသူတွေက သတိထားသောက်ရမယ်။ လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓါတ်ကျ။

၃။ Emergency contraceptive pill အရေးပေါ်တားဆေး
FDA က အသိအမှတ်ပြုဆေးတွေက Plan B, Next Choice, Plan B One-Step နဲ့ Ella တွေ ဖြစ်တယ်။ မြန်မာပြည်မှာ Ecee-2 လို့မေးခွန်းမေးသူတွေဆီကနေသိရတယ်။ ပဌမဆေးလုံးကို အကာကွယ်မဲ့အတူနေပြီးတာနဲ့ မြန်မြန်သောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယဆေးလုံး သောက်ပါ။ အကာကွယ်မဲ့အတူနေပြီး ၇၂ နာရီ (၃ ရက်) အတွင်းမှာ သောက်ရင် ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % ပြည့်တော့မဟုတ်ပါ။ မျိုးဥထွက်မှာကို တားပေးတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြင်ပေးတယ်။ ဒါပေမဲ့ သန္ဓေဖြစ်နေပြီ (ကိုယ်ဝန်ရှိနေပြီ) ဆိုရင်တော့ ဆက်ကြီးထွားမှာကို မတားနိုင်ဘူး။ ၈၉% ထိရောက်တယ်။ ကိုယ်ဝန်ရှိနေရင်လဲ ဆက်ယူလို့ ကလေးကိုမထိခိုက်စေဘူး။ ဘေးထွက်ဆိုးကျိုးတွေက တခြား ဟော်မုန်းပါတားဆေးတွေနဲ့ အတူတူဘဲ။ အရေးပေါ်ဆေးသာဖြစ်လို့ ခဏခဏမသုံးသင့်ပါ။ ခဏခဏသုံးရင် ဘာဖြစ်မလည်းဆိုတဲ့ ဆေးသုတေသန မစုံသေးပါ။ သူများတိုင်းပြည်တွေမှာ အဲလိုအရေးပေါ်ကို ခဏခဏမသောက်လို့ သုတေသန လုပ်ထားတာမရှိပါ။ သေချာတာက ဟော်မုန်းတွေပြောင်းမယ်။ ရာသီတွေပြောင်းမယ်။ နောင်ဘာဖြစ်မလည်းတော့ မပြောနိုင်ပါ။

Dr. တင့်ဆွေ
၂၈-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး