Phaung Gyi ဖေါင်ကြီး
၁၉၇၃ ခုနှစ် ဆရာဝန်အလုပ်ရရခြင်း မုံရွာဆေးရုံကြီးမှာ တာဝန်ကျတယ်။ ကံကောင်းတာက ကျွန်တော်က မုံရွာသား။ ဇာတိဖြစ်တဲ့ ပုလဲမြို့နယ်၊ မင်းရွာကနေ ၅ နှစ်သားကတည်းက မုံရွာကိုရွှေ့နေခဲ့ရတယ်။ ကံမကောင်းတာက (မဆလ) ခေတ်မို့၊ စမ်းသပ်ခံဘဝတွေ ဒုနဲ့ဒေးထဲမှာ ဆရာဝန်ဖြစ်စတွေလည်းပါလို့ပါ။ အစိုးရမှာ ငွေမရှိတာလား၊ ရွှေဥာဏ်တော် စူးရောက်တာလား မသိပါ။ အလုပ်ဝင်ဝင်ချင်း ဆရာဝန်တချို့ကို (ဂျေအေအက်စ်) အငယ်တန်းဆရာဝန်ဆိုပြီးခန့်တယ်။ ထုံးစံက ဆရာဝန်ဖြစ်တာနဲ့ ဂေဇက်ဝင်အရာရှိ၊ ၄၅ဝ စကေး။ (ဂျေအေအက်စ်) က ၃၂ဝ စကေးပဲရတယ်။ တနှစ်တောင် မကြာပါ၊ အဲဒီစနစ်ကို ပြန်တည့်ပေးလိုက်ပြန်ရော။
မုံရွာမှာ တနှစ်ကျော်လေးသာတာဝန်ကျပေမဲ့၊ ဖေါင်ကြီးသင်တန်းဆိုတာကို (၄) လတိတိသွားတက်ရတယ်။ အဲဒီသင်တန်း မတက်ရင် အလုပ်မရတာတို့၊ ဘွဲ့လွန်မတက်ရတာတို့၊ နိုင်ငံခြားသွားစာမသင်ရတာတို့ လုပ်ထားတာကိုး။ အစိုးရဝန်ထမ်း မှန်သမျှ၊ အရာရှိရော-မရှိရော တက်ကြတဲ့ မဟာသင်တန်းကျောင်းကြီး ဖြစ်တယ်။ အဆင့်လိုက် သင်တန်း အမျိုးမျိုး ခွဲထားတာ။ ဆရာဝန်တွေတက်ရတာကို ဇေယျသင်တန်းခေါ်တယ်။ ကျွန်တော်တို့က ဇေကျ (၁၉) မှာ။ ဆယ်တန်း အတူအောင်ပြီး စက်မှုတက္ကသိုလ်ရောက်သွားတဲ့ သူငယ်ချင်းတွေလဲ ပြန်တွေ့ရတယ်။ သစ်တောဌာနအရာရှိတွေလည်း ပါတယ်။ သင်တန်းတခုကို လူ ၃ဝဝ ကျော်စီရှိတာ။ တပ်ရင်းတခုပုံစံပေါ့။
နိုင်ငံရေး-စစ်ရေး-အုပ်ချုပ်ရေး ရည်မှန်းချက်တွေနဲ့ ဖွင့်ထားတာပါ။ ပညာဆိုတာ ဘာမဆို အသုံးကျတာမို့ ကောင်းတယ်လို့ ပြောရင် သင့်တဲ့အကဲဖြတ်မှုဖြစ်မှာပါ။ ဘာသာတွေကလဲ မနည်းဘူး။ တခါမှမသိဘူးတဲ့ ပညာတွေပါတယ်။ စိုက်ပျိုးရေး-မွေးမြူရေးလည်း ပါသေးတယ်။ ရုံးသုံးပညာ၊ စာရင်းကိုင်-စာရင်းစစ်-တိုက်ပ်ရိုက်တာ၊ အတော်စုံပါတယ်။
စစ်ပညာသင်ရတာ ပင်ပန်းပေမဲ့ ပညာရတာကောင်းပါတယ်။ (ဒရေလ်) လို့ ခေါ်တဲ့ စစ်ရေးပြ မနက်တိုင်းလုပ်ကြရတယ်။ ဒါတောင် သင်တန်းဆင်းပွဲမှာကြ ဘယ်ခြေ-ညာလက် မလျှောက်နိုင်ခဲ့ဘူး။ လက်နက်ငယ်သင်တန်း၊ ညတိုက်ပွဲ၊ အခက်အခဲဖြတ်နည်း၊ တာတို-တာရှည် ခရီးချီတက်ခြင်း။ သင်တန်းသားတယောက်ကို ၃ဝ၃ ရိုင်ဖယ်ကျည် ၂ဝ တိတိပစ်ရတယ်။ ဂျီ-သရီးက ၅ တောင့်လားမသိဘူး။ အဲ့ အစားအသောက်ကတော့ နေ့တိုင်းပဲဟင်းပေါ့ဗျာ။ သူငယ်ချင်း ဆရာဝန်တယောက်ကတော့ ငါအိမ်ပြန်ရင် ပဲဟင်းကို ၄ လ တိတိ အချက်မခိုင်းတော့ဘူးတဲ့။
တက္ကသိုလ်ပြီးစ အလုပ်စဝင်ရချိန်ဖြစ်လို့ လူတိုင်းက ကျောင်းသားစိတ်အတိုင်းပါဘဲ။ လူဆိုတာ ရွယ်တူတွေစုဝေးကြရင် အသက်ကြီးလာလည်း ကျောင်းသားစိတ်ကမပျောက်ဘူး။ လွတ်လပ်တယ်။ စကြနောက်ကြတယ်။ ကျွန်တော်တို့အုပ်စုက ဆေးကျောင်းကအကျင့်တွေအတိုင်း လုပ်ကြတာပေါ့၊ တနင်္ဂနွေတရက်မှာ ဖေါင်ကြီးနားက ရွာတွေဆီသွားပြီး၊ ထန်းရည်ဝယ်၊ တပ်ထဲသွင်း၊ ကြက်သားကာလသားဟင်းချက်တာကို ဖြစ်အောင်လုပ်ကြသေးတယ်။
သင်တန်းတခုခုမှာဖြစ်ဖြစ်၊ အားကစားပွဲမှာဖြစ်ဖြစ်၊ လူတွေရဲ့မူလစရိုက်ပေါ်လာတယ်။ ကိုယ့်အတွက်ကိုသာ ကြည့်တဲ့သူ၊ သူများကိုကူညီချင်သူ၊ စည်းကမ်းကို ခပ်ပေါ့ပေါ့သဘောထားသူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ အနစ်နာခံနိုင်စိတ်၊ စတာတွေ အကုန်ပေါ်တယ်။ ကျွန်တော်က ဖေါင်ကြီးမှာ အိမ်သာကျင်းတူးဘို့ တာဝန်လည်းတာဝန်လို့ယူဆတယ်။ စစ်တပ်ဆိုတာ အမိန့်နာခံအောင် ပုံသွင်းတာမဟုတ်လား။ တပြည်လုံးဆိုတော့ ဆရာဝန်တွေလည်း ပုံအသွင်းခံရတာပေါ့။
ရီရမလို၊ ရွဲ့ရမလို၊ ကျွန်တော် အဲဒီဖေါင်ကြီးသင်တန်းမှာ ကြက်ခြေနီသင်တန်းအောင်လက်မှတ်ရခဲ့တယ်။ (မဆလ) ခေတ် ကုန်ခဲ့တာက (၂၈) နှစ်ရှိသွားပြီ။ ဖေါင်ကြီးက အခုမှခေတ်ကုန်တယ်။ ကျွန်တော်တို့လူမျိုးက အင်မတန်ရှေးရိုးစွဲတယ်။
Dr. တင့်ဆွေ
၂၄-၅-၂ဝ၁၆
Nay Myo Htet အထူးသင်တန်းတွေပဲ ရပ်နားလိုက်တာပါဆရာ။ အခြေခံပညာ/အဆင့်မြင့်ပညာ အထူးမွမ်းမံသင်တန်းတွေပဲ ပိတ်သိမ်းလိုက်တာပါ။ အထူးတွေက တလသင်တန်းတွေပါ။ ကျန်ပုံမှန်သင်တန်းတွေက ဆက်ဖွင့်ဦးမှာပါ။ ၂ဝ၁၇ မှာ အခု ၃ လသင်တန်းတွေက ၆ လတက်ရမှာပါ။ Diploma ပေးမှာပါ။ စစ်ရေးပြဘာသာရပ် မပါတော့ပါဘူး။ တက္ကသိုလ်ပုံစံမျိုးလုပ်မှာဖြစ်တဲ့အတွက် paperလည်းတင်ရပါမယ်။ Advanced Diploma ၉ လသင်တန်း၊ Master ၁ နှစ်သင်တန်းတွေလည်း ဖွင့်ပါမယ်ဆရာ။ အခုသင်ရိုးတွေဆွဲနေပါတယ်ဆရာခင်ဗျား။

Comments
Post a Comment