Snake-bite မြွေကိုက်လျှင်

- September 11, 2015 10:42am PKU ဆေးရုံမှာမွေကိုက်လူနာတွေ့ပြန်ပြီ
- September 11, 2015 11:02am Snake-bite မြွေကိုက်လျှင်စာ ပို့လိုက်ပါတယ်။

မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲ့မြွေကနည်းတယ်။ သူများတိုင်းပြည်ကမြွေတွေ ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံးဖြစ်တယ်။ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံးဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ မြွေအကြောင်းသိပ်မသိကြဘူး။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို အတ္တာဟိ အတ္တနော နတ္ထောချည်းပဲမဟုတ်ပါလော။

ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့ကဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ မြဝတီ (ဆိုက်) ထဲမှာ သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်ကိုဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။ မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီး (၄) နာရီအတွင်းထိုးလျှင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ အကယ်၍ (၁၂) နာရီကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်လို့ ဖတ်ရပါတယ်။

အမှန်မှာ မြွေဆိပ်ဖြေဆေးကို မြန်မြန်ထိုးနိုင်လေ ကောင်းလေဟုသာ ရေးသားသင့်ပါသည်။ ၄ နာရီ အတွင်းနှင့် ၄ နာရီ ကျော်အတွက် သုတေသနလုပ်ထားချက် မတွေ့ဘူးပါ။ ဆေးအာနိသင် လျှော့ပါသည်ဟု ရေးသားခြင်းမှာ မမှန်ပါ။ မြွေဆိပ်ဒဏ်တွေ ခံနေရတာကြာလို့ လူနာအသက်အတွက် ဆေးထိုတာနောက်ကျလေလေ အန္တရာယ်များလေလေ ဖြစ်ပါတယ်။ ဆေးတန်ခိုး မလျှော့ပါ။

မြွေကိုက်ရင် လုပ်သင့်တဲ့ ရှေးဦးသူနာပြုနည်း
မလုပ်သင့်တာတွေ
ဆေးမီးတိုနည်းသုံးတာ၊ မြွေကိုက်တဲ့နေရာကို ပါးစပ်နဲ့စုပ်တာ၊ ဒါးနဲ့ခွဲတာ၊ လေဟာနယ်ပုလင်း လုပ်ပြီး စုပ်ယူတာ၊ ကြိုးစီးတာ၊ ရေခဲတင်တာ၊ မြွေကိုကိုလိုက်ရှာပြီး သတ်ယူတာ။ လူနာကို အတတ်နိုင်ဆုံး လှုပ်ရှားမှု မလုပ်စေပါနဲ့၊ ခြေထောက်မှာကိုက်ရင် လမ်းမလျှောက်စေပါနဲ့။

လုပ်သင့်တာတွေ
• အကိုက်ခံရသူကို အန္တရာယ်ရှိရာကနေ နေရာရွေ့ပါ၊
• မြွေဆိပ်ဖြေဆေးရှိတဲ့ အနီးဆုံးနေရာကို လူနာအမြန်ဆုံးသယ်ပို့ပေးပါ။
• နှစ်သိမ့်အားပေးပါ၊ စိတ်တည်ငြိမ်စေပါ၊ ပြုစုသူကလဲ တည်ငြိမ်ပါ။
• ခြေလက်မှာ ကိုက်ခံရတာဆိုရင် လက်ဝတ်လက်စား၊ အလှအပအတွက် ဝတ်ဆင်ထားတာတွေ ချွတ်ယူပါ။
• ကိုက်တဲ့မြွေအကြောင်းမေးပါ၊ မြွေကိုက်ချိန်၊ လူနာမှာ ဖြစ်ပေါ်ခံစားလာရတာတွေကို မှတ်သားပါ။ ဆရာဝန်ကိုပြန်ပြောပြပါ။
• Shock ရှော့ခ်ဖြစ်ရင် ရှေးဦးသူနာပြုစုနည်းအတိုင်းလုပ်ပါ။
• အကိုက်ခံရတဲ့နေရာကို နှလုံး (ရင်ပတ်) နေရာ အထက်ကို မမြှင့်စေပါနဲ့။
• ရေသန့်သန့် + ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ Antiseptic ပိုးသေဆေးရည် ရှိရင်သုံးပါ။ မရှိရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။
• ကြိုးစည်းတာကို လုံးဝမသုံးပါနဲ့လို့ မဆိုလိုပါ။ အကိုက်ခံရတဲ့နေရာအထက် ၂ လက္မအကွာမှာ စည်းပါ။ ရောင်နေရင် ရောက်နေတာအထက်က စည်းပါ။ သွေးလုံးဝမလျှောက်အောင်အထိ တင်းစရာမလိုပါ။ ကြာမယ်ဆိုရင် ပြန်လျှော့-ပြန်စီး လုပ်ပါ။ ကြိုးက ၁ လက္မလောက်တုတ်တာ ကောင်းတယ်။ အကိုက်ခံရပြီး မိနစ် ၂ဝ အတွင်းသာ စီးပါ။ နောက်ကျသွားရင် မစီးပါနဲ့တော့။
• အကိုက်ခံရတဲ့နေရာကို ငြိမ်အောင်လုပ်ပေးနည်းက အရိုးကျိုးသူတွေကို လုပ်ပေးနည်းအတိုင်း ဖြစ်တယ်။
• မြွေကသေပြီးနောက်မှာ တနာရီကြာတဲ့အထိ ထိလိုက်ရင် တုန့်ုပြန်ကိုက်နိုင်စွမ်းရှိတာ သတိထားပါ။
• အရက်၊ ကော်ဖီအပြင်းစား၊ အိပ်ဆေး၊ မူးယစ်စေတဲ့ဆေး၊ အမျိုးအမည်မသိတဲ့ဆေး မတိုက်ပါနဲ့။
• လူနာရဲ့ အရေးပါလက္ခဏာ ၄ မျိုးကို သတိထားကြည့်နေပါ။ အပူချိန်၊ အသက်ရှူမှု၊ နှလုံးခုန်တာနဲ့ သွေးဖိအား။
Neurological bites (Elapid species) မြွေဟောက်လို အာရုံကြောကိုထိတဲ့မြွေမျိုးဖြစ်ရင် ရှေးဦးသူနာပြုနည်းမှာ တခုပိုပါတယ်။ Cobras, King Cobras, Kraits, Coral snakes and Sea Snakes မြွေအမျိုးအစားတွေဖြစ်တယ်။ Pressure immobilization ဖိအားပါတဲ့ ပတ်တီးစီးနည်းလုပ်ပါ။ Sutherland method နည်းခေါ်တယ်။ 5 - 10 cm အကျယ်ရှိတဲ့ Elastic Crepe Bandage ဆန့်နိုင်-ကျုံ့နိုင်တဲ့ပတ်တီးမျိုး ၃-၄-၅ လိပ်သုံးပါ။
• အခုအခံပြားတခုခုသုံးပါ။ ဒီလိုနည်းအတွက် အချိန်ပိုမကုန်ပါစေနဲ့။ မြွေဆိပ်ဖြေဆေးရှိရာကို ရောက်စေဘို့ကို ပဌမဦးစားပေးပါ။ (၁) အဖျားပိုင်းကနေစပြီး အထက်ဆီသွားနည်းအတိုင်း ပတ်တီးစည်းပါ။ ဘောင်းဘီချွတ်ရန်မလိုပါ။ အကိုက်ခံရတဲ့ ခြေ-လက်ကို ငြိမ်နေစေပါ။ (၂) ကြောင်လိမ်နည်းနဲ့ တင်းတင်းစီးပါ။ (၃) ပတ်တီးကို အဖက်ပိုင်းဆီ ရောက်နိုင်သမျှရောက်အောင်စီးပါ။ (၄) သစ်သားပြား (ဝါး၊ သတ္တုချောင်း) နှစ်ချောင်း သုံးပြီး ငြိမ်အောင်လုပ်ပါ။ (၅) လက်ကိုကိုက်ရင် လက်ကိုပတ်တီးစီးပြီး သုံးထောင့်ပတ်တီးသုံးပြီး ကိုယ်မှာကပ်ထားပါ။

အိန္ဒိယ မြွေကိုက်ခြင်းလိုက်နာရန်အချက်များ (၂ဝဝ၇)
၁။ မြွေ ၇ဝ% မှာ အဆိပ်မရှိ။
၂။ အကိုက်ခံရသူ ၅ဝ% မှာသာ အဆိပ်သင့်။
၃။ တင်းကြပ်နေအောင် စီးနှောင်တာမလုပ်ပါနဲ့။

Anti-venom မြွေဆိပ်ဖြေဆေးကို ၁၈၉၅ မှာ ပြင်သစ်ဆရာဝန် Albert Calmette ကနေ ပဌမဆုံးသုံးခဲ့တယ်။ မြွေရဲ့ ပါးစပ်ကနေ အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။ အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ် (အင်တီဘော်ဒီ) တွေထွက်လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး မြွေဆိပ်ဖြေဆေးအဖြစ်သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။ လူနာရဲ့သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို ဆန့်ကျင်ပြီး အဆိပ်ပျယ်စေတော့တယ်။ နောက်ပေါ်မြွေဆေးတွေက Polyvalent anti-venom ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်တွေကို နိုင်တယ်။

စနစ်ကျတဲ့ မြွေကိုရှေးဦးသူနာပြုနည်းသင်ပေးထား၊ သင်ယူထားရမယ်။ ဆေးရုံတွေတိုင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် ဖြည့်တင်းထားရမယ်။ ဒီဂျစ်တယ်လ်ခေတ်မှာ ဆဲလ်ဖုန်းကနေလဲ ရှေးဦးသူနာပြုနည်း၊ ပတ်တီးစည်းနည်း၊ မြွေဆေးရတဲ့နေရာ စတာတွေကို ချက်ချင်းရှာဖွေကြည့်နိုင်လို့ နည်းပညာရဲ့အကျိုးကိုရယူပါလေ။

- 5/18, 2016 8:30pm PKU  မြို့ဆေးရုံ မွေကိုက်လူနာတယောက် မန္တလေးပို့ သေဆုံး
- 5/31/2016 5:57am PKU မှာပိုးထိလူနာတွေ့ပြန်ပါပြီ

ဆောရီး။ စာထပ်မပို့တော့ပါ။ မြန်မာနိုင်ငံသားတွေ မြွေဘေးကနေကေင်းဝေင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး