Be My Guest ဧည့်သည်

အလယ်ပြန်ပြီး ဧည့်သည်လုပ်ကြည့်တယ်။ (စိတ်ကူးထဲမှာပါ။)

မမြင်ရ မတွေ့ရ မရောက်ရတာက နှစ်အစိတ်ကျော်ကြာပြီဆိုတော့ စိတ်လှုပ်ရှားစရာတွေချည်းပါ။ အမြင်သာမက အထိအတွေ့အပြင် အနံ့အသက်ကလည်း ဆန်းလက်နေတယ်။ စာရေးပြောနေခဲ့ရသူတွေကို ပါးစပ်နဲ့ပါပြောရတော့ ပါးရောလျှာပါညောင်းလာတာ၊ သူရော ကိုယ်ပါ။ ပုံသေမျက်လုံးအစုံတွေကိုသာ ဖတ်နေခဲ့ရာကနေ စူးစိုက်ပြီး အကြည့်ခြင်းဖတ်ကြရတာ၊ သူရော ကိုယ်ပါ။ အားလုံးဟာ ဇရာ။

ပရိုဖိုင်းပုံတွေထဲမှာ ခန့်ခန့်ထယ်ထယ်၊ ဆယ်လ်ဖီးပုံတွေထဲမှာ ရယ်မောပြုံးပြ၊ ပို့စ်တွေမှာက ပို့စ်ပေးထားတဲ့ပုံတွေ။ အဲဒီအင်္ဂါရပ်တွေ အကုန်စုပုံထားတဲ့ သက်ရှိလူသားတွေကို ဘွားကနည်းတွေ့ကြရတာ၊ သူရော ကိုယ်ပါ။

ကြိုတင်တွေးဆ တင်ကူးထင်မှတ်ထားတာတွေက အပိုနဲ့အလိုတွေကို ပြွမ်းဟင်းချက်ထားသလိုပဲ။ အမှန်နဲ့အမှား ပေးစားထားတာတွေဖြစ်နေတတ်တယ်။ ဘယ်အရာမဆို အမှန်နဲ့အနီးစပ်ဆုံးကို တွေးတတ်မှ နဖူးတွေ့ဒူးတွေ့မှာ အမှားနည်းတယ်။ လေဆိပ်ကကြိုသူတွေမှာ ဗီနိုင်းလ်ပါရင် သိပ်မဟုတ်ချင်တော့ပါ။ ဟောပြောတဲ့အခါ ပရိုဂျက်တာပါရင် သူ့ဟာမဟုတ်တော့ပါ။ ဂဏန်းတွေနဲ့ အမှန်းတွေ။

လွမ်းစာ၊ တမ်းစာ၊ မှန်းစာတွေထဲရေးထားခဲ့တဲ့ ငယ်တုန်းကစွဲမက်စရာတွေမှန်သမျှနဲ့ နဖူးတွေ့၊ ဒူးတွေ့၊ ခံတွင်းတွေ့ တွေ့ပြီကောဗျာ။ ဆူးပုပ်ရွက် (ဆူးပုပ်လေးရွက်) ဟင်းကို တမ်းတခဲ့သူဟာ ဟန်တွေပန်တွေမပါ၊ နှမအိမ်မှာ ဗမာလက်သမားလုပ်ပေးထားတဲ့ သစ်သားစားပွဲဟောင်း၊ ခပ်ယိုင်ယိုင်ကုထားထိုင်၊ အနားမှာ အမျိုးတယောက်က ဝါးနှီးယပ်တောင်ကိုင်။ ဒါဆို စတိုင်ကျပြီ။ အဲ့ ဓါတ်ပုံရိုက်ရင်တော့ပြော၊ ပလုပ်ပလောင်းနဲ့ဆို ကြည့်တဲ့သူတွေ သွားရေယိုတာထက် ရိုင်းတာကပိုတယ်။

ကျွန်တော့်ကို ပိုတွက်ထားသူတွေနဲ့ အထင်ကြီးတခွဲသားထားသူတွေက အတွင်းသားအထိ မြင်သိနိုင်ကြပြီ။ ဇရစ်ဖူး ကြိုက်တယ်လို့ရေးတာဟာ အသားလိုလို့ အရိုးတောင်းတာမဟုတ်မှန်း သိသွားကြပြီ။ သူလိုကိုယ်လိုပါ။ ငါ စားချင် ကြွားချင်လို့ လာတာလား။ မင်းလည်းပြန်သွားရော တို့ရွာမှာ ကြက်သံကိုဆိတ်လို့ အပြောမခံရစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ