Butcher of Depayin ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ

၂ဝဝ၃ ခုနှစ် မေလ (၃ဝ) ရက်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မြောက်ဖက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူလိုက်ပါလာသူတွေကို (နဝတ) စစ်အစိုးရကနေ ကြိုတင်စီစဉ်သတ်ဖြတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီပဲယင်းအရေးအခင်းလို့ လူသိများပါတယ်။ (ဒဗရင်း) လို့ အသံထွက်ရပါမယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် စာအုပ်ထဲမှာ ဒီပဲယင်းလုပ်ကြံမှု အဓိကတရားခံသုံးယောက်လို့ပါတယ်။
(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)
၁၉၉၂ မှ ၂ဝ၁၁ အထိ နဝတ ဥက္ကဋ္ဌ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှစပြီးအမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေးဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမကစောမောင်ကိုဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။

(၂) ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်)
ယခင်ဝန်ကြီးချုပ် ၁၉-၁ဝ-၂ဝဝ၄ မှ ၁၂-၁ဝ-၂ဝဝ၇ အထိ။ ၁၉၆၅ မှာ DSA ကိုတက်ခဲ့။ ဗခမကသန်းရွှေရဲ့လူယုံ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခကခင်ညွန့်ကို ဖြုတ်လိုက်တော့ သူ့ကို ဝန်ကြီးချုပ်ခန့်။ အရင်က အနောက်မြာက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး။ စစ်ကိုင်း တဝတ ဥက္ကဋ္ဌ။ ၁၉၈၈ အရေးအခင်းကို နှိမ်နင်းစဉ်က ခြေလျင်တပ်ရင်းကို ကွပ်ကဲခဲ့။ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်မှုကို အမိန့်ပေးခဲ့။ ၁၂-၁ဝ-၂ဝဝ၇ မှာ လူကီးမီးယားသွေးကင်ဆာနဲ့ သေဆုံး။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန္နဝါရီလထဲ ဗခမကသန်းရွှေလာကြည့်။ သူမရှိတော့ အဲဒီအချိန်က အဆင့် (၅) နေရာမှာသာရှိတဲ့ ဗခကသိန်းစိန်က ဝန်ကြီးချုပ်အဖြစ်ဆက်ခံ။

(၃) ဗိုလ်ချုပ်ရဲမြင့်
ရဲမြင့် (၂) ယောက်ရှိတယ်။ ဒီပဲယင်းရဲမြင့်ကို ရဲမြင့်ကြီးလို့ ခေါ်ကြတယ်။ ဒီပဲယင်းဖြစ်တုန်းက ရဲမြင့်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး၊ ၉ ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်တယ်။ စရဖရဲမြင့် (ခ) ရဲမြင့်လေးက မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ (ဗိုလ်ချုပ်ရဲမြင့်အကြောင်း ဖြည့်ပြောပေးလို့ Thaung Yin Nagar ကိုကျေးဇူးတင်ပါတယ်။)

မှတ်ချက်။
- ၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ခွဲတဲ့တရားခံကို ဗခကနေဝင်းနဲ့ ဗမခအောင်ကြီးတို့က တယောက်အပေါ်တယောက် လွှဲချခဲ့ကြတယ်။ အလားတူပါပဲ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က ဒီပဲယင်း လုပ်ကြံမှုမှာ မုံရွာ-ချောင်းဦးနားကနေ အမိန့်ပေးခဲ့တဲ့ စွမ်းအားရှင် (နောက်မှာ လက်ပတ်နီ) အဖွဲ့ကို မွေးထုတ်ခဲ့သူ ဦးအောင်သောင်းနာမည်ကို အဲဒီစာအုပ်မှာ ထည့်ထားတာမတွေ့ရပါ။
- မြန်မာပြည်က ဒီပဲယင်းအရေအခင်းကို နိုင်ငံတကာမီဒီယာမှာ Black Friday လို့သုံးပါတယ်။
- ၁၉၈၈ ကိုသတ်ဖြတ်နှိမ်နင်းခဲ့သူ ဦးစိန်လွင်ကိုတော့ Butcher of Rangoon ရန်ကုန်သားသတ်သမားလို့ နိုင်ငံတကာ မီဒီယာကနေ နာမည်ပေးထားပါတယ်။
- ဗိုလ်ချုပ်ကြီးစိုးဝင်းကွယ်လွန်တော့ နေးရှင်းသတင်းစာကနေ Burmese premier, Butcher of Depayin မြန်မာဝန်ကြီးချုပ်၊ ဒီပဲယင်းသားသတ်သမားလို့ ဖေါ်ပြခဲ့ပါတယ်။

ဓါတ်ပုံ = နောက်တနေ့မှာ ရန်ကုန်ရှိ အမေရိကန်သံရုံးကလာကြည့်တော့ ဘာတခုမှမဖြစ်ခဲ့သလို ညတွင်းခြင်း သန့်ရှင်းထားပြီးသား တွေ့ရပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး