Monks Family ဘုန်းကြီးမျိုး (၂)
ဘုန်းကြီးနဲ့ဆိုင်တာပဲ ဆက်ရေးရအုန်းမယ်။ မန္တလေးမြို့ ဘုရားကြီးတိုက်ကို ကျွန်တော်စရောက်တော့ ဆင်မင်းကျောင်းကို ပုခန်းကျောင်းလို့သာ ခေါ်သေးတယ်။ ဆရာတော်ကြီးကိုမီလိုက်တယ်။ ကျောင်းကြီးက အိုလှဟောင်းလှပြီ။ အပေါ်ထပ်မှာ ခင်းထားတဲ့ကြမ်းပြင်က မောက်တဲ့နေရာကမောက်၊ ချိုင့်တဲ့နေရာကချိုင့်၊ လမ်းလျှောက်တိုင်း အတော်သတိထားရတယ်။
ကျောင်းထိုင်ဘုန်းကြီးက သူ့ဦးဇင်းတွေထဲမှာ ကျွန်တော့်ဦးလေး ဦးသြဘာသကိုသာ အားကိုးတယ်။ စည်းစနစ်ကျလို့ပါ။ ကျောင်းဝန်းကျင်မှာ တံမြက်စီးလှည်းတာကအစ တံမြက်စည်းကို ဘယ်လိုကိုင်၊ ဘယ်နေရာက စလှည်း၊ ဘယ်နားမှာ အမှိုက်ပုံ။ သပိတ်၊ ပန်းကန်ခွက်ယောက် ဆေးကြောတာ၊ ထားသိုတာလည်း စည်းစနစ်ကြီးတယ်။ ကျွန်တော့်ကို အဖေနဲ့ အဲဒီဦးလေးဘုန်းကြီးတို့က သင်ပေးထာလို့ တံမြက်စည်းလှည်းနည်းကို ရေးဖူးတယ်။
ဦးသြဘာက တကယ့်စာသမား။ ပရိယတ္တိ။ အဖေတို့ညီအကိုတတွေမှာ အဖေပဲလူဝတ်။ အဖေအသက် (၁၆) နှစ်သားမှာ ပလိပ်ရောဂါကပ်ကြီးထဲမှာ မိဘနှစ်ပါးလုံးပါသွားလို့ အဖေကတော့ သင်္ကန်းမဝတ်ပဲ မိသားစုကိုဦးစီးရတယ်။ ဘုန်းကြီးဝတ်သူတွေက စာပဲကြိုးစားကြလို့ အရွယ်တော်ငယ်စဉ်ကတည်းက ဓမ္မာစရိယ ကိုယ်စီအောင်ကြတယ်။ ဦးသြဘာနဲ့ ဦးပညောတို့က သကျသီဟအထိအောင်ကြတယ်။ စစ်အစိုးရကနေ သံဃာအဖွဲ့တွေ စလုပ်တော့ ဦးလေး ဘုန်းကြီးတွေက ဘယ်ထဲမှမပါကြတာသတိထားမိတယ်။ စာချနေရင်း ပါဠိ-မြန်မာအဘိဓာန်ပြုစုရေးပဲ လုပ်နေကြတယ်။
အဖေ၊ ဦးလေးဘုန်းကြီးတွေနဲ့ ကျွန်တော့်ဇာတိ၊ ချင်းတွင်းမြစ်အနောက်ဖက်၊ ပုလဲမြို့နယ်၊ မင်းရွာက ရွာဦးကျောင်းကို ဦးလေးဘုန်းကြီးတွေဦးစီးပြီး ကျောင်းသစ်ဆောက်နေတယ်။ အလတ်ကိုယ်တော် ဦးစက္ကဆိုရင် ဦးဇင်းတွေ ကိုရင်တွေက ချောင်းဆိုးသံကြာတာနဲ့ ကြောက်ရတယ်။ စည်းကမ်းကြီးလွန်းလို့ပါ။
ကျွန်တော် နယူးဒေလီမှာနေစဉ်က ၂ဝဝ၇ နိုဝင်္ဘာလထဲ ဦးလေးဘုန်းကြီး သုံးပါးလုံး ဗုဒ္ဓဂါယာကို ဘုရားဖူးကြွလာလို့ (၁၇) နှစ်ကြာမှ ပြန်ဆုံကြရပါတယ်။ ဒေလီရှစ်လေးလုံးကျောင်းတိုက်မှာပဲ ဆွမ်းကပ်ရတယ်။ မပြန်ခင်မှာ ဦးသြဘာက့ မောင်တင့်ဆွေ၊ ငါ့လည်း သံဃာနာယကအဖွဲ့ထဲမှာပါနေရတယ်။ သူများတွေတော့ သိပ်ပြောမနေနဲ့ပေါ့ကွာလို့ မိန့်ပါတယ်။
ကျွန်တော့်အမျိုးက စည်းကမ်းနဲ့စာပဲတတ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၆

Comments
Post a Comment